Wednesday, October 26, 2022

ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်အဖျက်သမားတွေကို အမြစ်ဖြတ်ချေမှုန်းကြပါစို့

ကိုရင်မောင်

မြန်မာနိုင်ငံတစ်ဝန်းက မိဘပြည်သူတွေဟာ ပွင့်လင်းရာသီ အားလပ်ရက်တွေရောက်တာနဲ့ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ အနားယူ အပန်းဖြေကြပါတယ်။ မိသားစုတွေ စိတ်လက် ကြည်သာ ပျော်ရွှင်ချမ်းမြေ့စေဖို့နဲ့ ကုသိုလ်တွေ မျှဝေရယူကြဖို့အတွက် မြန်မာပြည်အနှံ့ အနယ်နယ်အရပ်ရပ်က တန်ခိုးကြီးဘုရားတွေနဲ့ အပန်းဖြေစခန်းတွေဆီကို ခရီးထွက်လေ့ရှိကြပါတယ်။

 နိုင်ငံတစ်ဝန်းက ပြည်သူတွေနည်းတူ ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ မြို့တော်ကြီးနဲ့ အလှမ်းမကွာဝေးလှတဲ့ တန်ခိုးကြီးရှေးဟောင်းဘုရားတစ်ဆူ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကို နှစ်စဉ် သွားရောက်ဖူးမြော်လေ့ရှိကြပါတယ်။

သီတင်းကျွတ်ကာလ ယခုနှစ်ပွင့်လင်းရာသီ အားလပ်ရက်ဟာ ရန်ကုန်မြို့မှ အပန်းဖြေ၊ ဘုရားဖူး သွားရောက်ကြတဲ့ ပြည်သူတွေ ယခင်နှစ်တွေကထက် များပြားလွန်းတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့ မြို့ဝင်/မြို့ထွက် ရန်ကုန်-နေပြည်တော် အမြန်လမ်းတိုးဂိတ်မှာ အပန်းဖြေခရီးသွားတွေနဲ့ဘုရားဖူးယာဉ်တွေ များပြားလွန်းလို့ တသီတတန်း၊ တစ်ပုံတစ်ပင်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

အများပြည်သူတွေ အားလပ်ရက်မှာ ကိုယ်စိတ် နှစ်ပါးရွှင်လန်းစွာနဲ့ ခရီးထွက်ကြ၊ ကုသိုလ်ကောင်းမှု တွေ ပြုလုပ်ကြတာတွေကို မြင်တွေ့ရတော့ ခရီး မထွက်နိုင်တဲ့ မိမိတို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ မုဒိတာဖြစ်ရပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သတင်း ဆိုးတစ်ခုကို ကြားသိလိုက်ရတော့ကိုယ်စိတ်နှလုံး မချမ်းသာ များစွာစိတ်မကောင်းခြင်း ဖြစ်ရပါ
တယ်။

အကြောင်းမဲ့ပစ်ခတ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ ကျိုက်ထီးရိုးတောင် ဆံတော်ရှင်စေတီတော်မြတ် တောင်ခြေ ကင်မွန်းချောင်တောင်တက်ကားဂိတ်ကို အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက KNLA တပ်မဟာ(၁)နဲ့ NUG ၊ CRPH တို့ရဲ့လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဘုရားဖူးပြည်သူတွေကို အကြောင်းမဲ့ရက်စက်စွာ ပစ်ခတ်ခဲ့လို့ ဘုရားဖူးပြည်သူ သုံးဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဘုရားဖူးတွေကို တိုက်ခိုက်တယ်ဆိုတာ ဖြစ်နေကျ အကြမ်း ဖက်တိုက်ခိုက်မှုတွေထက် ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပါတယ်။ ကျိုက်ထီးရိုးဘုရားဖူး သမိုင်းတစ်လျှောက်မှာ ဖြစ်တောင့်ဖြစ်ခဲ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပါတယ်။

တစ်ချိန်က နယ်မြေမအေးချမ်းတဲ့ကာလမှာတောင် ကျိုက်ထီးရိုးဘုရားကို ပြည်သူတွေ ဖြောင့်ဖြောင့်တန်းတန်း ဘုရားဖူးနိုင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ဝန်းကျင်ကာလက ဘုရားဖူးတွေ ကျိုက်ထီးရိုးတောင်ပေါ်ကို ခြေကျင်တက် ဖူးမြော်ကြရပါတယ်။ တောင်ပေါ်တက်ဖို့ ရေမြောင်ကြီး တစ်ထောက်နားစခန်းမှာ သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တာကို မှတ်မိပါသေး တယ်။

ယခုနှစ်ပေါင်းများစွာကြာမှ လူရမ်းကား PDF နဲ့ အပေါင်းအပါတွေဟာ ဘာသာတရားနဲ့ဆိုင်တဲ့ နေရာကို လာရောက်တိုက်ခိုက်တာဟာ ယုတ်မာရက်စက်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ကျိုက်ထီးရိုးတောင်တော်မှာ တိုင်းရင်းသားပြည်သူတွေ ဝါကျွတ်ကာလ ဘုရားဖူးမြော်ကုသိုလ်ယူဖို့ စည်ကားစုရုံးနေချိန်မှာ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့တွေဟာ နံနက် ၁၀ နာရီ ၂၅ မိနစ်မှာ ဆောင်နိုင်ကြီးကျေးရွာဘက်မှ မော်တော်ယာဉ်တစ်စီးနဲ့ ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ ပစ်ခတ်ခဲ့ကာ ဆောင်နိုင်ကြီး ကျေးရွာဘက်ကို ပြန်လည်ထွက်ပြေးသွားကြပါတယ်။

သူရဲဘောကြောင်တဲ့လုပ်ရပ်

ထူးခြားတာတစ်ခုက အပြစ်မဲ့ဘုရားဖူးပြည်သူ တွေကို အကြောင်းမဲ့ရက်ရက်စက်စက် ပစ်ခတ် တိုက်ခိုက်တာကို သက်သေအထောက်အထားနဲ့ ပြည်သူတွေ မြင်တွေ့ခံစားနေရပါလျက်နဲ့ တပ်မတော်က ပစ်ခတ်လို့ဖြစ်ရတာပါလို့ ပြည်ပလက်ဝေခံ ပြည်ဖျက်မီဒီယာအချို့က အောက်တန်းကျစွာ မဟုတ်မမှန်သတင်းထုတ်လွှင့်တာကို တွေ့လိုက်ရပါ တယ်။

ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်တဲ့ ရက်စက်ယုတ်မာတဲ့လုပ်ရပ်ကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို အသံကောင်းလွှင့်တဲ့ ပြည်ပနိုင်ငံကြီးအချို့က နှုတ်ဆိတ်နေကြပါတယ်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ပြန်လည်ဖောက်သည်ချရမယ်ဆိုရင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ဂျမူးနဲ့ ကက်ရှ်မီးယားမှာ အိန္ဒိယဘုရားဖူးတွေကို အကြမ်း ဖက်သမားတွေက တိုက်ခိုက်လို့ အနောက်နိုင်ငံကြီး တစ်နိုင်ငံက စာထုတ်ပြီး ကန့်ကွက်ရှုတ်ချခဲ့တာကို လေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။

“ဂျမူးနဲ့ ကက်ရှ်မီးယားမှာ ဖြစ်ပွားခဲ့တဲ့ ဘုရား ဖူးတွေအပေါ် သူရဲဘောကြောင်စွာ အကြမ်းဖက် တိုက်ခိုက်မှုကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း၊ နစ်နာသူ မိသားစုများ၊ အိန္ဒိယလူမျိုးများနှင့် ထပ်တူဝမ်းနည်း ရပါကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့်ကို တိုက်ခိုက်မှုဟာ အခြေခံအကျဆုံး လွတ်လပ်ခွင့်ကို တိုက်ခိုက်မှု ပင်ဖြစ်ကြောင်း” အပြစ်တင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အလားတူဖြစ်ရပ်မှာတော့ အသံ နည်းနည်းတောင် ထွက်မလာတာဟာ အံ့သြစရာ ဖြစ်ပါတယ်။ ဘုရားဖူးတွေကို တိုက်ခိုက်တယ်ဆိုတာ သူရဲဘောကြောင်တဲ့ကိစ္စဖြစ်ပါတယ်။ အပြစ်မရှိတဲ့ မတုံ့ပြန်နိုင်တဲ့လူကို အလစ်အငိုက်ဝင်တိုက်တာဟာ သတ္တိမရှိတဲ့၊ သူရဲဘောကြောင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေနဲ့ တော်လှန်ရေး ခေါင်းစဉ်တပ်တာ ရှက်စရာကောင်းလှပါတယ်။

အလွန်ဆိုးရွားတဲ့လုပ်ရပ်

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ အခါကြီးရက်ကြီးမှာ သပိတ်မှောက်ဖို့ လှုံ့ဆော်တာ၊ ဆရာတော်သံဃာတော်တွေကို ပြစ်မှားစော်ကားတာ၊ သွေးမြေကျအောင် ပြုလုပ်တာတွေဟာ မြန်မာနိုင်ငံမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ အကယ်၍ ဒီလိုကိစ္စမျိုးကို တခြားဘာသာရေးဆိုင်ရာတွေမှာ ပြုလုပ်မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဘယ်လိုဖြစ်လာနိုင် တယ်ဆိုတာကို တွေးကြည့်နိုင်ပါတယ်။

ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ကို တိုက်ခိုက်တာဟာ ဗုဒ္ဓဘာသာဘုရားဖူးပြည်သူတွေကို ထိခိုက် ရုံသာမကပါဘူး။ ဘုရားနဲ့ဆက်နွှယ်ပြီး အလုပ်လုပ် နေတဲ့သူတွေ၊ ဘုရားဖူးတွေကို အကြောင်းပြုပြီး ရိုးသားစွာ မှီခိုအသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ဈေးရောင်းကြတဲ့ ပြည်သူတွေ၊ ဘုရားဖူး သယ်ယူပို့ဆောင်ရေးလုပ်ကိုင်နေကြတဲ့သူတွေ အားလုံး ထိခိုက်ကြတာဖြစ်လို့ အလွန်ဆိုးရွားတဲ့လုပ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါကြောင့် ဘာသာရေးဆိုင်ရာတွေ၊ ဘုရားဖူးတွေကို တိုက်ခိုက်တဲ့ ဘယ်လိုအကြမ်းဖက် တိုက်ခိုက်မှုတွေကိုမဆို အားလုံးကပြင်းထန်စွာ ကန့်ကွက်ရှုတ်ချဖို့ လိုအပ်ပါတယ်။ ကျိုက်ထီးရိုး ဘုရားဖူးတွေကို အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရသူတွေအတွက် စိတ်မကောင်းခြင်း ကြီးစွာဖြစ်ပြီးချိန်မှာ အလားတူနောက်ထပ် တိုက်ခိုက် မှုတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဖြစ်ပေါ်လာပြန်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့မှာ တီးတိန်မြို့မှ ကလေးမြို့သို့ ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်ကို အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းနဲ့ အကြောင်းမဲ့တိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါ အဝင် ခရီးသည်ခြောက်ဦး ထိခိုက်ဒဏ်ရာရခြင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာအတွင်းကို ဒရုန်းယာဉ်ပေါ်က လက်လုပ်ဗုံး ဖြုတ်ချခဲ့တာကြောင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရခြင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ပခုက္ကူမြို့နယ် ညောင်လှကျေးရွာ အနီးမှာ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်း ပေါက်ကွဲတာကြောင့် သံဃာတော် တစ်ပါး ပျံလွန်တော်မူပြီး နှစ်ပါးဒဏ်ရာရခြင်း ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

လူသားတံတိုင်းအသုံးချ

ဆိုးရွားတဲ့နောက်တစ်ခုက အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်မှာ အင်းစိန်ဗဟိုအကျဉ်းထောင် ဝင်/ ထွက်ဂိတ်ပေါက် အကျဉ်းသားတွေအတွက်ပေးပို့တဲ့ ပါဆယ်ထုပ်လက်ခံတဲ့ အဆောက်အအုံ အတွင်းမှာ ပါဆယ်မိုင်းပေါက်ကွဲတာကြောင့် အကျဉ်းထောင် ဝန်ထမ်းသုံးဦးနဲ့ ပါဆယ်လာပို့တဲ့ အကျဉ်းသားရဲ့မိသားစုဝင် ငါးဦးသေဆုံးခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းအပါအဝင် အကျဉ်းသားတွေရဲ့ မိသားစုဝင် ၁၈ ဦး မိုင်းထိမှန် ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်မှာ KKO ခွဲထွက်အဖွဲ့နဲ့ NUG ၊ CRPH အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် လူနေအိမ်၊ ရုံးအဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာတွေထဲ ဝင်ရောက်ပစ်ခတ်ခဲ့လို့ လက်ရှိအချိန်အထိ အပြစ်မဲ့ပြည်သူသုံးဦး သေဆုံး ခဲ့ပြီး စုစုပေါင်း ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဝန်ထမ်းရပ်ကွက်အတွင်း သာလွန်အင်အားနဲ့ ရောက်ရှိလာတဲ့ သောင်းကျန်းသူတွေဟာ ပြည်သူတွေနေထိုင်တဲ့ နေအိမ်တွေအတွင်းမှ ပြည်သူတွေနဲ့ နေအိမ်တွေကို အကာအကွယ်ယူပြီး လူသားတံတိုင်း အဖြစ် အသုံးချတိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ ပြည်သူတွေကို မထိခိုက်စေဖို့ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ရတာကြောင့် ညနေ ၃ နာရီ ခန့်မှ သောင်းကျန်းသူတွေ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။

ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို တပ်မတော်စစ်ကြောင်းတွေက လေကြောင်း၊ အမြောက်၊ သံချပ်ကာပစ်ကူတွေနဲ့ လိုက်လံချေမှုန်းလျက်ရှိတယ်လို့ သိရပါ တယ်။ KNU/KNLA တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်းတွေ၊ KKO ခွဲထွက်အဖွဲ့နဲ့ NUG ၊ CRPH ၊ PDF အကြမ်းဖက်သမားတွေ ပူးပေါင်းဆင်နွှဲတဲ့ မြို့ရွာလုံခြုံရေးတွေကို အလစ်အငိုက်တိုက်ခိုက်တဲ့ မဟာစစ်ဆင်ရေးကြီးဟာ ပြည်သူတွေရဲ့ အသေး စိတ် သတင်းပေးမှု၊ ပစ်ကူတွေရဲ့တိကျစွာဆောင်ရွက်နိုင်မှု၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရွပ်ရွပ်ချွံချွံ တုံ့ပြန် တိုက်ခိုက်နိုင်မှုတွေကြောင့် အကြမ်းဖက် သောင်းကျန်းသူတွေ ဖနောင့်နဲ့တင်ပါး တစ်သား တည်းကျအောင် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း အများသိကြတဲ့အတိုင်း ပြည်ဖျက်မီဒီယာတွေက ပြောင်းပြန်လှန်၊ လုပ်ကြံဖန်တီး၊ အခွင့်အရေးစောင့်နေကြသူတွေလည်း ရှိပါတယ်။

မိုက်မဲတဲ့အကြမ်းဖက်လုပ်ရပ်

NUG၊ CRPH နဲ့အပေါင်းပါ အကြမ်းဖက်အဖွဲ့တွေရဲ့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေကျေပျက်စီး အောင် ပြုလုပ်တာတွေကို သုံးသပ်ကြည့်ရင် ၎င်းတို့ရဲ့ရပ်တည်ချက်နဲ့ အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဝါကျွတ်ကာလ အားလပ်ရက်မှာ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ဘုရားကျောင်းကန်တွေ၊ အပန်းဖြေစခန်းတွေမှာ စည်ကားသိုက်မြိုက် အေးချမ်းပျော်ရွှင်စွာ အပန်းဖြေအနားယူကြ၊ ဘုရားဖူးမြော်ကုသိုလ် ကောင်းမှုပြုလုပ်ကြတာတွေကို မနာလိုမရှုဆိတ်ဖြစ်တာကြောင့် အောက်တန်းကျတဲ့ လုပ်ရပ်နဲ့ အဖျက်အမှောင့် အလုပ်တွေကို တိုးမြှင့် လုပ်ဆောင်လာတာဖြစ်ပါတယ်။

စစ်ရေးနဲ့မသက်ဆိုင်တဲ့ အများပြည်သူ အေးချမ်းစွာကုသိုလ်ယူကြတဲ့ သာသနာ့နယ်မြေ အတွင်းဝင်ရောက်ပြီး ရက်စက်စွာ အကြမ်းဖက် လုပ်ကြံတာတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ် ကျခံနေကြရတဲ့သူတွေနဲ့သက်ဆိုင်တဲ့ ပူဆွေး သောကရောက်နေတဲ့ မိသားစုဝင်တွေကို စာနာ ထောက်ထားခြင်းမရှိဘဲ အကြောင်းမဲ့ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်တာ၊ မြို့တွေ၊ ရွာတွေကို အလစ်အငိုက်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေကျေပျက်စီးအောင် လူသားတံတိုင်းလို ပြုလုပ်တာ စတဲ့လုပ်ရပ်တွေဟာ ရက်စက်မိုက်မဲတဲ့ အကြမ်းဖက်လုပ်ရပ်တွေသာ ဖြစ်ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက် အပြစ်မဲ့ပြည်သူတွေကို သေကျေဒဏ်ရာရအောင် ပြုလုပ်တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေအရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ရာရောက်တဲ့အတွက် အဆိုပါစစ်ရာဇဝတ်မှုတွေကို ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းရမှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနဲ့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာတုံ့ပြန်အရေးယူဆောင်ရွက်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ကို ထိရောက်စွာဆောင်ရွက်နေပြီဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း လုံခြုံစိတ်ချစွာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အေးချမ်းသာယာအောင် ဝိုင်းဝန်းကူညီဆောင် ရွက်ကြရမှာဖြစ်ပါတယ်။ ။

No comments:

Post a Comment