Wednesday, October 26, 2022

အဆိပ်မှိုင်းနှင့် အဆိပ်သင့်ဆဲ၊ အကြမ်းဖက်လမ်းစဉ်နှင့် အကြမ်းဖက်ဆဲ

မိုးမြင့်

အကြမ်းဖက်ဆိုတာက အကြမ်းဖက်ပါပဲ။ သူ့ ဇ နဲ့ သူပါ။ မပြောင်းလဲပါဘူး။ သတ်မယ်၊ ဖြတ်မယ်၊ ဖျက်ဆီးမယ်ပေါ့။ အကြမ်းဖက်သမားတွေရဲ့ မပြောင်းလဲတဲ့ မူဝါဒကိုယ်တိုင်က တတ်နိုင်သမျှ များများသတ်ဖို့ပါပဲ၊ များများ ပျက်စီးသွားစေဖို့ပါပဲ။ ယခုရက်ပိုင်းအတွင်း ပြည်တွင်းမှာ လူတွေအစုလိုက်၊ အပြုံလိုက် သေကျေဒဏ်ရာရဖို့ ရည်ရွယ်ပြီး အကြမ်းဖက်သတ်ဖြတ်ဗုံးခွဲ ချောင်းမြောင်းပစ်ခတ်မှုတွေ၊ မြို့ရွာတွေကို ၀င်ရောက်စီးနင်း ပစ်ခတ်တိုက်ခိုက်တာတွေ ခပ်စိတ်စိတ်တွေ့လာနေရပါတယ်။ ပြည်သူတွေအဓိက ထိခိုက်နိုင်တဲ့ နေရာတွေကိုမှ ရွေးချယ်ပစ်မှတ်ထားပြီး လုပ်ကြံဖောက်ခွဲမှုတွေလည်း များလာတာ တွေ့နေရပါတယ်။

ပစ်မှတ်ဖြစ်လာနေတဲ့ ပြည်သူတွေ

အကြမ်းဖက်တွေရဲ့ တိုင်းရင်းသားခေါင်းဆောင် ကြီးကိုယ်တိုင်က လာတော့မယ့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးပစ်မယ်လို့ ကြုံးဝါး ပြီးသားပါ။ ဒါကြောင့် ယခုလို အကြမ်းဖက်ဖောက်ခွဲ ပစ်ခတ်မှုတွေဟာ ရွေးကောက်ပွဲအကြို လူစုလူဝေးတွေ ဖြစ်မလာအောင်နဲ့ ရွေးကောက်ပွဲကြီး ဖြစ်မလာစေဖို့ ကြိုတင်ထိန်းချုပ်ဟန့်တား ခြောက်လှန့်တဲ့ သဘောဆောင်ပါတယ်။

နီနီ၊ စိမ်းစိမ်း သူ့ဘက်ကိုယ့်ဘက်မရွေး၊ မခွဲခြား ပြည်သူမှန်သမျှ အကုန်သတ်၊ ပြည်သူပိုင်၊ နိုင်ငံပိုင် ဥစ္စာပစ္စည်းမှန်သမျှ အကုန်ဖျက်ဆီးပစ်ကြမယ့် သဘောပါပဲ။ အကြောက်တရား သက်သက်နဲ့ ရွေးကောက်ပွဲကြီး မဖြစ်ပေါ်ဖို့က အကြမ်းဖက်သမား တွေအတွက် သေရေးရှင်ရေးတမျှ အခုအချိန်မှာ အရေးကြီးနေပါပြီ။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲပြီးလို့ ပြည်သူလိုလားတဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းလာတာနဲ့ အခုအကြမ်းဖက်နေတဲ့ လူသတ်သမားတွေ၊ အကြမ်းဖက်ခေါင်းဆောင်တွေ အားလုံး မြောင်းထဲရောက် ဘဝဆုံးမှာ သေချာနေလို့ ပါပဲ။ ဒါကြောင့် ဒီအချိန်မှာ စစ်ဘက်၊ အရပ်ဘက် လုံခြုံရေး ပစ်မှတ်တွေထက် အပြစ်မဲ့ပြည်သူတွေအတွက် ပိုပြီးအကြမ်းဖက်ဒဏ်သင့်ဖို့ရန် ပိုပိုများလာနေပါတယ်။ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့ပြီး လူစုလူဝေးထဲ မလာရဲအောင် ကြိုတင်စီမံတဲ့ အစီအစဉ်တွေထဲက တစ်စိတ် တစ်ပိုင်းအဖြစ် တွေ့မြင်ကြရပါလိမ့်မယ်။

ကမ္ဘာမှာ စက်ဆုပ်ဖွယ်ရာအကောင်းဆုံးသောတော်လှန်ရေး

ဘာသာရေးသာသနိက အဆောက်အအုံတွေ၊ ကျောင်းတွေကို မီးရှို့ဖျက်ဆီးရုံတင်မက အများပိုင် လမ်းတွေမှာ ဂိတ်ဖွင့်၊ ဆက်ကြေးကောက်၊ ဓားပြတိုက်၊ ပြည်သူတွေ အသွားအလာများတဲ့ နေရာတွေမှာ ဗုံးထောင်၊ မိဘပါမချန် စိတ်ထင်ရာ ဒလန်စွပ်စွဲပြီး သတ်ကြဖြတ်ကြနဲ့ သူတို့တော်လှန်ရေးက ဘာတော်လှန်ရေးပါလိမ့်...။ ကမ္ဘာပေါ်မှာ အော့နှလုံး နာစရာအကောင်းဆုံး တော်လှန်ရေးတစ်ခုအဖြစ်ပဲ အမှတ်ထင် ကျန်ရစ်ပါလိမ့်မယ်။

ပြောတော့ အာဏာရှင်ကို တော်လှန်တာဆိုပဲ၊ စစ်အစိုးရကို ဆန့်ကျင်တာတဲ့၊ ပြည်သူ့အစိုးရ ပေါ်ထွက်လာဖို့၊ ဒီမိုကရေစီကို မြတ်နိုးလို့ စတာတွေနဲ့ တော်လှန်ရေး လုပ်လာလိုက်ကြတာ မြင်လို့ကြားလို့မှ မကောင်း၊ ဘုန်းကြီးသံဃာလည်း ရွေးပြီးသတ်၊ ကျေးဇူးရှင် ကျောင်းဆရာ ဆရာမလည်းသတ်၊ ကလေးသူငယ် လူမမည်မချန် ကျောင်းသားလည်း သတ်၊ ဆင်းရဲချမ်းသာမရွေး ကွမ်းယာသည်မကျန် အကုန်သတ်ဖြတ်နေလေတော့ သူတို့တွေက အာဏာရှင်လား။

အာဏာရှင်နဲ့ဘာမှမဆိုင် သတ်နေဖြတ်နေကြလေတော့ မမှန်ကန်တဲ့ မူလရည်ရွယ်ချက်နဲ့အတူ အခုအချိန်မှာတော့ အလွဲကြီးလွဲနေတဲ့ အနေအထား တစ်ရပ်ဆီသာ ရှေးရှုလာနေပါပြီ။ နေရာမရွေး၊ အချိန်မရွေး ဘုရားကျောင်းကန် စေတီပုထိုးတွေကိုလည်း ရက်စက်ယုတ်မာစွာ ပစ်ခတ်ဖျက်ဆီးကြတယ်။ မိုင်းဆွဲတိုက်ခိုက်ကြတယ်။ ဗုဒ္ဓဘာသာဝင်တို့ အမွန်အမြတ် တန်ဖိုးထားတဲ့ ဘာသာရေးပွဲတော်ကာလ အကြမ်းဖက်တွေပစ်ခတ်လို့ ဘုရားဖူး ဗုဒ္ဓဘာသာဝင်တွေ အသက်ဆုံးရှုံးကြရတယ်။ (လတ်တလော ကျိုက်ထီးရိုးဘုရားဖူးများ အကြမ်း ဖက်ပစ်ခတ်ခံရမှုဖြစ်စဉ်) ယနေ့အချိန်အခါမှာတော့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာတန်ဖိုးတွေကို ဖျက်ဆီးနေသူတွေရဲ့ အကြမ်းဖက်တော်လှန်ရေးကြီးကို ပြည်သူအားလုံးနီးပါးက စိတ်ပျက်ငြီးငွေ့ ရွံ့မုန်းလာကြ၊ ရှုတ်ချလာကြပြီလည်း ဖြစ်ပါတယ်။

မြို့ရွာပျက်စီးရေး အကြံဆိုးများနဲ့အတူ

အကြမ်းဖက်တွေကြောင့် မူလပုံမှန်ငြိမ်သက် တည်ငြိမ်နေတဲ့ဒေသတွေမှာ မအေးချမ်းနိုင်ဘဲ မတည်မငြိမ် ဖြစ်လာနေပါတယ်။ မဟာဗျူဟာ လမ်းမကြီးတွေ မြို့တွေအထိ အကြမ်းဖက် အန္တရာယ်က ခြိမ်းခြောက်လာနေပါတယ်။ အကြမ်းဖက်စစ်ရှိန်မြှင့်တဲ့ သဘောနဲ့အတူ နိုင်ငံရေး စစ်ရေးနဲ့ဘာမှမသက်ဆိုင်တဲ့ ဘာသာရေးပစ်မှတ်တွေ၊ ပြည်သူတွေ သွားလာလှုပ်ရှားနေထိုင်တဲ့နေရာတွေမှာ ပြည်သူကိုသာ အဓိကရွေးချယ် ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်လာခြင်းဟာ အဓိကက ပြည်သူတွေကို အကြောက်တရားနဲ့ ကျီးလန့်စာစား ဖြစ်အောင် ရည်ရွယ်ခြင်းပါပဲ။

လတ်တလောဖြစ်ခဲ့တဲ့ ကော့ကရိတ်ဖြစ်စဉ်ကို ပဲ ကြည့်ပါ။ KNU / KNLA ၊ KKO ခွဲထွက်နဲ့ PDF အကြမ်းဖက်တွေဟာ မြို့ပတ်ပတ်လည်က တပ်စခန်းတွေကို အဓိက ဦးတည်တိုက်ခိုက်တာ မဟုတ်ဘဲ အရပ်သားပြည်သူတွေရှိတဲ့ မြို့ထဲနဲ့ ရွာတွေကိုစီးနင်း၊ လူနေအိမ်ခြေ၊ ဘာသာရေး အဆောက်အအုံတွေမှာ အခြေပြု၊ ပြည်သူကို ဓားစာခံ လူသားဒိုင်းကာပြီး တိုက်ကွက်ဖော်၊ အရပ်သားတွေသေကျေထိခိုက်ရင် စစ်ရာဇဝတ် မြောက်တယ် အော်ကြဦးမယ်၊ တပ်မတော်က ပြန်တိုက်ခိုက်လို့ ဆုတ်ခွာထွက်ပြေးရင် ဆုတ်လမ်း တစ်လျှောက်ကရွာတွေကို မီးရှို့မယ်၊ လမ်းတံတားတွေ မိုင်းခွဲဖျက်ဆီးခဲ့မယ်၊ ပြီးရင် နိုင်ငံတကာဆီက အလှူငွေချူမယ်၊ ဒါက သူတို့အကြမ်းဖက်တွေရဲ့ လုပ်နေကျ အလေ့အထတွေပါပဲ။

ကရင်လူမျိုးတွေအများဆုံးရှိတဲ့ မြို့ရွာတွေကို ကရင်အကြမ်းဖက်က တိုက်ခိုက်တော့ ရလဒ်က ဘာဖြစ်မလဲ၊ ပြည်သူတွေ ထိခိုက်သေဆုံးရတယ်၊ အရပ်သားတွေရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်ယူပေးနေရတဲ့ ဝန်ထမ်းတွေပဲ သေကျေဒဏ်ရာရကြတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ကရင်ဒုက္ခသည်အရေအတွက် တိုးလာတယ်၊ ယာယီစစ်ဘေးရှောင် အရေအတွက်များသထက် များလာခြင်းဟာ ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အရေအတွက်အထိ သက်ရောက်နိုင်မယ့် အခြေအနေကို အကြမ်းဖက်သူပုန်တွေ မှန်းဆထားတာ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကရင်ပြည်နယ်မှာ KNU က ဆောက်လုပ်၊ ဖောက်လုပ်ထားတဲ့ အဆောက်အအုံ၊ လမ်းတံတားမြင်ဖူးချင်လို့ တစ်ခုတလေမှ မရှိပေမယ့် ကရင်ပြည်နယ်နဲ့ ကရင်လူမျိုး တွေအတွက် နိုင်ငံတော်အစိုးရ အဆက်ဆက်က ဆောက်လုပ်ပေးထားတဲ့ အခြေခံအဆောက်အဦ မှန်သရွေ့တော့ နေ့စဉ်ဖျက်ဆီးနေကြတာပါပဲ။

ဆင်ခြင်သုံးသပ်မှု လုံးဝမရှိတဲ့ အကြမ်းဖက်

အဓိက ရည်မှန်းချက်က ကိုယ့်ဒေသ ကိုယ့်နယ်မြေနဲ့ နိုင်ငံမတည်မငြိမ်ဖြစ်ပြီး အလုံးစုံ ပျက်စီး ရေးနဲ့ ရွေးကောက်ပွဲလမ်းစဉ်ကို ဖျက်ဆီးရေးဆိုတာပါပဲ။ ရွေးကောက်ပွဲမဖြစ်အောင် အကြံအစည်နဲ့ လုပ်ပေမယ့် လုပ်နည်းလုပ်ဟန်တွေက ဦးနှောက်မပါဘူး၊ ရူးရူးနှမ်းနှမ်းအဆင့်နဲ့ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုဟာ အပြစ်မဲ့ပြည်သူကို ထိခိုက်သလား၊ လုံခြုံရေးအဖွဲ့တွေကိုပဲ ထိခိုက်သလား၊ ကိုယ့်ဘက်တော်သား ဒါမှမဟုတ် ကိုယ့်လိုတော်လှန်သူတွေရဲ့ မိဘဆွေမျိုးတွေကို မတော်တဆထိခိုက်နိုင်သလား စသည်ဖြင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းအား မရှိလောက် အောင်ပါပဲ။ သေချာပါတယ်။

ဒီလိုစဉ်းစားဉာဏ်မရှိ၊ မလုပ်သင့်၊ မလုပ်အပ်ရာကို လုပ်တာဟာ တစ်ခုခုနှိုးဆော်မှုမရှိဘဲ၊ မသုံးဘဲနဲ့တော့ မဖြစ်နိုင်ပါဘူး။ မသုံးရမနေနိုင်တဲ့အဆင့် ရောက်နေတဲ့ မူးယစ်စိတ်ကြွဆေးဝါးတွေကြောင့် သော်လည်းကောင်း၊ စရန်သပ်ပြီးသား ငွေကြေး ကြောင့်သော်လည်းကောင်း၊ နောက်ထပ်အကြမ်း ဖက်အားပေး အလှူရှင်တွေဆီက ငွေချူစား၊ တောင်းစားကောင်းရုံ အတွက်သော်လည်းကောင်း တစ်ခုခုပါပဲ။ တကယ်တော့ အကြမ်းဖက် တွေရဲ့ လုပ်ရပ်နဲ့ အပြောကအားလုံးကို လိမ်နေတာချည်းပဲလို့သာ ယူဆရမှာဖြစ်တယ်။

ဒီလို လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို ကြက်ကလေး၊ ငှက်ကလေးလို သတ်နေကြလို့ သူတို့အကြမ်းဖက်တွေရဲ့ဆန္ဒ ပြည့်ဝသွားကြပြီလား မသိရပေမယ့် မြန်မာနိုင်ငံရဲ့ အကြမ်းဖက်ဖြစ်စဉ်တွေမှာ အကြမ်းဖက်တွေလက်ချက်နဲ့ နိုင်ငံဝန်ထမ်းတွေ လုံခြုံရေးတွေ သေကျေကြရသလို အကြမ်းဖက် သမားတွေ ကိုယ်တိုင် သို့မဟုတ် သူတို့ရဲ့ အမေတွေ၊ အဖေတွေ၊ ကိုယ့်လို ကိုယ့်ရဲ့ဘက်တော်သား တော်လှန်ရေးသမားဆိုသူတွေရဲ့မိဘတွေကို သတ်မိပြီး ကိုယ့်ကြောင့် သေကြ၊ ကျေကြတာ မြင်ရကြားရလေတော့ အကြမ်းဖက်သမားတွေရဲ့ ဆန္ဒတွေ တကယ်ပြည့်ဝသွားပြီလား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်၊ သူတို့ကိုယ်တိုင်ထုတ်ရမယ့် မေးခွန်း ပါ။ (အင်းစိန်ထောင်ဝ အကြမ်းဖက်ပါဆယ်ထုပ်ဖြင့် ဖောက်ခွဲမှုဖြစ်စဉ်)

တာဝန်ယူ၊ တာဝန်ခံမှုမရှိတဲ့ အကြမ်းဖက်များ

အကြမ်းဖက်ဖြစ်စဉ်တွေရဲ့ ရည်ရွယ်ချက်ဟာ အုပ်ချုပ်ရေးယန္တရား မတည်ငြိမ်ပျက်ပြားဖို့နဲ့ လူငယ်တွေရဲ့ အနာဂတ်နဲ့ နိုင်ငံအနာဂတ်ပျက်စီးစေဖို့၊ နိုင်ငံရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေးကို အကြမ်းဖက်ဖျက်ဆီးဖို့အပြင် တစ်ခုသတိထားမိတဲ့အချက်က အခုနောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်တွေဟာ အမျိုး ဘာသာ၊ သာသနာကို တိုက်ရိုက်တိုက်ခိုက်ထိပါး စော်ကားတဲ့ ဘုရား၊ တရား၊ သံဃာ၊ ဘာသာတရားကို ရှင်းလင်းသုတ်သင်မယ့် အကြမ်းဖက်မှုတွေလို့ ယူဆစရာအကြောင်းတွေကိုလည်း တွေ့လာနေရ ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေမှာ ထူးခြားချက်တချို့က တစ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကို အခြားအကြမ်းဖက်အဖွဲ့အစည်းတွေ ကိုယ်တိုင်က တစ်ခါတစ်ရံ ရှုတ်ချပြလေ့ရှိခြင်းပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ရင်တော့ အကြွားတစ်လုံးနဲ့ အားရဝမ်းသာ ဇောင်းကြွလေ့ရှိပြီး ပြည်သူတွေ သို့မဟုတ် သူတို့ဘက်တော်သားတွေထဲက ထိခိုက်သွားရင်တော့ ဖြစ်ပြီးခါမှ တို့လုပ်တာ မဟုတ်ဘူးဆိုပြီး ပျာပျာသလဲ ပြစ်တင်ရှုတ်ချရ တာနဲ့၊ အကြမ်းဖက်လုပ်ငန်းအတွက် ထောက်ပံ့မှုတွေ ရပ်တန့်ရတာနဲ့၊ သူတို့ အချင်းချင်းဖုံးရ၊ ဖိရ၊ ဖာရထေးရတာနဲ့၊ ရှေ့ကဖုံး နောက်ကပေါ် ရှုပ်ယှက်ကို ခတ်နေတာပါပဲ။ NUG က အစိုးရလို့သာ အမည်ခံတယ်၊ ဘယ်သူက ဘယ်သူ့ကို တာဝန်ယူ တာဝန်ခံမှန်းမသိ၊ ရိုးသားမှုမရှိ ၊ တာဝန်ယူ တာဝန် ခံမှုမရှိတဲ့ သဘောကို မြန်မာပြည်က အကြမ်းဖက် ဖြစ်စဉ်တွေမှာ မမြင်ချင်မှအဆုံး ကြားသိနေရခြင်းဟာ တကယ်ကို စိတ်မချမ်းသာစရာပါ။

အကုသိုလ်အကျိုးပေး မလွဲမသွေ ကြုံကြရလိမ့်မည်

ဘာပဲပြောပြော အကြမ်းဖက်ဖြစ်စဉ်အားလုံးရဲ့ တရားခံဟာ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ နိုင်ငံရေး အစွန်းရောက်တွေကြောင့်ပဲဆိုတာ သိသာထင်ရှားလာပါပြီ။ သူတို့ ရည်မှန်းချက်အတွက် ဘူမသိ၊ ကိုးမသိ အကြမ်းဖက် အရိုင်းအစိုင်းတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတဲ့ ယနေ့လူငယ်တွေအတွက်လည်း ဝမ်းနည်းနှမြောစရာ ကောင်းလှပါတယ်။

ဒီလို ယုတ်မာသူတွေကြောင့် ယနေ့တိုင်းရင်း သားပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေဟာ ပိုပြီး ဆုတ်ယုတ်သွားနေရတယ်။ ဒီမိုကရေစီလမ်းကြောင်းဟာလည်း ဝေးသထက် ဝေးလာနိုင်တယ်ဆိုတာ ပြည်သူစစ်စစ်တွေကတော့ သိသိကြီးနဲ့ စိုးရိမ်နေကြရပါပြီ။ ဒီကြားထဲမှာမှ တပ်မတော်အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအာမခံချက်ပေးနိုင်မယ့် တစ်ခုတည်းသော လမ်းပြမြေပုံသည်သာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေအတွက် အားကိုးယုံကြည်ဖွယ်ရာအဖြစ် မှတ်ယူရန်သာရှိပါ တော့တယ်လို့ ဆိုချင်ပါတယ်။

အကြမ်းဖက်သမားတွေကို ပြောချင်တာ တစ်ခုရှိပါတယ်။ လူတိုင်းဟာ အသက်ဆုံးရှုံးရမှာ ကြောက်ကြတဲ့သူချည်းပါပဲ။ မိမိကို အပ်နဲ့ထိုးခံရရင်တောင် ခံနိုင်ကြတာ မဟုတ်ပါဘူး၊ ကိုယ့်အသက်ကိုယ် နှမြောကြသူချည်းပါပဲ။ လူတိုင်း ကိုယ့်ကိုယ်ကိုယ် အသတ်ခံရမှာ ကြောက်ကြမှာပါ။ ကိုယ်ချင်းစာကြည့်ပါ၊ မိမိကို သူများသတ်တာ မကြိုက်ရင် ကိုယ်လည်းသူများ အသက်ကို လွယ်လွယ်ကူကူ မသတ်ဖြတ်သင့် ကြပါဘူး။

အကုသိုလ်အလုပ်တွေ ထပ်ပြီးမလုပ်မိအောင် မေတ္တာတရားကြီးကြီးနဲ့ တရားသဘောလေး ပြောပြချင်ပေမယ့် အားလုံးက အဆိပ်မှိုင်းမိနေကြလေတော့ ဘယ်လိုပြောပြော ဒီအချိန်မှာတော့ လွတ်လမ်း၊ ကျွတ်လမ်းလည်း မှုန်ဝါးဝါးဖြစ်နေမှာပါပဲ။ မိုက်ရိုင်းမှုတွေကြားမှာ ဆုံးမစကားတွေ ဆိုလည်း ဘယ်လိုမှ ခံယူလွယ်တော့မှာ မဟုတ်ပါဘူး။ တံလျှပ်ကိုရေထင်ပြီး လက်နက်အားကိုးနဲ့ မကောင်းတာကို အကောင်းထင်လုပ်လာကြလေတော့ လူသတ်ရာမှာတောင် တစ်ဦးမက၊ နှစ်ဦးသုံးဦးမက အစုအပြုံလိုက် သတ်ရရင်တောင် ဝန်မလေး၊ ပျော်မွေ့နှစ်သက်သူတွေ ဖြစ်လာကြပါတယ်၊၊ ဒီအခြင်းအရာတွေ အားလုံးဟာ အကြမ်းဖက်သမားတွေအတွက်တော့ နိဂုံးရဲ့အစ မလွဲမသွေဖြစ်ရပါလိမ့်မယ်။ အကုသိုလ်ကံတွေ အကျိုးပေးချိန်တန်ပြီဆိုရင်တော့ ကြုံရမယ့်အရာ ခပ်သိမ်းမှန်သမျှဟာ အဆိုးတွေချည်းပဲဖြစ်မှာ မလွဲပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ မြန်မာနိုင်ငံရဲ့ သမိုင်းမှာတော့ ဘုရားသားတော်တွေကို သတ်ဖြတ်တဲ့ အကြမ်းဖက် ဖြစ်စဉ်တွေ၊ ပညာရေး ဆရာ ဆရာမတွေကို သတ်တဲ့အကြမ်းဖက်ဖြစ်စဉ်တွေ ကျွန်တော်တို့ခေတ်မှာ တကယ်ရှိခဲ့၊ ဖြစ်ခဲ့ကြောင်း နောင်လာမယ့် မျိုးဆက်တွေကတော့ နောင်တစ်ချိန်မှာ ယုံတမ်းသဖွယ် ပြောနေကြမှာ သေချာပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ ဘက်တစ်ဖက်က စည်းရုံးရေး နည်းလမ်းပေါင်းစုံနဲ့ အချိန်ယူ ဖြားယောင်းသွေးဆောင်လိုက်ရင် သိမ်းသွင်းခံရဖို့ များတဲ့အထဲမှာ ပါပါတယ်။

ကိုယ်မှားမှန်းသိတဲ့အချိန် တစ်ဖက်သားရဲ့ လှည့်ကွက်ထဲမှာ အမိခံနေရပါပြီ။ တစ်ဖက်က နားလှည့်ပါးရိုက်စိတ်နဲ့ အကြမ်းဖက်စေခိုင်းသူတွေရဲ့ ဆွဲဆောင်သိမ်းသွင်းမှုအောက်မှာ သတင်းမှားတွေနဲ့အတူ အမှားအမှန်ခွဲခြား သုံးသပ်ဆင်ခြင်နိုင်စွမ်း နည်းပါးပြီး နားဝေတိမ်တောင်ဖြစ်နေသူတွေအတွက်တော့ ဓမ္မနဲ့အဓမ္မအကြား ပြတ်သားဖို့ ခက်နေဦး မှာပါပဲ။ အလင်းပျောက်ပြီး အမှောင်ဖုံးနေသူတွေ အတွက်လည်း သူများမျက်ရည်ကျမှ၊ သူများ ထမင်းအိုးကွဲမှ၊ စိတ်ဆင်းရဲမှ နေပျော်သေပျော်တဲ့ဘဝကို မစုံမက်ကြပါနဲ့တော့။ စဉ်းစဉ်းစားစားနဲ့ ရပ်တန်းက ရပ်ကြရန်သာ အလေးထားတိုက်တွန်း လိုပါတယ်။

အကျပ်အတည်းကြားမှာတော့ အားလုံးက ရုန်းကန်ကြရမှာပါပဲ။ ပြည်သူတွေ ထိခိုက်မှု နည်းသထက်နည်းအောင် လုပ်နိုင်တာနဲ့အမျှ နိုင်ငံတော်အစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကလည်း တိုးသထက်တိုးလာမှာ အသေအချာပါပဲ။ ပြည်သူ လူထုအနေနဲ့လည်း ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသ တည်ငြိမ်ရေး၊ နိုင်ငံအေးချမ်းသာယာရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ အပြည့်အဝ ပူးပေါင်းပြီး ပြည်သူပါဝင်တဲ့ အကြမ်းဖက် တိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်နေပါကြောင်း ကိုသာ အလေးထား တင်ပြရေးသားလိုက်ရပါတယ်။ ။

No comments:

Post a Comment