Saturday, August 6, 2022

နိုင်ငံတကာတွင် လူပြောများနေသည့် အကြမ်းဖက်သမား လေးယောက်ကို ၎င်းတို့နှင့်ထိုက်သင့်သည့် အပြစ်ဒဏ်ဘာကြောင့်ပေးရသလဲ

 

မောင်မျိုးအောင်(ပန်းဧရာ)

နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ဗုံးပေါက်ကွဲမှုသတင်းများ၊ အကြမ်းဖက်ခံရမှုသတင်းများကို တီဗွီ၊ သတင်းစာ၊ ဂျာနယ်၊ အင်တာနက် စာမျက်နှာများထက် တွင် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ ထိုကဲ့သို့သော အမင်္ဂလာသတင်းမျိုးကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသောကြောင့် သတင်းဖတ်သူတို့အဖို့ မထူးဆန်းတော့သည့် သတင်းအား ကြားရသည့်နှယ် ဖြစ်နေကောင်းဖြစ်နေပေမည်။ သို့သော် လက်တွေ့မြေပြင်တွင် အမှန်တကယ် အကြမ်းဖက်ခံရသူများ၏ အသက်အန္တရာယ်နှင့် နောက်ကွယ်က မိသားစုဘဝတို့သည် များစွာပေးဆပ်နေကြရသည်။ ခြိမ်းခြောက်ခံနေရသည်။ စိုးရွံ့ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခံစားနေရသည်။


ကမ္ဘာပေါ်တွင်ရှိသည့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို မည်သည့်အကြမ်းဖက်မှုကိုမျှ လိုလားမည်မဟုတ်ပေ။ မိမိနေထိုင်သည့် တိုင်းပြည်တွင် ငြိမ်းငြိမ်းချမ်းချမ်းသာ နေလိုကြ၏။ နိုင်ငံတစ်နိုင်ငံသည် မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ တိုင်းပြည်အေးချမ်းမှုရှိမှသာ နိုင်ငံတိုးတက်မှုရှိမည်ဖြစ်ပေသည်။ တည်ငြိမ်အေးချမ်းမှုရှိမှသာ တရားဥပဒေစိုးမိုးမှုရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နယ်စပ်ဒေသပါမကျန် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းပေါ်သို့တွန်းပို့

ယနေ့ မြန်မာနိုင်ငံအတွင်းနိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာခဲ့ရသည့် အကြောင်းတရားကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသာမက ကမ္ဘာတစ်ဝန်းကလည်းသိပြီး ဖြစ်ပါသည်။ မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းသည် အသင့်လျော်ဆုံးဖြစ်ပါသည်။ ထိုအကြောင်းအရာကို မျက်ကွယ်ပြု၍ နိုင်ငံရေးအစွန်းရောက်သူများက အကြမ်းဖက်နည်းဖြင့် ဖြေရှင်းပြီး နိုင်ငံတော်အလုံးစုံ ပျက်သုဉ်းရေး လမ်းကြောင်းပေါ်သို့ တွန်းပို့ခဲ့ကြသည်။

မူလက သာမန်ဆန္ဒဖော်ထုတ်ရုံ မျှသာရှိခဲ့ရာမှ အစွန်းရောက်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် နိုင်ငံအတွင်းရှိ မြို့ရွာများ၌ ဆန္ဒပြသူ(Protester)အဖြစ်မှ အကြမ်းဖက်(Terrorist)အဖြစ်သို့ ပြောင်းလဲသွားကြ၏။ “ဒီမိုကရေစီ ရရှိရေး” မှ “အာဏာရှင်စနစ်ကျဆုံးရေး”  ဟူသော အကြောင်းအရာသို့လည်းကောင်း၊ ၎င်းမှ “နိုင်ငံအလုံးစုံပျက်သုဉ်းရေး” ဟူသော ဦးတည်ချက်သို့လည်းကောင်း ဦးတည်လာကြသည်။ အဆိုပါဖြစ်စဉ်တို့သည် ပြည်သူလူထုအ တွက် ရှေးရှုချက်အဖြစ်ကြွေးကြော်သံများတွင်ပင် မပါဝင်ခဲ့ဘဲလူတစ်စု၏ ကိုယ်ကျိုးစီးပွားနှင့် တစ်ပါတီကောင်းစားရေးကိုအခြေပြုသည့် နိုင်ငံရေးအန်တုမှုအပေါ်ကနေ ဖြစ်တည်လာခဲ့ခြင်း ပင်ဖြစ်သည်။



CDM လုပ်ဆောင်မှုကိုအားယူကာ အစိုးရကိုဖြုတ်ချရန်ဆောင်ရွက်

အကြမ်းဖက်မှုများ၏အစအဖြစ် Social Punishment ခေါ် ၎င်းတို့နှင့် သဘောထားမတူသူ အပြစ်မဲ့ပြည်သူလူထုအား လူကြားထဲတွင် လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းအရှက်ခွဲကာ CDM လုပ်ဆောင်ချက်အားစတင်ပုံဖော်ခဲ့သည်။ CDM လုပ်ဆောင်မှုကို အားတစ်ခုအဖြစ်ရယူကာ ပြည်ပအင်အားစုတို့နှင့် ပြည်တွင်းပုဆိန်ရိုးတို့ပူးပေါင်းလှုံ့ဆော်ကာ အစိုးရကိုဖြုတ်ချရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အစိုးရ၏လုပ်ဆောင်ချက်အပေါ် စိတ်ဓာတ်ယိမ်းယိုင်သံသယဖြစ်အောင် လုပ်ဆောင်ရာမှအစပြု၍ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအကြား ပြည်ထောင်စုပြိုကွဲပြီး သွေးချောင်းစီးတိုက်ပွဲများ ဖြစ်လာသည်အထိ ရည်ရွယ်ကာ နိုင်ငံအတွက် ဆိုးရွားသည့်လုပ်ငန်းစဉ်များအား လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့သော လုပ်ငန်းစဉ်ဖန်တီးကြသူများမှာ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့နှင့် နိုင်ငံရေးအစွန်းရောက်များ ပါဝင်ဖွဲ့စည်းထားသည့် မတရားအသင်းအဖြစ်ကြေညာထားခြင်းခံရ သော CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်း အားလုံးပင်ဖြစ်သည်။

ထိုအဖွဲ့အစည်းတို့သည် မြန်မာနိုင်ငံရှိ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ အဖြစ်ပုဂ္ဂလိကနှင့်ပြည်သူပိုင်ပစ္စည်းများကို ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရေး ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အဖွဲ့မှ ပါဝင်ကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ်အပေါ်တရားရုံးမှ ၎င်းတို့၏လုပ်ရပ်နှင့်အညီ တရားဥပဒေကြောင်းအရ ရာဇဝတ်မှုတစ်ခုအတွက် သင့်လျော်ရာပြစ်ဒဏ်ကို စီရင်ချက်ချကာ ပြစ်ဒဏ်တစ်မျိုးမျိုး ပေးကြရသည်။

မကြာသေးမီက မတရားအသင်းနှင့်ဆက်သွယ်၍ နိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး ရေးနှင့် တရားမဝင်လက်နက်ကိုင်လူသတ်မှုများ ကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ်တစ်စုအပေါ် တရားရုံးမှ ထိုက်သင့်သည့်ပြစ်ဒဏ် စီရင်ချက်ချမှတ်ခဲ့မှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံအချို့ နှင့် ကုလသမဂ္ဂတို့က တာဝန်မဲ့ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။ လူ့အခွင့်အရေး အကြောင်းပြပြီးရှုတ်ချခဲ့ကြ၏။ ပြစ်မှုကျူးလွန်သူများကို ဒီမိုကရေစီသူရဲကောင်းဟု တံဆိပ်ကပ်၏။ ပြစ်ဒဏ်နှင့်ထိုက်သင့်သည့် ပြစ်ဒဏ်စီရင်မှုအပေါ် အမျိုးမျိုး ဝေဖန်ကန့်ကွက် လာကြသည်။ လူ့အသက်ကို တန်ဖိုးမထားသော လုပ်ရပ်များကို မျက်ကွယ်ပြုချင်ကြ၏။ ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ မိသားစုဝင်များသာ ထိုကဲ့သော အကြမ်းဖက်မှုမျိုးနှင့် ကြုံတွေ့ခဲ့ရလျှင် အဆိုပါထုတ်ပြန်ချက်များ ထုတ်ပြန်နေဦးမည်လားဟု မေးမြန်းရမည်သာဖြစ် ၏။ အခြားတစ်ဖက်တွင် ဒီမိုကရေစီအရေးလှုပ်ရှားပါသည်။ တပ်မတော်က နိုင်ငံ၏အာဏာကို ရယူသဖြင့် တွန်းလှန်ရပါသည်ဟု ဆိုရုံမျှဖြင့် လူသတ်ဖြတ်ခြင်း၊ မိုင်းဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို တရားလက်လွှတ်လုပ်ခွင့်ရှိသည်လားဟု မေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လက်ရှိအစိုးရ အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပ်နှင်းထားသည့် အခွင့် အာဏာများကို အပြည့်အဝကျင့်သုံးပိုင်ခွင့်ရှိပါသည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် လူမျိုး၊ ကိုးကွယ်သည့်ဘာသာနှင့် ကျား/မ မခွဲခြားဘဲ တန်းတူညီမျှအခွင့်အရေးရရှိခံစားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ တရားဥပဒေများအား လေးစားလိုက်နာရမည်ဖြစ်သကဲ့သို့ တည်ဆဲဥပဒေများအရ နိုင်ငံသားတိုင်း၏ အခြေခံ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးထားကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

ပြစ်မှုထင်ရှားစွာစစ်ဆေးတွေ့ရှိ ထိုက်တန်သည့်စီရင်ချက်ချမှတ်

နိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံကျူးလွန်ထားသော ပြစ်ဒဏ်သင့်အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပိုဒ်၄၉ (က)၊၅၀ (ဈ) နှင့် ၅၀ (ည)တို့အား ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားစွာ စစ်ဆေးတွေ့ရှိရသည့်အတွက် တရားရုံးက ၎င်းတို့နှင့်ထိုက်တန်သည့် စီရင်ချက်ချမှတ်ခဲ့ခြင်းသာဖြစ်ပါသည်။ ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုတို့အတွက် ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ လွတ်လပ်၍ နိုင်ငံသားတိုင်းအတွက် သာတူညီမျှဖြစ်ပါသည်။ ခေတ်စကားအရဆိုရလျှင် အစိမ်း၊ အနီ၊ အပြာ၊ အဝါ မခွဲခြားထား။ လူမျိုးစုကိုသော် လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုကိုသော်လည်း ကောင်းခွဲခြားကန့်သတ်ခြင်း၊ အခွင့် အရေးပေးခြင်းမရှိသည်ကို သတိချပ်သင့်ပါသည်။

အကြမ်းဖက်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံရသူများဖြစ်သည့် မောင်ကျော် (ခ)ဖြိုးဇေယျာသော်နှင့် ဂျင်မီ (ခ)ကျော်မင်းယုတို့သည် အစိုးရဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် သဘောထားမတိုက်ဆိုင်သည့် နိုင်ငံရေးပါတီများအပါအဝင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ရန်နှင့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ရန်အတွက် ပေါက်ကွဲအားမြင့်မားသည့် ဖောက်ခွဲရေးပစ္စည်းများနှင့် သေစေနိုင်သည့်လက်နက်များ ကိုနောက်ကွယ်မှ ပံ့ပိုးပေးခဲ့သည့် ကြိုးကိုင်စီစဉ်ညွှန်ကြားသူ များဖြစ်ပါသည်။

အောက်ဆီဂျင်အိုးများအတွင်း လက်နက်/ ခဲယမ်းများသယ်ဆောင်

ထိုသို့နှယ် အကြမ်းဖက်သတ်ဖြတ် မှု၊ဖောက်ခွဲတိုက်ခိုက်မှုများအတွက် လက်နက်/ခဲယမ်းများ သယ်ယူမှုစနစ်တွင်ပင် ၎င်းတို့၏စိတ်စေတနာအား သိသာနိုင်ပါသည်။ ကိုဗစ်တတိယလှိုင်း ကာလဆိုလျှင် အများမြင်သာမည်ထင်သည်။ မမျှော်မှန်းနိုင်သည့် အခြေအနေတွင် အောက်ဆီဂျင်အခက်အခဲက ကြီးမားလာသည်။ လိုအပ်သည့် အောက်ဆီဂျင်အတွက် နိုင်ငံတော်မှနည်းမျိုးစုံ ကြိုးစားမှုများအပြင် အရပ်သားပြည်သူများကိုပါ အောက်ဆီဂျင် ဝယ်ယူတင်သွင်း ခွင့်ကိုခွင့်ပြုခဲ့သည်။ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် ကြိုးစားနေ သည်ဟူသော သတင်းများရထားသည့်တိုင် ပြည်သူများ အဆင်ပြေပါစေတော့ ဟူတော့ စေတနာစိတ်ဖြင့် အောက်ဆီဂျင်နှင့် ဆေးပစ္စည်းများတင်သွင်းပါက စစ်ဆေးမှုကို ကင်းလွှတ်ခွင့်ပြုပေးခဲ့သည်။ နိုင်ငံတော်မှ စေတနာမှန်ခဲ့သည့် တိုင်အကြမ်းဖက်သမားများ အတွက်တော့ ခွင်ဖြစ်ခဲ့သည်မှာ ပြည်သူတို့အတွက် ဒုက္ခများစွာဖြစ်ခဲ့သည်။ ပြည်သူများ အသက်ရှည်စွာအနာမဲ့စေရေး နိုင်ငံတော်အစိုးရ၏ စေတနာကို အကြမ်းဖက်သမားများက အရောင်ဆိုးသည်။ ဆေးနှင့်ဆေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများအတွင်း လက်နက်/ခဲယမ်း များကို ကွယ်ဝှက်သယ်ဆောင်ကြသည်။ ပြည်သူမသေစေလိုသောစေတနာကို ပြည်သူသေစေမည့် ဝေဒနာများဖြစ်လာမည့် လက်နက်/ခဲယမ်းများဖြင့် တိုင်းပြည်နှင့် ပြည်သူကို ဒုက္ခဝေစေခဲ့သည်။ ဤသို့ပြုမူမှုကို မည်သည့်နိုင်ငံ၊ မည်သည့်ဒေသတွင် လူ့ကျင့်ဝတ်အရ၊ ဥပဒေအရ ခွင့်လွှတ်သင့်သည်ဟု ပြဆိုထားပါသနည်းဟုမေးပါက အဖြေရှိမည် မဟုတ်ပေ။

အကြမ်းဖက်မှုပြစ်ဒဏ်ကျူးလွန်ခဲ့သည့် ကျော်မင်းယု(ခ)ဂျင်မီ၏ ပြစ်ဒဏ်ကျူးလွန်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းသည် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထု ဆက်ဆံရေးတာဝန်ခံ၊အကြမ်းဖက် အဖွဲ့အစည်းဖြစ်သောCRPH/NUG၏ နိုင်ငံရေးနှင့် လုံခြုံရေးအကြံပေးသူဖြစ်သည်။ ၎င်း၏ လူသိများသည့် အခွင့်အရေးအားအသုံးချ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် အကြောင်းရှိသည့် ရေးသားချက်၊ ပြောဆိုချက်များ ကို Social မီဒီယာများ၊ လူမှုကွန်ရက်များကို အသုံးပြုလုပ်ဆောင်ခဲ့မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် တရားရုံးမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရာကြီးအမှတ်(၂၆)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေနှင့် အညီ လူဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပြီးဖြစ်သည့် တရားခံပြေးတစ်ဦးဖြစ်ပါသည်။

လက်နက်ကိုင်တိုက်ခိုက်ရန်နှင့် လုပ်ကြံသတ်ဖြတ်ခြင်းလုပ်ငန်းများဆောင်ရွက်

ကျော်မင်းယု (ခ) ဂျင်မီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဆူပူဆန္ဒပြလှုပ်ရှား မှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေး သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ဧပြီလ ၂ ရက်တွင် ဇနီးဖြစ်သူ နီလာသိန်း နှင့်အတူ ထိုင်းနိုင်ငံမဲဆောက်သို့ သွားရောက်တိမ်းရှောင်ခဲ့ပြီး ဖောက်ခွဲဖျက်ဆီးရန်၊ လက်နက်ကိုင်တိုက်ခိုက်ရန်နှင့် လုပ်ကြံသတ်ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် Moon Light Operation အဖွဲ့အား စတင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအဖွဲ့တွင် ဖြိုးဇေယျာသော် Yangon Urban Guerilla-YUG အဖွဲ့နှင့် ရန်ကုန်တိုင်း PDF အဖွဲ့များပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ စာသင်ကျောင်း စသည့် စစ်ရေးနှင့်မဆိုင်သည့် ပစ်မှတ်များအား ပစ်မှတ်ထားတိုက်ခိုက်မည့် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ်အား ၂၀၂၁ ခုနှစ်၊ မေလတွင်စတင် အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည်။ သူတို့၏ စတင်ဖွဲ့စည်းစဉ်ရည်ရွယ်ချက်၊ ဦးတည် ပစ်မှတ်ထားတိုက်ခိုက်မည့် ပစ်မှတ်များကို သတိပြုမိပါသလော။ စောကြောမိပါသလော။ အမေးလွယ်သကဲ့သို့အဖြေလည်း ခက်မည်မဟုတ်ပါ။

ထိုသို့သော မဟာအကြမ်းဖက်လုပ်ရပ်များအတွက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUGမှD-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခု ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ပြီး Mission-1 ၊ Mission-2 နှင့် Mission-3 တို့အား အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အနီးကပ်ကြပ်မတ်လုပ်ဆောင်ခဲ့သည်။ ဆက်လက်လုပ်ဆောင်မည့် Mission-4၊ Mission-5၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား မြို့နယ် ၆ မြို့နယ်တွင် ကြီးမား သည့် ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုအဖြစ် ပေါင်းစပ်ဆောင်ရွက်ရန် ရည်မှန်းထားပြီး လုပ်ဆောင်စဉ်၎င်း၏နေအိမ်၌ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံ သတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် သေနတ် ၁၇ လက်အပါအဝင် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ထိုသို့ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအား အနီးကပ် စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG/CRPH တို့နှင့် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှားကျူး လွန်ခဲ့သည့် တရားခံ ကျော်မင်းယု(ခ)ဂျင်မီအားတရားရုံးက ၎င်းနှင့်ထိုက်သင့်သည့်ပြစ်ဒဏ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သေဒဏ်ထိုက်သင့်သည့် ပြစ်ဒဏ်များအတွက် မထိုက်သင့်ဟုယူဆသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း နှင့် ကြေညာချက်ထုတ်ပြန်သည့်ရုံးအဖွဲ့အစည်းများကို ထုတ်လိုသည့်မေးခွန်းမှာ ထိုကဲ့သို့ အကြမ်းဖက်၍ သတ်ဖြတ်ခံရသူများထဲတွင် သင့်မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းများပါဝင်ပါက မည်သို့သဘောဆောင်၍ ကန့်ကွက်လိုပါသနည်း။ ၎င်းအကြမ်း ဖက်သမားများက အကြမ်းဖက်မှု နှင့်လူသတ်မှုများ ထပ်မံလုပ်ဆောင်ရန် အကြံအစည်များလည်းရှိသေးသည်ဆိုလျှင် ဒီမိုကရေစီအတွက်လုပ်တာပဲ။ လက်ခံရမည်လို့ခံယူထားပါသလား . . . . . ၊ သူ့နေရာမှာ ကိုယ်သာဆိုလျှင်ဆိုသော ကိုယ်ချင်းစာစိတ်အပြည့်နှင့် ဖြေကြည့်စေလိုပါသည်။

NUG အမည်ခံ အကြမ်းဖက်အဖွဲ့အစည်း စေခိုင်းချက်အရ အကြမ်းဖက်ဆောင်ရွက်

၎င်းအပြင် NUG အမည်ခံအကြမ်းဖက်အဖွဲ့အစည်း၏ စေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် NLD လွှတ်တော်အမတ်ဟောင်း မောင်ကျော်(ခ)ဖြိုးဇေယျာသော်သည် ၂၀၀၈ ခုနှစ်တွင် နိုင်ငံခြားငွေကိုင်ဆောင်မှု၊ တရားမဝင်အသင်းအဖွဲ့ပုဒ်မ ၆/၈၈ တို့ဖြင့် စုစုပေါင်းထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၁ ခုနှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့် ကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သူတစ်ဦး ဖြစ်ပါသည်။

ဖြိုးဇေယျာသော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်မှစပြီး ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီလနောက်ဆုံးပတ်ရောက်ချိန်တွင် အစိုးရကို လုံးဝအုပ်ချုပ်၍ မရအောင်၊ နည်းလမ်းပေါင်းစုံနှင့်တိုက်ခိုက်ရန်၊ အနှောင့်အယှက်ပေးရန်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဆူပူဆန္ဒပြမှုများဖြစ်စေရန် ဦးစီးဆောင်ရွက်ခဲ့သည်။ စစ်ရေးရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များ ချိတ်ဆက်ရေး NUG အမည်ခံအကြမ်းဖက်အဖွဲ့အစည်းနှင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သည်။ CRPH အမည်ခံအကြမ်းဖက်အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ရေး အကောင်အထည်ဖော်ရန်ကွန်ရက်များ အားကောင်းလာအောင် ဆောင်ရွက်ရန် Plan ပေါင်းများစွာအား ချမှတ်ဆောင်ရွက်ခဲ့သည်။ နယ်မြေထိန်းတိုက်ပွဲများဆင်နွှဲသည့်အခါ EAO များမှ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေနှင့် တိုက်ပေးမည်ဆိုသည့် Plan များလည်း ပါရှိသည်။

Zoom Meeting လုပ်၍ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးပစ်မှတ်များတိုက်ခိုက်

ဖြိုးဇေယျာသော်သည် Teams များ အများအပြားဖွဲ့စည်းပြီး Phase များ တဖြည်းဖြည်း အဆင့်မြှင့်တင်လုပ်ဆောင်ခဲ့ပါသည်။ Missionများ အောင်မြင်စွာလုပ်ဆောင်နိုင်ရန် လက်နက်တိုက်၊ SaveHouse၊ WithoutsCars ၊ OperationCost စသည်များအား ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ Mission တစ်ခုလုပ်ပြီး ခိုအောင်းရန်နေရာအထိပင် အသေးစိတ် ဆောင်ရွက်ခဲ့ပြီး စစ်ရေးစီမံချက်များချခဲ့သည်။ နိုဝင်ဘာလ ၄ ရက်တွင် Zoom Meeting လုပ်၍ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပစ်မှတ်များအား အလုံးစုံပစ်ခတ်တိုက်ခိုက်ရန် စီစဉ် လုပ်ဆောင်လာခဲ့သည်။ Mission များ လုပ်သည့်နေရာ၌ ဖြိုးဇေယျာသော်သည် ကိုယ်တိုင်ပါဝင်စီစဉ်ခြင်းနှင့် လမ်းညွှန်ချမှတ်ပေးခြင်းများကိုပါ လုပ်ဆောင်ခဲ့သည်။

ဖြိုးဇေယျာသော်ဦးစီးသည့် အကြမ်းဖက် ၂၀ ဖွဲ့သည် ပြည်သူပိုင်အဆောက်အဦများကို ဗုံးထောင်ဖောက်ခွဲမှု အကြိမ်ရေ ၃၀ ခန့်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအစိုးရရုံးများအား ဗုံးထောင်ဖောက်ခွဲမှု ၃၂ ကြိမ်ခန့်၊ လျှပ်စစ်နှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့၌ ၉ ကြိမ်ခန့်နှင့် CCTV ထိန်းချုပ်ရေးစနစ်များကို ၅ ကြိမ်၊ အများပြည်သူပိုင်နေရာများ၌ ဗုံးဖောက်ခွဲမှုအကြိမ်ပေါင်း ၆၀ ခန့် ကျူးလွန်လုပ်ဆောင်ခဲ့ပြီး အပြစ်မဲ့ပြည်သူအများအပြား သေကျေထိခိုက် ဒဏ်ရာရရှိစေခဲ့ပါသည်။ ထို့အပြင် သာသနိကအဆောက်အဦများအနီး တွင် ၂ ကြိမ်ခန့်နှင့် စာသင်ကျောင်းများ၌ ၃ ကြိမ် စုစုပေါင်း ၁၆၂ ကြိမ်၊ လက်နက်/ခဲယမ်းများ ထုတ်ပေး၍ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု ၂၈ ကြိမ် ကျူးလွန်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး၊ အပြစ်မဲ့ ပြည်သူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment