ခင်ရတနာ
မြန်မာနိုင်ငံ၏ပထမဆုံးနှင့် အကြီးဆုံးသော သီလဝါအထူးစီးပွားရေးဇုန်၌ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်ထားကြောင်း သီလဝါအထူးစီးပွားရေးဇုန်မှ သိရှိရပါသည်။ “သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အခြားနေရာတွေနဲ့ ကွာခြားမှုကို မြင်တွေ့ခံစားရမယ်။ ထူးထူးခြားခြားကို မတူညီတဲ့ အရသာခံစားရမယ်” ဟု သီလဝါအထူးစီးပွားရေးဇုန်၏ စီမံခန့်ခွဲမှုကော်မတီက ကြေညာထားသည်။ သီလဝါအထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့စွန်၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်လည်ပတ်ခဲ့သည်။ စနစ်တကျတည် ဆောက်ထားသည့် အခြေခံအဆောက်အအုံများနှင့် ကောင်းမွန်ပြီးပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို သီလဝါအထူးစီးပွားရေးဇုန်၌ မြင်တွေ့ရသည်။
မြန်မာနိုင်ငံ၏အထူးစီးပွားရေးဇုန်များ
ကီလိုမီတာ ၂၈၀၀ (၁၇၅၉ မိုင်) ခန့် ရှည်လျား
သည့်မြန်မာကမ်းရိုးတန်းကြောင့် ဒေသတွင်း ကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်းမှအလွယ်တကူဝင်ရောက်နိုင်သဖြင့်
တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှအကြားကုန်သွယ်မှုပေါင်းကူး တံတားဖြစ်လာရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည်။ ထို့ပြင်သယံဇာတကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ သတ္တု၊
သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်၊ သစ်အခြေခံထွက်ကုန်စသည်ဖြင့် သဘာဝအရင်းအမြစ်ကောင်းများနှင့်ပြည့်စုံလျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အထူးစီးပွားရေးဇုန်များ
တည်ဆောက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်နှင့် အထူးစီးပွားရေးဇုန်များ
အောင်မြင်လာစေရန် အထူးဦးစားပေးဆောင်ရွက်လျက်ရှိသည်။
ပထဝီသဘောတရားအရ မဟာဗျူဟာကျသည့် အရှေ့တောင်အာရှ
ကုန်ထုတ်လုပ်မှုအခြေခံနှင့် သယ်ယူပို့ဆောင်ရေးအချက်အချာနေရာသစ်ဖြစ်လာရန် အခွင့်အလမ်းများစွာရှိသည့်
ဒေသသုံးခု တွင် အထူးစီးပွားရေးဇုန်များကို ဖော်ဆောင်ထားပြီးဖြစ်သည်။ ယင်းတို့မှာ သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် တို့ဖြစ်ကြသည်။
အထူးစီးပွားရေးဇုန် အများစုတွင် ရေနက်ဆိပ်ကမ်း၊အခြေခံအဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေးအတွက်
အဓိကလမ်းမကြီးများ ချိတ်ဆက်ဖောက်လုပ်ထားသည်။ အထူးစီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံသူများအတွက်အခွင့်အလမ်းများကိုပေးသည့်အပြင်
ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်းရရှိစေသည့် နေရာများ ဖြစ်ကြသည်။
သီလဝါအထူးစီးပွားရေးဇုန်
သီလဝါအထူးစီးပွားရေးဇုန်သည် စီးပွားရေး
မြို့တော် ရန်ကုန်မြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီး ၂၃ ကီလိုမီတာခန့် ကျယ်ဝန်းသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စတင်တည် ဆောက်ခဲ့ပြီး နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီအခြေခံအဆောက်အအုံများကို
ဖြည့်တင်းပေးထားသည်။ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီအထူးစီးပွားရေးဇုန်ဖြစ်ပြီး မြန်မာ-ဂျပန်
သီလဝါဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်အဖြစ် မြန်မာ၊ ဂျပန် အစိုးရများ၊ မြန်မာနှင့်
ဂျပန်ပုဂ္ဂလိကကုမ္ပဏီများက အကျိုးတူ ပူးပေါင်းဖော်ဆောင်ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးသန်လျင်-ကျောက်တန်းတွင်
တည်ရှိ၍ပြည်တွင်းပြည်ပမှ ရထား၊ လေကြောင်း၊ မော်တော်ကား၊သင်္ဘော စသည်တို့ဖြင့်လာရောက်နိုင်သကဲ့သို့
အာဆီယံ အဝေးပြေးလမ်းကွန်ရက် (AHN) နှင့်လည်း ချိတ်ဆက်ထားသည်။ Myanmar
International Terminals Thilawa (MITT) ဆိပ်ကမ်းသည်လည်း သီလဝါ အထူးစီးပွားရေးဇုန်အနီးတွင်
တည်ရှိသည်။ ထို့အတူသီလဝါမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့လည်း ကီလိုမီတာ ၃၀ ခန့်သာ
ကွာဝေးသည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသည်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲပေးခြင်းနှင့်ရင်းနှီးမြှုပ်နှံမှုရရှိရေးအတွက်ကူညီ
ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းရရှိစေရေး အကောင်အထည်ဖော်ပေးခြင်း၊
အခြေခံအဆောက်အအုံများဖြည့်တင်းပေးခြင်း၊ ဝန်ဆောင်မှုများပေးအပ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေများ စောင့်ကြည့်အကဲဖြတ်ပေးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာဆောင်ရွက်ချက်များ
ကြည့်ရှုအကဲဖြတ်ခြင်းစသည့် လုပ်ငန်းများကိုတာဝန်ယူထားသည်။
OneStop
Service Center ၌ ဝန်ဆောင်မှုပေး
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည်
မြန်မာနိုင်ငံအထူးစီးပွားရေးဇုန် ဥပဒေအရOneStop Service Center (OSSC) ကိုတည်ထောင်ခဲ့ပြီး
လိုအပ်သော ဝန်ဆောင်မှုများနှင့် ခွင့်ပြုချက်အားလုံးကိုတစ်နေရာတည်းရယူနိုင်ရန် ကုမ္ပဏီမှတ်ပုံတင်ရေး၊
အဆောက်အအုံ ဆောက်လုပ်ရေးနှင့်မီးဘေးအန္တရာယ် ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး
(ECPP ၊ IEE နှင့် EIA)၊ အခွန်ကိစ္စရပ်များ၊ အလုပ်အကိုင် မှတ်ပုံတင်ခြင်း၊ VISA နှင့်
လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ၊ အကောက်ခွန်လုပ်ငန်းများ၊စက်ရုံလည်ပတ်မှု လိုအပ်ချက်
စသည့် သက်ဆိုင်ရာအစိုးရဌာန ၁၂ ခု ပူးပေါင်းကာ အမြန်ဆုံးသောဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။
ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးအကျိုးအမြတ်များစွာကို
ပေးစွမ်းနိုင်မည့် သီလဝါအထူး စီးပွားရေးဇုန်၌ ဂျပန်၊ ကိုရီးယား၊ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း
၊တရုတ်၊ ယူအေအီး၊မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဩစတြီးယား၊ ဆွစ်ဇာလန်၊
ယူနိုက်တက်ကင်းဒမ်း၊ ပနားမား၊ ပြင်သစ် အစရှိသည့် နိုင်ငံများမှ စီးပွားရေး လုပ်ငန်း
ရှင်များနှင့် ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှစီးပွား ရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံလျက်ရှိ
သည်။
The commercial and residential ဧရိယာများ၌
လူနေအိမ်များ၊ ကွန်ဒိုများ၊ ရုံးခန်းနှင့် လူနေတိုက် ခန်းများ၊ ဘဏ်များ၊ ဈေးဝယ်စင်တာများ၊
ကျန်းမာ ရေးစင်တာများ၊ ဟိုတယ်၊ ကျောင်း၊ အပန်းဖြေစင်တာများ၊ စိမ်းလန်းသောနေရာများနှင့်အလုပ်
သမားအဆောင်များ တည်ဆောက်ထားသည်။ ထို့ကြောင့်ရင်းနှီးမြှုပ်နှံသူများနှင့် အလုပ်သမားများသည်
သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ လွယ်လင့်တကူသက်သောင့်သက်သာ နေထိုင်လုပ်ကိုင်နိုင်မည်
ဖြစ်ပါသည်။
အခြားစီးပွားရေးဇုန်များထက် အားသာချက်များတွင်
Excellent One Stop Service Center၊ ကုန်သွယ်ရေကြောင်းပို့ဆောင်ရေးလွယ်ကူမှု၊ ပြည့်စုံသည့်လူနေမှုဘဝရရှိမှု၊
အောင်မြင်သော စက်ရုံအလုပ်ရုံများ တည်ဆောက်နိုင်မှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ
လိုက်နာရမည့်ကျင့် ဝတ်များနှင့်လျော်ညီမှု၊ ထုတ်လုပ်မှုစွမ်းရည်မြင့်မားမှု စသည်တို့ကိုလည်း
ခံစားရရှိစေမည် ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံသူများအတွက်
အကျိုးကျေးဇူးများ
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ကင်းလွတ်ဇုန်၊
လုပ်ငန်းမြှင့်တင်ရေးဇုန်နှင့် အခြားဇုန်များ ပါဝင်သည်။ အထူးစီးပွားရေးဇုန်ဥပဒေ (၂ဝ၁၄)အရ
ကင်းလွတ်ဇုန်ကို နိုင်ငံပြင်ပတွင် တည်ရှိသကဲ့သို့ ယူဆရမည်ဖြစ်သည်။ ကင်းလွတ်ဇုန်သည်
အဓိကအားဖြင့် ပြည်ပတင်ပို့သည့် စျေးကွက်ကို အဓိကထားပြီး ယင်းဇုန်တွင် ကုန်ထုတ်လုပ်မှုနယ်မြေ၊
သယ်ယူထောက်ပံ့ရေး လုပ်ငန်းများနေရာနှင့် လက်ကားရောင်းဝယ်ဖောက်ကားသည့်နေရာများ ပါဝင်သည်။
SEZ အတွင်းမှ ကုန်စည်များနှင့်ဇုန် အတွင်းတင်သွင်းသော ကုန်စည်တို့အတွက် အကောက်ခွန်နှင့်
အခြားအခွန်ကင်းလွတ်ခွင့်များရရှိနိုင်သည်။ လုပ်ငန်းမြှင့်တင်ရေးဇုန်သည် အဓိကအားဖြင့်
ပြည်တွင်းစျေးကွက်နှင့် အထူးစီးပွားရေးဇုန်များအတွင်းရှိ စျေးကွက်ပေါ်တွင် အခြေခံထား
သည်။ အဆိုပါဇုန်၌ ကုန်ထုတ်လုပ်မှု၊ အိမ်ရာများ၊ ကုန်တိုက်များ၊ ဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများ၊
ကျောင်းများ၊ ဆေးရုံများနှင့် အပန်းဖြေနားနေရာများကဲ့သို့သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။
လုပ်ငန်းမြှင့်တင်ရေးဇုန်များတွင် ပထမငါးနှစ်အတွက်
ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ ငါးနှစ် ကျော်လွန် ပြီးနောက်ငါးနှစ်အတွက်တည်ဆဲဥပဒေအရ သတ်မှတ်သည့်
ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်ရရှိပြီး ၁ဝ နှစ်ကျော်လွန်ပြီးနောက်
နောက်ထပ်ငါးနှစ်အတွက် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်းလုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံပါက
ထိုမြတ်စွန်းအ ပေါ်တည်ဆဲဥပဒေအရ သတ်မှတ်ထားသည့် င်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း
သက်သာမည် ဖြစ်သည်။
ပထမငါးနှစ်၌ ထုတ်လုပ်ရေးအတွက် အသုံးပြုသည့်
စက်ပစ္စည်းကိရိယာများနှင့် အရန်ပစ္စည်း များ၊ စက်ရုံ၊ သိုလှောင်ရုံ၊ ကိုယ်ပိုင်ရုံးခန်းတို့
တည်ဆောက်ရန် ဆောက်လုပ်ရေးပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများ
ကင်းလွတ်သည်။ ထိုအရင်း အမြစ်တို့အတွက် နောင်ငါးနှစ်အတွင်း အကောက်ခွန်နှင့် အခြားအခွန်စည်းကြပ်ခြင်းများမှ
၅ဝ ရာခိုင်နှုန်းသက်သာမည်ဖြစ်သည်။ ထိုတင်သွင်းသောပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ကုန်ချောပစ္စည်းများကို
ပြည်ပသို့ဖြစ်စေ၊ ကင်းလွတ်ဇုန်အတွင်းသို့ဖြစ်စေတင်ပို့ ပါကပစ္စည်းများ တင်သွင်းသည့်အချိန်က
ပေးဆောင်ခဲ့ရသည့် အကောက်ခွန်နှင့် အခြားအခွန် အခများကို ပြန်လည်ထုတ်ပေးရန် လျှောက်ထားနိုင်သည်။
အထူးစီးပွားရေးဇုန် ဥပဒေတွင် ကုန်သွယ်ခွန်နှင့် တန်ဖိုးဖြည့်အခွန်တို့အား ၎င်းအခွန်များ
သက်သာခွင့်ပေးသည့်ကာလအတွင်း ကင်းလွတ်ခွင့်ခံစားနိုင်ကြောင်း သိရှိရသည်။
ကင်းလွတ်ဇုန်များတွင်ရင်းနှီးမြှုပ်နှံပါက
အနည်းဆုံးပမာဏ USD 750000 နှင့်အထက် ရင်းနှီးမြှုပ်နှံနိုင်ပြီး ပထမခုနစ်နှစ်အတွက်
ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် ကျော်လွန်ပြီးနောက် နောက်ထပ်ငါးနှစ်အတွက် တည်ဆဲဥပဒေအရသတ်မှတ်သည့်
ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင် နှုန်း သက်သာခွင့်ရမည်ဖြစ်သည်။ ၁၂ နှစ်ကျော်လွန်ပြီး
နောက်ငါးနှစ်အတွက် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်းတွင်ပြန်လည် ရင်းနှီးမြှုပ်နှံပါက
ထိုမြတ်စွန်းငွေအပေါ် တည်ဆဲဥပဒေအရ သတ်မှတ်ထားသည့် ဝင်ငွေခွန်နှုန်းထား ၏ ၅ဝ ရာခိုင်နှုန်း
သက်သာခွင့်ရရှိမည်ဖြစ်သည်။
ကုန်သွယ်ခွန်နှင့် တန်ဖိုးဖြည့် အခွန်ကင်းလွတ်
ခွင့်ရရှိကာ ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် အရန်ပစ္စည်းများ၊
စက်ရုံများ၊ သိုလှောင်ရုံများနှင့် ကိုယ်ပိုင် ရုံးခန်းများကဲ့သို့သော အဆောက်အအုံများ
တည်ဆောက်ရန် ဆောက်လုပ်ရေးပစ္စည်းနှင့် မော်တော်ယာဉ်များ တင်သွင်းရာတွင် အကောက်ခွန်နှင့်အခြား
အခွန်အခများ ကင်းလွတ် မည်ဖြစ်ပြီး အခြားအခွန်ကင်းလွတ်ခွင့်များစွာကိုလည်း မြင်တွေ့ရသည်။
တာဝန်ယူမှု၊
တာဝန်ခံမှုရှိသည့်စီးပွားရေးဇုန်
သီလဝါ အထူးစီးပွားရေးဇုန်သည် ကုန်ထုတ်ဇုန်အတွက်သာမက
စီမံကိန်းများ အောင်မြင်ရန်နှင့် ရေရှည်လုပ်ငန်းဆောင်တာများအောင်မြင်ရန်အတွက် ဒေသခံပြည်သူများနှင့်
အဆင်ပြေမှုရရှိရန် လည်း ကြိုးပမ်းလျက်ရှိသည်။ ဒေသခံများ၏ စိုးရိမ်ပူပန်မှုများကို အချိန်နှင့်တစ်ပြေးညီ
သိရှိနားလည်ပြီး တုံ့ပြန်ပေးနိုင်ရန်အတွက် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ
(TSMC) နှင့် MJTD တို့သည်နိုင်ငံတကာစံချိန်မီ သီလဝါတိုင်ကြားစာ စီမံခန့်ခွဲမှုလုပ်ထုံးလုပ်
နည်း (TCMP) ကို ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိခိုက်နစ်နာသူ တစ်ဦးချင်းစီနှင့်
ရပ်ရွာလူထုမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး TSEZ ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သည့်မေးခွန်းများသို့မဟုတ်
စိုးရိမ်ပူပန်မှုများကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းများ
သီလဝါ အထူးစီးပွားရေးဇုန်၌ လက်ရှိတွင်
ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၂ဘီလီယံရှိပြီး နိုင်ငံဒေသပေါင်း
၂၀ မှ လာရောက်လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။ ကဏ္ဍအ လိုက် ရင်းနှီးမြှုပ်နှံမှု အရေအတွက်မှာ
၁၂၂ ခု ခန့်ရှိကြောင်း ၂၀၂၂ ခုနှစ် ဧပြီလစာရင်းများအရ သိရှိရသည်။ ထိုနေရာများတွင် စက်ရုံအလုပ်သမားဦးရေ
၁၂၆၀၀၊ ဆောက်လုပ်ရေးအလုပ်သမား ၂၅၀၀၀ ဝန်းကျင်တို့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိထားကြသည်။
ဇုန်အလိုက်ရင်းနှီးမြှုပ်နှံမှုများတွင်
စက်မှုဇုန်ဧရိယာ အတွင်းရှိလုပ်ငန်းမြှင့်တင်ရေးဇုန်၌ လုပ်ငန်း ၇၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ
ကန်ဒေါ်လာ ၁၆၂၉ ဒသမ ၉၆၉ သန်း ကင်းလွတ်ဇုန်၌လုပ်ငန်း ၄၆ ခုရင်းနှီးမြှုပ်နှံမှုပမာဏ
ကန်ဒေါ်လာ ၄၉၆ ဒသမ ၈၃၃ သန်း ရှိခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်း ၁၁၆ ခုခန့်ရှိပြီး ရင်းနှီး
မြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၂၁၁၂ ဒသမ ၉၀၂ သန်း ခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏စာရင်းဇယားများအရ
သိရှိရသည်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှရင်းနှီး
မြှုပ်နှံသူများကိုဖိတ်ခေါ်လျက်ရှိပြီးအသေးစိတ် အချက်အလက်များကို မြန်မာသီလဝါ အထူးစီးပွား
ရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ အခန်းအမှတ် ၁၀၀၊ မြေညီထပ်၊ စီမံရေးရာဌာန၊ဒဂုံ-သီလဝါလမ်း၊
ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးသို့လည်းကောင်း၊ ဖုန်းနံပါတ်+၀၉ (၁)၂၃၀၉၀၈၁၊
+၉၅(၁)၂၃၀၉၀၈၄ သို့လည်းကောင်း၊ ဝက်ဘ်ဆိုက်လိပ်စာ www.thilawasez.gov.mmနှင့်www.myan
marthilawa.gov.mm တို့ကိုလည်းကောင်း ဆက်သွယ်စုံစမ်း၍ မေးမြန်းနိုင်ပြီဖြစ်ပါကြောင်း
ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment