Tuesday, July 12, 2022

ကင်ဆာရောဂါ ကြောက်စရာ ကြိုတင်ကာကွယ် နေထိုင်ပါ

ကိုငြိမ်းငယ် (ကျွန်းဒေါင့်)

ကမ္ဘာပေါ်ရှိ ကင်ဆာရောဂါ အဖြစ်အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အစီရင်ခံစာများအရ သိရသည်။ လူတိုင်းလူတိုင်းသည် ကျန်းမာပျော်ရွှင်ရခြင်းကို ရရှိပိုင်ဆိုင်လိုကြသည်။ ထို့အတူ ကြီးပွားခြင်း၊ အောင်မြင်ခြင်းများကိုလည်း ရရှိချင်ကြသည်။ လူသားတို့သည် အခြေခံကျသော စားဝတ်နေရေးမှအစပြု၍ ဘဝတွင် ကြီးပွားရေး၊ အောင်မြင်နိုင်ရေးတို့အတွက် နေ့စဉ်ကြိုးစား အားထုတ်နေကြသည်။ ထိုသို့ ကြိုးစားအားထုတ်ရာတွင် ကျန်းမာရေးကောင်းခြင်းသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လာသည်။ ကျန်းမာရေးမကောင်းပါက ပျော်ရွှင်စရာ အကြောင်းရှိခဲ့လျှင်ပင် အပြည့်အဝပျော်ရွှင်နိုင်မည်မဟုတ်ပေ။ ယခုအခါ ကင်ဆာရောဂါများသည် ကမ္ဘာပေါ်ရှိ လူသားတို့အပေါ်တွင် အန္တရာယ်ကြီးမားစွာ ခြိမ်းခြောက်လာနေသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း ကင်ဆာရောဂါ ဖြစ်စေနိုင်သောအကြောင်းအရင်းများကို သိရှိပြီး သတိပြုနိုင်ကြစေရန် ရေးသား တင်ပြလိုက်ပါသည်။

ပလတ်စတစ်များနှင့် ဖော့ဘူးများ

ပလတ်စတစ်ပစ္စည်းများတွင်ပါဝင်သော ‘‘ပလတ်စတစ်ဖိုက်ဘာဓာတ်များ’’၊ စတိုင်ရင် (Styrene)ဟုခေါ်သော ဓာတုပစ္စည်းများသည် အပူ(သို့မဟုတ်)ဆီပါသော အစားအသောက်များတွင် ဓာတ်ပြုပျော်ဝင်နိုင်သည်။ အစားအစာထည့်သော ပလတ်စတစ်ဘူးအကြည်များနှင့် ကလေးနို့ဘူးများ ပြုလုပ်ရာတွင် အသုံးပြုသော ပလတ်စတစ်ဘူး၏ အမှုန်အမွှားများသည်အန္တရာယ်များပြီး ကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည်။ စားသောက်ဆိုင်များတွင် အသုံးပြုနေကြသည့် ဒံပေါက်ထည့်သော ဖော့ဘူးများ၊ ခေါက်ဆွဲကြော်နှင့် ထမင်းကြော်ထည့်သော ဖော့ဘူးများသည် စတိုင်ရင်ဓာတ်ပါဝင်သည့် ပလတ်စတစ်ပစ္စည်းများ ဖြစ်သောကြောင့် ရေရှည်သုံးစွဲရန်မသင့်ပေ။ စားသောက်ဆိုင်များမှ ထမင်းပူပူ၊ ဟင်းပူပူများကို တစ်ခါသုံး ပလတ်စတစ်အိတ်များနှင့် ဝယ်ယူစားသောက်ခြင်းမျိုးကို နေ့စဉ် မပြုလုပ်သင့်ပေ။ ထို့ပြင် ကော်ဖီဆိုင်များမှ ကော်ဖီပူပူများနှင့် မုန့်ကြော်ပူပူများကို တစ်ခါသုံးပလတ်စတစ်အိတ်များနှင့် ပါဆယ်ဝယ်ယူ စားသောက်ခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ်များလှသည်။ ပလတ်စတစ်တွင်ပါရှိသော ဓာတုပစ္စည်းများသည်အပူကြောင့် အစားအစာများနှင့် ရောနှောပျော်ဝင်သွားပါသည်။ ထို့ကြောင့် ပလတ်စတစ်ပစ္စည်းများကို အသုံးပြု၍ စားသောက်ခြင်းသည် ရေရှည်အသုံးပြုမိပါက ကင်ဆာရောဂါ ဖြစ်နိုင်မှုကို မြင့်မားစေသည်။

အချိုမှုန့်နှင့် ကြက်သားမှုန့်

မြန်မာတို့သည် အစားအစာများ ချက်ပြုတ်ရာတွင် အချိုမှုန့်များကို တွင်ကျယ်စွာ အသုံးပြုနေကြ သည်။အစားအစာများ ချက်ပြုတ်ရာတွင် အချိုမှုန့်များကို အသုံးမပြုသော မိသားစုများရှိသော်လည်း နှိုင်းယှဉ်ကြည့် ပါက အလွန်နည်းလှသည်။ အချိုမှုန့်တွင်ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေပြီး လေဖြတ်ရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံး၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အရိုးပါးရောဂါ၊ အရိုးပွရောဂါများကို ဖြစ်စေသည်။ ထို့ပြင် ဆီးချိုသွေးချို၊ သွေးတိုးရောဂါနှင့် ကင်ဆာရောဂါများကိုပင် ဖြစ်စေနိုင်သည်။ ကြက်သားမှုန့်များတွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများ ပါဝင်ခြင်းကြောင့် ရေရှည်စားသောက်မိပါက ကျန်းမာရေးကို များစွာထိခိုက်စေသည်။

အချိုရည်များနှင့် ဂျယ်လီများ

မြန်မာနိုင်ငံတွင် တရားဝင်ထုတ်လုပ်ရောင်းချခွင့်ရှိသော အချိုရည်များနှင့် ဂျယ်လီများ ရှိသည်။ သို့သော် တရားမဝင်သော အချိုရည်များနှင့် ဂျယ်လီများကို တစ်ခါတစ်ရံ တွေ့ရတတ်သည်။ အထူးသဖြင့် ကလေးများစွာ စုဝေးရှိနေတတ်သော စာသင်ကျောင်းများ၏ မုန့်ဈေးတန်းများတွင် တွေ့ရတတ်သည်။ အချိုရည်များတွင် အရောင်ဆိုးဆေးများ အလွန်အကျွံအသုံးပြုခြင်း၊  တာရှည်ခံဆေးများ အလွန်အကျွံ အသုံးပြုခြင်း၊ သာမန်သကြားထက် အဆများစွာအားပြင်းသော ပါဝါသကြားများနှင့် ကဖင်းဓာတ်များသည် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါများကို ဖြစ်စေသည်။ ထို့ပြင် အသည်းကင်ဆာကိုလည်း ဖြစ်စေနိုင်သည်။ ပြည်ပနိုင်ငံများမှ တရားမဝင်ဘဲ ဝင်ရောက်လာသော ဂျယ်လီဘူးများတွင် ဂျယ်လီပေါင်ဒါတာရှည်ခံဆေးများ အလွန်အကျွံပါဝင် နေတတ်သောကြောင့် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်ပြီး ကလေးငယ်များ လုံးဝမစားသင့်ပေ။

ဆေးလိပ်နှင့် ကင်ဆာ

ဆေးလိပ်ဘူးခွံများကို နေရာတိုင်းလိုလို တွေ့ရတတ်သည်။ ဆေးလိပ်ဘူးခွံပေါ်တွင်လည်း ‘‘ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်’’ ဟု ရေးထားသောစာကို တွေ့ရတတ်သည်။ သို့ရာတွင် ဆေးလိပ်သောက်သုံးသူများကိုလည်း တွေ့နေရဆဲပင်ဖြစ်သည်။ ဆေးလိပ်နှင့် စီးကရက် သောက်ခြင်းကြောင့် အစာရေမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောပိတ် ရောဂါ၊ ပန်းနာရင်ကျပ်နှင့် ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်သည်။

ကွမ်းယာနှင့် ကင်ဆာ

ကွမ်းပင်များတွင် ဖျန်းသောပိုးသတ်ဆေးသည် ကင်ဆာရောဂါကို ဖြစ်စေနိုင်သည်။ ကွမ်းယာတွင် ပါဝင်သော ထုံးသည် ကျောက်ကပ်နှင့်ဆီးအိမ်တွင် ကျောက်တည်စေနိုင်သည်။ ဆေးရွက်ကြီးမှ နီကိုတင်းဓာတ်သည် ကင်ဆာရောဂါကို ဖြစ်စေသည်။ ကွမ်းယာစားခြင်းသည် ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ သွားဖုံးကင်ဆာနှင့် အစာ ရေမျိုပြွန်ကင်ဆာများကို ဖြစ်ပွားစေသောကြောင့် ရှောင်ကြဉ်သင့်သည်။

Mobile Phone များမှ ဓာတ်ရောင်ခြည်

Mobile phoneများမှ ဓာတ်ရောင်ခြည်များကြောင့် ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသားကို ထိခိုက် ပျက်စီးစေသည်။ ထို့ပြင် Computer game များနှင့် Video game များအလွန်အကျွံ ဆော့ကစားခြင်းသည် ကလေးများ၏ မှတ်ဉာဏ်နှင့် အာရုံကြောအမြင်အာရုံတို့ကို ထိခိုက်စေသောကြောင့် သတိပြုသင့်ပါသည်။ ကွန်ပျူတာနှင့် ဖုန်းမျက်နှာပြင်များမှ ထွက်ရှိလာသော မိုက်ခရိုဝေ့ရောင်ခြည်များ၊ လျှပ်စစ်သံလိုက်စက်ကွင်း များသည် ဦးနှောက်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အရေပြားကင်ဆာနှင့် အယ်လ်ဇိုင်းမားရောဂါများကို ဖြစ်ပွားစေနိုင်သည်။

အရက်၊ ဘီယာများနှင့် ကင်ဆာ

အရက်နှင့် ဘီယာအများစုတွင် ဓာတ်မြေဩဇာဓာတ်၊ အင်ဒရင်း၊ ရော်ဘာဓာတ်၊ မက်သနော အဆိပ် သင့် ဓာတုပစ္စည်းများ ပါဝင်နေတတ်သည်။ အရက်နှင့်ဘီယာများ သောက်သုံးခြင်းကြောင့် အသည်းခြောက်ခြင်း၊ သတိမေ့လွယ်ခြင်း၊ နာတာရှည်ရောဂါများဖြစ်ခြင်း၊ အစာအိမ်လမ်းကြောင်းနှင့် ဆိုင်သောရောဂါများနှင့် အခြားသော ကင်ဆာရောဂါ အမျိုးမျိုးကိုဖြစ်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ကြပေသည်။

ယခုလည်း စာဖတ်သူများအနေဖြင့် ကင်ဆာရောဂါဖြစ်ပွားစေသော အကြောင်းရင်းများကို သိရှိကြပြီး ဖြစ်သည်။ထို့ကြောင့် ကျန်းမာရေးဆိုင်ရာဗဟုသုတများကို သိရှိကြခြင်းဖြင့် ကျန်းမာပျော်ရွှင်သော ဘဝများကို လူသားတိုင်း တည်ဆောက်ရယူနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်းရေးသားလိုက်ပါသည်။ ။

No comments:

Post a Comment