မျိုးမြတ်မိုး (MANA)
မြန်မာနိုင်ငံသည် ခြင်မှတစ်ဆင့် ဖြစ်ပွားရသော ရောဂါဘယမျိုးစုံကို ပုံမှန်ခံစားရလေ့ရှိသည့် နိုင်ငံဖြစ်သည်။ ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ငှက်ဖျားရောဂါနှင့် ဆင်ခြေထောက်ရောဂါတို့ကို ခံစားရလေ့ရှိသည်။ သက်ဆိုင်ရာကျန်းမာရေးဌာနများက မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ထုတ်ပြန် ထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျားကြောင့် ဖြစ်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ညနေစောင်း နေဝင်ရီတရောအချိန်တွင် ကိုက်လေ့ရှိသည့် ရောဂါပိုး သယ်ဆောင်သော ကျူးလက်စ်ခြင် အကိုက်ခံရခြင်းမှတစ်ဆင့် လူများအား ရောဂါ ကူးစက်ပျံ့နှံ့စေသည်။ ခြင်ကိုက်မခံရစေရန် နည်းမျိုးစုံဖြင့် ကြိုတင်ကာကွယ်လေ့ရှိသည်။ ခြင်ဆေးခွေများ ထွန်းညှိခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ခြင်ဆေးခွေကြောင့် ခြင်အကိုက်ခံရခြင်းမှ သက်သာရာရရှိသော်လည်း လူအများစုမှာ ခြင်ဆေးခွေထွန်းညှိရာမှ ထွက်ပေါ်လာသော အခိုးအငွေ့အန္တရာယ်ကို သတိပြုမိလေ့ မရှိပေ။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေကြသော အချို့သောခြင်ဆေးခွေ များတွင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သော မီပါဖလူသရင် (Meperfluthrin) ပိုးသတ်ဆေး ပါဝင်ရမည့် ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း ဆိုထားသည်။ ခြင်ဆေးခွေ၏အခိုးအငွေ့သည် လူတို့၏ကျန်းမာရေး ကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ ခြင်ဆေးခွေအချို့တွင် ဓာတုပိုးသတ်ဆေးများအနက် အပြင်းထန်ဆုံးဟု သတ်မှတ်ထားသော S2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုက်တာကော်၊ ဆိုးဆေးနှင့် ဓာတုအမွှေးအကြိုင်တို့ ပါဝင်လေ့ရှိသည်။ ဓာတုအဆိပ်တစ်မျိုးဖြစ်သည့် ဘန်ဇိုင်းကာစီနိုဂျင်လည်း ပါဝင်လေ့ရှိရာ ယင်းအဆိပ် အခိုးအငွေ့များသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ရိုးတွင်းခြင်ဆီအထိ ရောက်ရှိသွားနိုင်သည်။ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်သည်။ နုနယ်သောကလေးငယ်များအနီးတွင် ခြင်ဆေးခွေထွန်းညှိခြင်းသည် အသက်အန္တရာယ်ကို အချိန်မရွေးဖြစ်စေနိုင်ကြောင်း ဆေးပညာရှင်များက မှတ်ချက်ပြုကြသည်။ ဒေသအချို့တွင် ညအိပ်စဉ် တိုက်ခန်းတံခါး၊ အိပ်ခန်းတံခါးများ အလုံပိတ်ကာ ခြင်ဆေးခွေထွန်းညှိ၍ အိပ်စက်တတ်သည့် အလေ့အထကြောင့် အသက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရသည့် သာဓကများစွာ ရှိခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့ရှိ ဆေးခန်းအချို့၌ လာရောက်ပြသသော ကလေးလူနာအများစုတွင် သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ တွေ့ရှိနေရကြောင်း အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက ပြောကြားသည်။ “လတ်တလောကတော့ အဖျားအလွန်ကြီးတယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ သူများတယ်။ ကလေးငါးဦးမှာ နှစ်ဦးလောက်က သွေးလွန်တုပ်ကွေး ဖြစ်နေတယ်။ သွေးလန့်တာက ဖျားပြီး သုံးရက် ကနေ ငါးရက်အတွင်းမှာ ခန္ဓာကိုယ်ရဲ့သွေးကြော ထဲမှာရှိတဲ့ သွေးရည်ကြည်က အပြင်ကိုထွက်သွားတယ်။ အဲဒီအခါ သွေးလည်ပတ်မှု မကောင်းတော့ဘူး။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကလေးက အဖျားကတော့ ကျသွားတယ်။ မလန်းဆန်းဘူး၊ မှိန်းနေတယ်၊ မစားဘူး၊ မသောက်ဘူး၊ ဗိုက်နာတယ်၊ ကလေးကြီးတွေမှာဆိုရင် မူးပြီးလဲတာတွေရှိတယ်။ ဆရာဝန်တွေ အနေနဲ့စမ်းသပ်ကြည့်ရင် သွေးခုန်နှုန်းက မြန်လာတယ်။ အပေါ်သွေးနဲ့ အောက်သွေးက ၂၀ အောက်ပဲ ကွာတော့တယ်။ ဒီထက်ဆိုးရွားရင် ကလေးက ခြေ၊ လက်တွေ အေးစက်လာတယ်။ ဒီထပ်မှိန်းသွားတယ်၊ ကယောင်ကတမ်းဖြစ်တယ်၊ သွေးလန့်တဲ့အချိန်က လူတိုင်းမှာမဖြစ်ဘူး။ ပြင်းထန်တဲ့ လူတွေမှာဖြစ်တယ်။ သွေးလန့်တာကို စောစောသိဖို့လိုတယ်။ စောစောသိမှ လိုအပ်တဲ့အကြောဆေးကို ထည့်ပေးရမယ်။ သွေးလန့်တဲ့အချိန်က တိုတိုနဲ့မြန်မြန် ကောင်းလေလေ ကလေးကုသမှုရဲ့ အကျိုးကျေးဇူး ကရှိတာပါ။ သွေးလွန်တုပ်ကွေးနဲ့ အသက်ဆုံးရှုံးရတာက သွေးလန့်ချိန်ကြာသွားရင်ဖြစ်တယ်” ဟု ပါမောက္ခဒေါက်တာစောဝင်းက ပြောကြားသည်။
သွေးလွန်တုပ်ကွေးကပ်ရောဂါအသွင်ဖြစ်ပွားမှု
သွေးလွန်တုပ်ကွေး၏ အဓိကပြဿနာမှာ သွေးလန့်ခြင်းဖြစ်ပြီး သွေးလန့်ခြင်းကို စောစောသိရှိရန် လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာ အမေးအဖြေကဏ္ဍတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်းသည် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၅၆၂ ဦးရှိပြီး သေဆုံးသူ ၁၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ သွေးလွန်တုပ်ကွေးကပ်ရောဂါအသွင် ဖြစ်ပွားမှုမှာ နှစ်နှစ်တစ်ကြိမ် (သို့) သုံးနှစ်တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇ ခုနှစ်များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း များပြားခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် ခြင်ကျားသည် နေအိမ်တွင်းနှင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရေကြည်ရေသန့်တွင် ပေါက်ဖွားခြင်းဖြစ်သည့်အတွက် လက်တွေ့ကျပြီး ထိရောက်သော နည်းဗျူဟာများကို သုံးကာ ခြင်ပေါက်ဖွားရန်နေရာများ လုံးဝမရှိအောင် ဆောင်ရွက်ပါက သွေးလွန် တုပ်ကွေးရောဂါဖြစ်ရန် အကြောင်းမရှိပါ။ ခြင်ဥမှ လောက်လန်းပေါက်ဖွားခြင်းနှင့် သက်ကြီးခြင်ကျား ကောင်အဖြစ်သို့ ရောက်ရှိခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနည်းဗျူဟာများအပြင် ပန်းအိုး၊ ရေအိုး စသည်တို့၏ အတွင်းနံရံများကို ပွတ်တိုက် ဆေးကြောခြင်းပြုလုပ်မှသာ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်သည်။ နေအိမ်ပတ်ဝန်း ကျင်တွင် ရေကြည်ရေသန့် ခိုအောင်းနိုင်သည့် နေရာများကို ဖယ်ရှားရှင်းလင်းခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းတို့ ပြုလုပ်မှသာလျှင် ရောဂါဖြစ်ပွားမှုများ သိသာစွာကျဆင်းလာမည်ဖြစ်သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် အူရောင်ငန်းဖျားရောဂါများအား လက်ကို စင်ကြယ် စွာဆေးကြောခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအသောက်ကို စားသုံးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုကောင်းခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။ ကိုဗစ်-၁၉ ပညာရေးနှိုးဆော်မှုကြောင့် ယခုအခါ ပြည်သူများတွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၊ ကာကွယ်ရေး အတွက် အသိပညာဗဟုသုတများ ယခင်ကထက် ပိုမိုကြွယ်ဝလာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေး ရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်ဟု မျှော်လင့်ရသည်။ သွေးလွန် တုပ်ကွေးဖြစ်ပွားပုံမှာ ရုတ်တရက် အဖျားကျကာ ခြေများ၊ လက်များ အေးစက်ခြင်း၊ မှိန်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အစာမစားခြင်း၊ ရေမသောက်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဗိုက်နာခြင်း၊ မကြာခဏအန်ခြင်း၊ ဆက်တိုက် အန်ခြင်း၊ အန်ဖက်ထဲတွင် ကော်ဖီအရောင်ဖြစ်ခြင်းနှင့် အမည်းအဖက်များပါခြင်း စသော သွေးလန့် သည့်လက္ခဏာတစ်ခုခု ဖြစ်ပေါ်ပါက ဆေးရုံသို့ အမြန်ဆုံးပို့ရန် ကျန်းမာရေးဌာနက အသိပေး နှိုးဆော်ထားသည်။
ကာကွယ်နိုင်သည့် နည်းလမ်းများ
အစားအစာ မသန့်ရှင်းခြင်း၊ ယင်နားအစာ စားခြင်းနှင့် လက်မသန့်ရှင်းခြင်းတို့ကြောင့် ဖြစ်ပွား သည်။ ကလေးများ လက်မဆေးဘဲစားမိခြင်း၊ အလှူအတန်းများမှာ ချက်ပြုတ်ရာတွင် သန့်ရှင်းမှု အားနည်းခြင်း တို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတတ်သည်။ ကာကွယ်နိုင်သည့် နည်းလမ်းများမှာ ယင်လုံအိမ်သာအသုံးပြုခြင်း၊ ယင်ကောင် ပေါက်ပွားမှုမရှိစေရန် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း၊ အစားအသောက်များကို ယင်မနား စေရန် ဖုံးအုပ်ထားခြင်း၊ ရေကိုကျိုချက်သောက်ခြင်း၊ ဆပ်ပြာနှင့် လက်ဆေးခြင်းတို့ဖြစ်သည်။ အော့အန် ခြင်း၊ အရည်ဝမ်းသွားခြင်း၊ အင်အားကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားလျှင် အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။ ရောဂါဖြစ်ပွားပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကာ ဆေးကုသမှုခံယူသင့်သည်။ နမိုးနီးယား(ခ)အဆုတ်ရောဂါ(ခ) အဆုတ်ရောင် ရောဂါသည် မိုးရွာသည့်အခါ ရေထဲမှာ လမ်းလျှောက်ခြင်း၊ ရေထဲတွင် အနေကြာသည့် ကလေးငယ်များ နမိုးနီးယားရနိုင်ကြောင်း သိရသည်။ အသက်ရှူကျပ်ခြင်း၊ အသက်ရှူ မဝခြင်း၊ လက်များနှင့် နှုတ်ခမ်းများ ပြာခြင်းတို့ ဖြစ်ပွားပါက အချိန်မီ ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည်။
မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက်ကလေး သေဆုံးမှု ၁၂ ရာခိုင်နှုန်းသည် အသက်ရှူလမ်း ကြောင်း ရောဂါပိုးဝင်ခြင်းနှင့် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့်ဖြစ်သည်ဟု ကျန်းမာရေး စစ်တမ်းများတွင် ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်း အဆုတ်ရောင်ရောဂါကြောင့် စက္ကန့် ၂၀ တိုင်း၌ ကလေး တစ်ဦးနှုန်း သေဆုံးနေရပြီး မြန်မာနိုင်ငံတွင် အရှင်မွေးကလေးတစ်ထောင်လျှင် ၁၀ ဦးနှုန်းခန့် တစ်နှစ်မပြည့်မီသေဆုံး နေရကာ ငါးနှစ်အောက် ကလေးသူငယ်များ သေဆုံးနှုန်း မြင့်မားသည့်ရောဂါဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ နမိုးနီးယား(ခ) အဆုတ်ရောင် ရောဂါသည် ဗက်တီးရီးယားပိုး ကြောင့် ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်သည်။ ဆေးလိပ်ငွေ့၊ မီးသွေးငွေ့၊ မော်တော်ကားအိတ်ဇောငွေ့နှင့် စက်ရုံ မီးခိုးငွေ့ စသည့်လေထုညစ်ညမ်းမှုများကြောင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပိုးဝင်ရာမှ ကူးစက်တတ်ပြီး ယင်းပိုးသယ်ဆောင်ထားသူ ချောင်းဆိုးရာမှ ကူးစက်နိုင်သည်။
ခြင်ဆေးခွေ၏အန္တရာယ်
၁၈၉ဝ ပြည့်နှစ်က ဂျပန်စီးပွားရေးသမား အီချီယို ယူရီရှီးမားစတင်တီထွင်ခဲ့သော ခြင်ဆေးခွေသည် ခြင်များ မလာစေရန် ဟန့်တားနိုင်သော်လည်း ယခုအခါ အနီးပတ်ဝန်းကျင်ရှိ လူသားများအတွက် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေကြောင်း သိမြင်မှုများ တဖြည်းဖြည်းကျယ်ပြန့်လာပြီ ဖြစ်သည်။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကို ဆိုးရွားစွာဖြစ်ပေါ်လာစေနိုင်သည့် ခြင်ဆေးခွေ၏အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင် ရေးအတွက် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် တင်သွင်းလာသည့် ခြင်ဆေးခွေများကို တားဆီး ပိတ်ပင်ခြင်း၊ ပြည်တွင်းထုတ်ခြင်ဆေးခွေများတွင် ဖော်ပြထားသည့် ဓာတုအဆိပ်ပစ္စည်း အမျိုးအစားနှင့်ပမာဏတို့ မှန်ကန်မှု ရှိ၊ မရှိကို ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းတို့ကို အလေးထား လုပ်ဆောင်သင့်သည်။ အများပြည်သူတို့အနေဖြင့်လည်း ခြင်ဆေးခွေ၏ အခိုးအငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို အထူးသတိပြုကြရန် လိုအပ်သည်။
ရောဂါပြင်းထန်လျှင် ၂၄ နာရီအတွင်း သေဆုံးနိုင်ပြီး ချောင်းဆိုးရုံသာမက အဖျားကြီးခြင်း၊ ရင်ဘတ်အောက် ချိုင့်ဝင်ခြင်း၊ နို့မစို့ခြင်း၊ တက်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း စသည့်လက္ခဏာများပြလျှင် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကာ ကုသမှုခံယူရန် လိုအပ်သည်။ မိုးရာသီတွင် ဖြစ်ပွားတတ်သောသွေးလွန် တုပ်ကွေးနှင့် အခြားရောဂါများ မဖြစ်ပွားရလေအောင် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
No comments:
Post a Comment