Wednesday, May 4, 2022

ကိုကိုးကျွန်းမှ ပြန်ခဲ့သည်

 




 မြင့်စိုး(နတလ)

 ကျွန်တော်နှင့် နယ်စပ်ဒေသများ

 ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ခေါင်လန် ဖူးနှင့် ပန်နန်းဒင်မြို့များသို့ ကျွန်တော် ရောက်ဖူး သွားခဲ့ဖူးပြီ။ ကယားပြည်နယ်ထဲက မယ်စဲ့မြို့ကို ဖြတ်ပြီး နယ်ခြားမှတ်တိုင် BP-၁၃ ထိ လည်းကောင်း၊ ရွာသစ်ကိုဖြတ်ပြီး ဟွေပုံလောင်းထိလည်းကောင်း ခြေဆန့်ခဲ့ပြီးပြီ။ ကရင်ပြည်နယ် ထဲက စုကလိ၊ ဝေါလေဒေသများကိုလည်း ရောက်ခွင့်ကြုံခဲ့သလို ချင်းပြည်နယ် မြောက်ပိုင်းမြို့နယ် အားလုံး ရောက် ဖူးခဲ့သည်။ တွန်းဇံမြို့နယ်၏ မြောက်ဘက် နယ်နိမိတ်သည် မြန်မာပြည်မြေပုံတွင် အနောက် မြောက်ယွန်းယွန်းဆီက အထစ်ကလေး သုံးထစ် အနက် အပေါ်ဆုံးအထစ်ကလေး၏ အနားသတ်မျဉ်း ဖြစ်လို့နေပါသည်။

ရခိုင်ပြည်နယ်ထဲမှာလည်း မောင်တောမြို့ မြောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း တစ်လျှောက် အတန်ငယ်ခရီးပေါက်ခဲ့သည်။ ထို နေရာမှာ ကားလမ်းက ပင်လယ်ကမ်းစပ်နှင့် ပူးတုံ ခွာတုံဖြစ်နေ၍ တစ်ခါတစ်ရံ ပင်လယ်လှိုင်းခေါင်း ဖြူများကိုပင် မြင်နေရ၏။ ရှမ်းပြည်နယ်ထဲ မှာတော့ တောင်ပိုင်းဒေသ မြန်မာ-ထိုင်း နယ်စပ်အနီးက ဟိုမိန်းမြို့လေးကို ၁၉၉၆ ခုနှစ်တွင် စတင်ရောက်ဖူး ခဲ့သည်။ နောက်ထပ် နှစ်ကြိမ်ကြီးများတောင် ရောက်ခွင့်ကြုံသဖြင့် အရာရာကို မှတ်မိနေဆဲ၊ သတိရနေဆဲ။ ကိုးကန့်ဒေသမှာ တာဝန်ထမ်းဆောင် ရခိုက် မြန်မာ-တရုတ်နယ်စပ်ကို ကျော်၍ နမ့်စန်မြို့ လေးထိ သွားရောက်လည်ပတ်ဖူးတာကို မမေ့ခဲ့ပါ။

‘ဝ’ ဒေသ ပန်ဆန်းမြို့ကိုလည်း သုံး၊ လေး ကြိမ် မက ရောက်လိုက်သေးသည်။ နယ်စပ်ဖွံ့ဖြိုးရေး ကိစ္စ၊ သံလွင်အရှေ့ခြမ်း ‘ဝ’ဒေသတွင် သီတင်းသုံး နေထိုင် သော သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းခြင်း ကိစ္စများအတွက် ရောက်ခဲ့ ခြင်းဖြစ်၏။ ‘ဝ’ ဒေသကို ရောက်တုန်းရောက်ခိုက် ၁၉၈၉ ခုနှစ်အထိ ဗကပဗဟိုဌာနချုပ် ပြုလုပ်ထား သောနေရာသို့ သွားရောက်လေ့လာရင်း သခင် ဗသိန်းတင် နေသောနေရာနှင့် အစည်းအဝေးခန်းမ၊ ဗိုလ်မှူးချုပ် ကျော်ဇော၊ ရဲဘော်သံချောင်း၊ ရဲဘော် သန်းရွှေတို့ နေထိုင်ရာ အိပ်ဆောင်လေးများအား လိုက်လံကြည့်ရှုခဲ့ရသည်။ သွေးချင်းတို့၏ နာဂဒေသ ထဲမှာတော့ လေရှီးကိုသွားရင်း အိန္ဒိယနယ်စပ်နှင့် နီးသည့် ဆွမ္မရာမြို့လေးဆီကို ရောက်အောင်သွားခဲ့ သလို နန်းယွန်းမြို့နယ်ထဲက သွားရလာရခက်ခဲသော တကားကျေးရွာသို့လည်း ရောက်ခဲ့သည်။

ထိုသို့ ထူးထူးခြားခြား နယ်စပ်ဒေသမြို့ရွာလေး များဆီကို ကျွန်တော် ရောက်ခွင့်ကြုံခဲ့သည်။ အလွန် သွားချင်သော မော်ဖဒေသ၊ မက်မန်းမြို့လေးသည် ပင်လျှင် သုံးခေါက်မြောက် ရောက်ဖို့အထိ အခွင့် အရေးရခဲ့သည်။ တစ်နည်းပြောရလျှင် စိတ်သွား တိုင်း ကိုယ်ပါလျက် လိုရာခရီးကို နှင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။ သို့သော် - မြို့လေးတစ်မြို့ကိုတော့ဖြင့် ကျွန်တော် ရောက်ဖို့ရာ ဘယ်တုန်းကမှ မျှော်လင့် မထားသလို တစ်ချိန်ချိန် ရောက်သွားလိမ့်မည်ဟု လည်း မည်သည့်အခါကမျှ မျှော်လင့် မထားခဲ့ပါ။ ယခုတော့ ရောက်ခွင့်ကြုံခဲ့ပြီ၊ ရောက်ခဲ့ရပြီ၊ စိတ်ထဲ မှာ အလွန်ပဲအံ့ဩခဲ့ရပါသေးသည်။ ထိုမြို့လေးကား အခြားမဟုတ်ပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းမြို့လေးပင် ဖြစ်တော့သည်။

ကိုကိုးကျွန်းသို့ ခရီးနှင်

၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် တပ်မတော်လေယာဉ်ကြီးသည် ကိုကိုးကျွန်းသို့ လိုက်ပါမည့် ဝန်ထမ်းများ၊ တပ်မတော်သား မိသားစုဝင်များအား တင်ဆောင် လျက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အားယူရုန်းထပျံသန်းခဲ့သည်။ ကနဦး မြင်နေရသည့် ရန်ကုန်ဒေသမြင်ကွင်းများက ကျွန်တော့်အတွက် သိပ်မထူးဆန်းလှ၊ မကြာခဏ မြင်ဖူးနေကျ မြင်ကွင်း များဖြစ်သည်။ ထိုမှ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ် သောအခါ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ကို လေယာဉ်ပြတင်းပေါက်မှ လှမ်း၍မြင်နေရသည်။ နာရီဝက်ခန့်အကြာမှာတော့ လေယာဉ်က ပင်လယ် ပြင်ကြီးပေါ်မှ စတင်ဖြတ်သန်းနေပေသည်။မြင်ကွင်း သိပ်မကောင်းသေးပါ။ သို့သော် နောက်ထပ်နာရီဝက် ခန့် ပျံသန်းပြီးသည်နှင့် လေယာဉ်ဘီးချသံ ကြား လိုက်ရ၍ အောက်သို့ ငုံ့ကြည့်လိုက်မိသည်။

အရှေ့ဘက်ဆီက ဖြာကျလာသော နေရောင် ခြည်အောက်မှာ ပင်လယ်လှိုင်းကြက်ခွပ်လေးများ က တဖျတ်ဖျတ် လူးလွန့်နေသည်။ မကြာမီ လေယာဉ်သည် ကိုကိုးကျွန်းလေဆိပ်သို့ ဆင်းတော့ မည်။ ခရီးသည်အများစုကတော့ တပ်မတော်သား မိသားစုများ ဖြစ်သည်။ ဝန်ထမ်းထဲမှာ အခြားဌာနမှ ဝန်ထမ်းများ ပါကောင်းပါပါလိမ့်မည်။ ကျွန်တော်တို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်မူ ကျွန်တော်နှင့်အတူ အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုညွှန်ချုပ် ဦးကျော်ဇင် လတ်၊ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ အင်ဂျင်နီ ယာမှူးကြီး ဦးထွန်းလင်းဦး၊ လ/ထ ညွှန်ကြားရေးမှူး ဒေါ်သိန်းဌေး၊ စက်မှုကျွမ်းကျင်-၂ ဦးဇင်မင်း၊ နည်းပြ ဒေါ်မေဇင်ခိုင်တို့ ခြောက်ဦး လိုက်ပါလာခဲ့သည်။

ကိုကိုးကျွန်းဒေသဆိုသည်မှာ

ကိုကိုးကျွန်းသည် ၁၉၃၈ ခုနှစ်တွင် ဗြိတိသျှ ဂျေဝက်ကုမ္ပဏီမှ အိန္ဒိယလုပ်သားများ ခြေချခဲ့ဖူး သောနေရာ၊ ၁၉၄၂-၁၉၄၅ ကာလအတွင်း ဖက်ဆစ် ဂျပန်တို့၏ အခြေစိုက်စခန်းနေရာဖြစ်ခဲ့ပြီး ၁၉၄၈ခုနှစ် မှစ၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာ အောက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပထဝီအနေ အထားအရ ကိုကိုးကျွန်းမြို့နယ်သည် တောင်မှ မြောက်သို့ ၇ မိုင်ခန့် ရှည်လျားပြီး စတုရန်း မိုင်အားဖြင့် ၁၄ ဒသမ ၅၆ မိုင်ခန့် ရှိနေပါသည်။ မြောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ စလစ်ပါ (ဘိနပ်)ကျွန်း၊ မင်္ဂလာ(မီးပြ)ကျွန်းတို့နှင့် နယ်နိမိတ် ချင်း ထိစပ်နေပြီး အရှေ့ဘက်တွင် ကပ္ပလီပင်လယ်၊ ကြွက်ကျွန်း၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်၊ ဂျယ်ရီကျွန်းနှင့် အိန္ဒိယနိုင်ငံပိုင် အက်ဒမန်ကျွန်းစု တို့နှင့် ထိစပ်နေသည်။ အနောက်ဘက်တွင်မူ ဘင်္ဂလားပင်လယ်အော်၊ ကိုကိုးလေးကျွန်းတို့ တည်ရှိနေကြောင်း တွေ့မြင်ခဲ့ရသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ ၁၂ ပေရှိပြီး အမြင့်ဆုံး နေရာမှာ အမြင့် ၃၆၆ ပေရှိ ရွှေရင်စို့တောင် ဖြစ်ပါသည်။

ကိုကိုးကျွန်းမြို့လေး၌ ရပ်ကွက်နှစ်ခုအတွင်း အိမ်ခြေ ၃၃၄ အိမ်၊ အိမ်ထောင်စု ၃၅၁ စုရှိကာ စုစုပေါင်းလူဦးရေ ၁၂၄၄ ဦး နေထိုင်လျက်ရှိသည်။ ဗမာတိုင်းရင်းသားများ အများဆုံးနေထိုင်ကာ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားများ ကိုလည်း တွေ့နိုင်ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်း၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ဌာနပေါင်း ၂၀ တာဝန်ထမ်းဆောင် လျက်ရှိပါသည်။ စုစုပေါင်း ဝန်ထမ်းအင်အားမှာ ၁၈၉ ဦးဖြစ်၏။ မြို့နေလူထုသည် ရေလုပ်ငန်းနှင့် အဓိကအသက်မွေးဝမ်းကျောင်းပြုပြီး လမ်းပန်း ဆက်သွယ်ရေးအရလည်း ရေလမ်းကိုသာ အားထား ကြရသည်။ အိမ်တွင်း စိုက်ပျိုးရေးလုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံသီးနှံစိုက်ဧက ၁၂၆၀ ခန့်ရှိပါသည်။ မြို့ရေပေးရေးအတွက် ကိုကိုးရေလှောင်တမံသည် ရေဝင်ဆံ့မှု ၂၄၅ ဧက ရှိပါသည်။ မြို့နှင့် ဌာနဆိုင်ရာ ရုံး၊ ကျောင်း၊ ဆေးရုံတို့အတွက် ရေလုံလောက်မှု ရှိသည့်အပြင် ဥယျာဉ်ခြံမြေ ၄၉ ဧကသို့ ရေပေးဝေ နိုင်ခဲ့ပါသည်။

အုန်းထွက်ပစ္စည်းများ စီးပွားဖြစ်ထုတ်လုပ်

သက်သာစွာရောင်းချနိုင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမြို့နယ်ခရီးစဉ်အတွင်း “ကိုကိုးကျွန်းမြို့နယ်တွင် အဓိကထွက်ရှိသော အုန်းထွက်ပစ္စည်းများအား သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများနှင့် ပေါင်းစပ်၍ ယခုထက်ပိုမို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရေးဆောင်ရွက်ရန်” လမ်းညွှန်ခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသိန်းတိုးက ကြီးကြပ်၍ ရန်ကုန် တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့တော်ခန်းမတွင် အုန်းသီးအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ ရက်သတ္တနှစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ပါသည်။

ကိုကိုးကျွန်းမြို့မှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ဆောင်ရွက်လိုသော ဒေသခံပြည်သူများ၊ နယ်မြေခံ တပ်မှ မိသားစုဝင်များ တက်ရောက်ခဲ့ကြရာ အုန်းသီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၁ ဦး၊ အုန်းအမာခွံ လက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းသား သင်တန်းသူ ရှစ်ဦး စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ကြပါသည်။ ဒုညွှန်မှူး ဒေါက်တာ ကြူကြူလှိုင်၊ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးအောင်၊ ဒေါ်လင်းလင်းသန္တာအောင်၊ လ/ထ အင်ဂျင်နီယာ ဒေါ်ဌေးဌေးဝေ၊ လက်မှုကျွမ်းကျင် ဦးလင်းပိုင်ဟိန်း တို့က ကြီးကြပ်သင်ကြား လေ့ကျင့်ပေးခဲ့ရာ ဘာသာရပ် အမျိုးမျိုးရှိသည့်အနက် ဒေသနှင့် ကိုက်ညီသော ငါးမုန့်ခြောက်၊ အုန်းသီးဝိုင်၊ အုန်းဂျယ်လီ၊ တာရှည်ခံအုန်းသီးဖျော်ရည်၊ အုန်း ရှာလကာရည်၊ အုန်းသီးရေခဲမုန့်၊ အုန်းသီး ပေါင်မုန့်အမျိုးမျိုး၊ အုန်းသီးကိတ်မုန့်အမျိုးမျိုး၊ အုန်းသီးကွတ်ကီးနှင့် ကိတ်ခြောက်အမျိုးမျိုး၊ အုန်းသကြား၊ အုန်းသီး syrup စသည့် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းများ၊ ဆပ်ပြာခဲ အမျိုးမျိုး၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ပရုတ်ဆီ ကဲ့သို့သော လူသုံးကုန်ပစ္စည်းထုတ်လုပ် ခြင်းများ၊ သော့ချိတ်၊ ဓာတ်ပုံပေါင်၊ အပူခံပြား၊ ဖုန်းထည့်အိတ်၊ သောက်ရေခွက်၊ ဆံထိုး၊ ကမ်းခြေ ဆောင်းအုန်းလက်ဦးထုပ်၊ ရေနွေးအိုး၊ ရွက်လှေ၊ ဇီးကွက်ရုပ် စသော အုန်းအမာခွံလက်မှုထည် လုပ်ငန်းများကို သင်ကြားပေးခဲ့ပါသည်။

ယင်းသင်တန်းဆင်း သင်တန်းသားများသည် ဒေသအတွင်း ပေါများစွာထွက်ရှိသော အုန်းသီး များအား အခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား စနစ်တကျ ထုတ်လုပ် နိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွား နိုင်မည် ဖြစ်ပါသည်။ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရာ၌လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျ လုပ်ကိုင်လာနိုင်မည် ဖြစ်ပါသည်။ ၎င်းပြင် ဈေးကွက်စီးပွားရေးခန့်ခွဲမှုနှင့် ထုပ်ပိုးမှုနည်းလမ်း များ၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ လိုက်နာ ရမည့်အချက်များကိုပါ လေ့လာသိရှိနိုင်မည် ဖြစ်ပေသည်။ သင်တန်းဆင်းပြီး လုပ်ငန်း လုပ်ကိုင် လိုသူများအတွက် လိုအပ်သော စက်ပစ္စည်းများကိုပါ ကူညီပံ့ပိုးပေးခဲ့သည်။

အုန်းဆံကြိုးသင်တန်း ထပ်မံဖွင့်လှစ်မည်

ကျွန်တော်တို့အဖွဲ့ ကိုကိုးကျွန်းသို့ မသွားရောက်မီ ရက်အနည်းငယ်အလို၌ အုန်းဆံကြိုး စက်ရုံ အတွက် လိုအပ်သော စက်ပစ္စည်း လေးမျိုးကို သင်္ဘောဖြင့် ကြိုတင်ပေးပို့ထားပါသည်။ ယင်းစက် ပစ္စည်းများ တပ်ဆင်ပြီးလျှင် အုန်းဆံကြိုး အခြေခံ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် သင်တန်းကို ဆက်လက်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။ ယင်းသင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများလည်း အသင့်ရှိနေပြီဖြစ်ပါသည်။ ဆရာမကြီး ဒေါ်သိန်းဌေး၊ ဦးဇင်မင်း၊ နည်းပြ ဒေါ်မေဇင်ခိုင်တို့က သင်ကြားလေ့ကျင့်ပေးသွားပါ မည်။ အုန်းဆံကြိုး စက်ရုံအတွက် တည်ဆောက် ထားသည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထိုမှ တစ်ဆင့် ယခင်သင်တန်းဆင်း ဦးမျိုးနိုင်၏ ‘ပြည့်စုံ’ စားသောက်ကုန်လုပ်ငန်းတွင် ယိုထုတ်လုပ်မှုနှင့် ရေခဲမုန့ ်ပြုလုပ်နေသူများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ပါသည်။ အချိန်အနည်းငယ်ရသေးသဖြင့် ကိုကိုးကျွန်း ရေတပ်အခြေစိုက်စခန်းက ဖွင့်လှစ် ထားသော အုန်းဆံကြိုးစက်ရုံ၊ အိမ်သုံးပစ္စည်းများ၊ အလှ ဆင်လက်မှုပစ္စည်းများ ထုတ်လုပ်နေမှုကို လေ့လာ ကြည့်ရှုခဲ့ကြပါသည်။

ကိုကိုးကျွန်းမှ ပြန်ခဲ့သည်

ကိုကိုးကျွန်းမြို့လေးမှာ အချိန်ပိုင်းသာ နေခွင့်ရ ခဲ့သည်။ ရသည့်အချိန်လေးမှာပင် ဒေသခံများ၊ သင်တန်းတက်ရောက်မည့်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အား အကောင်အထည်ဖော်နိုင်ရေး၊ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်ရေး ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ ကားလမ်းဝဲယာတစ်လျှောက် မြင်တွေ့နေရ သော ရုံးများ၊ လူနေအိမ်များကို ငေးမောကြည့်ရှုခဲ့၏။ ပြန်/ဆက်ရုံးတွင် စာကြည့်တိုက်တစ်ခု၊ ပညာရေး ဌာနတွင် စာကြည့်တိုက် တစ်ခုရှိကြောင်း သိရ၍ အဘဦးညွန့်ဆွေ (ဒုဝန်ကြီး-ငြိမ်း) တို့၏ မြန်မာနိုင်ငံ စာကြည့်တိုက် များအသင်း ဖောင်ဒေးရှင်းနှင့် ဆက်သွယ်ကာ စာအုပ်စာစောင်များ လှူဒါန်းနိုင်မည် ဟု ဖျတ်ခနဲ အတွေးဝင်မိ၏။ ကိုကိုးကျွန်းမြို့၏ တစ်ကျောင်းတည်းသော သာသနာ့မဏ္ဍိုင် ဘုန်းတော်ကြီး ကျောင်းရှေ့သို့အရောက် လက်အုပ်ချီမိုး ရှိခိုးခဲ့ပါသေးသည်။ (၄)မိုင် ကမ်းခြေနေရာလေး သည်ကား မြို့သူမြို့သားများ အပန်းဖြေရေချိုးဆိပ် နေရာလေး ဖြစ်ကြောင်းသိရသည်။ ကြည့်ရသည်မှာ သာသာယာယာ နေရာလေးတစ်ခုပါပေ။

ဂျယ်ရီကျွန်းဘက်သို့လည်း လှမ်းမျှော်ကြည့်ရှု ရင်း တစ်ချိန်က အကျဉ်းကျခံရသူများ၏ ပုံရိပ်များ ကို ပြန်လည်မှန်းဆ သတိရမိပါသေးသည်။ ကိုကိုး ကျွန်းမှ လေယာဉ်ပြန်အတက်တွင်မူ မြို့ရေပေးရေး ကို အထောက်အကူပေးနေသည့် ကိုကိုးရေလှောင် တမံအား လှမ်း၍မြင်ရ၏။ ထို့ပြင် သမိုင်းဝင် မင်္ဂလာ(မီးပြ)ကျွန်းကိုလည်း မြင်ခွင့်ရလိုက်သည်။ ပင်လယ်ရေပြင်ပေါ်မှဖြတ်၍ ပျံသန်းနေခိုက် ကိုကိုး ကျွန်းမြို့လေးက ဝေး၍ဝေး၍ ကျန်ခဲ့သည်။ သို့သော် ယင်းဒေသငယ်လေးအား မျှော်မှန်း ချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေလိုသည့် ဇောစေတနာကမူ ကျွန်တော့်ရင်ထဲမှာ ငြိတွယ် လိုက်ပါလာခဲ့သည်။ ပြန်လည်ဆုံတွေ့ ကြပါဦးစို့။         

No comments:

Post a Comment