ခင်သန်းမြင့်
ဇွန်လ ၂ရက်နေ့ဆိုရင် အခြေခံပညာကျောင်းတွေ ဖွင့်လှစ်တော့မယ်။ ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ၂၀၂၂ခုနှစ် မေ ၂၆ရက်မှ ဇွန် ၁ ရက်အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်နှံကြဖို့ နှိုးဆော်တိုက်တွန်းလျက်ရှိပါတယ်။
ဒီလရာသီကတော့ ကျောင်းသားမိဘတွေအတွက် အလုပ်ကိစ္စမြားမြောင်တဲ့ လတစ်လပါပဲ။ ပညာရေးဝန်ကြီး ဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတစ်စုံစသဖြင့် အခမဲ့ထောက်ပံ့ ပေးမယ့်အပြင်ကျောင်းအုပ်၊ ဆရာ ဆရာမအားလုံးနဲ့ အရာထမ်း၊ အမှုထမ်းအားလုံး သိရှိလိုက်နာရမယ့်အချက်တွေထဲမှာ “မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုရ၊ ငွေကြေး/ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့်အခြား မည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ”စတဲ့ အချက်တွေ အသိပေးထုတ်ပြန်ထားပေမယ့်လည်း ကိုယ့်ရဲ့ရင်သွေး ငယ်တွေအတွက် ကျောင်းအပ်နှံဖို့ ကိစ္စတွေ၊ ကျောင်းဝတ်စုံ၊ ကျောပိုးအိတ်၊ ထီး၊ မိုးကာ ဗာဟီရကအစ ပြည့်စုံအောင် ဝယ်ရတာတွေ ရှိသေးတာကိုး။ ကျွန်မတို့လို အသက်အရွယ်ရလာသူတွေအဖို့ကတော့ သားသမီး တွေ ဘွဲ့ရပညာတတ်လို့ လက်လွှတ်ပြီးသော်ငြား သားသမီးတွေက မွေးဖွားလာကြတဲ့ မြေးကိစ္စတွေကို ဝင်ပါနေရတုန်းပါပဲ။
ကျောင်းတွေရက်ရှည်ပိတ်ထားခဲ့ရ
တစ်နေ့ကဆို မြေးမလေးက သူ့အမေဝယ်လာတဲ့ အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံလေးတွေ၊ ကျောပိုးအိတ် အသစ်၊ ဖိနပ်အသစ်ကလေးတွေ ဝတ်ပြရင်းပျော်နေလိုက်တာ။ ဖွားဖွားကြီးဖြစ်တဲ့ ကျွန်မလည်းပျော်တယ်၊၊ သူ့အ မေဖြစ်တဲ့ ကျွန်မသမီးလည်း ပျော်နေတယ်။ ပျော်ကြမှာပေါ့။ ပြီးခဲ့တဲ့ ပညာသင်နှစ်တွေက ကိုဗစ်ရောဂါ ဆိုးကြီးကြောင့် ကျောင်းတွေရက်ရှည်ပိတ်ထားခဲ့ရသလို ကျောင်းတွေပြန်ဖွင့်တော့လည်း နိုင်ငံရေးအပြောင်း အလဲနဲ့အတူ အဖျက်အမှောင့်အနှောင့်အယှက် ဖျက်ဆီးမှုတွေ၊ ကောလာဟလတွေကြောင့် ရင်သွေးငယ်တွေ အေးအေးချမ်းချမ်း ပညာသင်ကြားရတယ်လို့ကို မရှိလှဘူး။ တထိတ်ထိတ်တလန့်လန့်နဲ့ပဲပေါ့။ တချို့ရင်သွေး ငယ်လေးတွေဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့်တွေ ဆုံးရှုံးခဲ့ရ၊ တစ်နှစ်နှောင့်နှေးရနဲ့ ဖြစ်ကြရတယ်။
ဒီလိုစိတ်မကောင်းစရာဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာ အဆန်းတော့ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် အရေးအခင်း အပြီးမှာလည်း ကျောင်းတွေတော်တော်နဲ့ မဖွင့်နိုင်ခဲ့ဘူး။ ထိုစဉ်က နဝတအစိုးရအဖွဲ့က ကျောင်းတွေပြန်ဖွင့်ဖို့ အကောင်အထည်ဖော် စီစဉ်ပြန်တော့လည်း နိုင်ငံရေးသမားငို့ဘတွေက ကျောင်းတွေ ပြန်ဖွင့်ရင်ဖြစ်ပေါ် လာမယ့်ကိစ္စဟာ နဝတအဖွဲ့ရဲ့ တာဝန်သာဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်။
ထိုစဉ်က ပညာရေးဝန်ကြီးဒေါက်တာ ဖေသိန်း က “အဖျက်သမားတွေရဲ့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံတွေဆုံးရှုံးခဲ့ ရတာဟာ အစားထိုးဖြည့်စွမ်းနိုင်သော်လည်း ကျောင်းသား ကျောင်းသူ တွေရဲ့ ပညာသင်ကြားချိန် ဆုံးရှုံးခဲ့ရတာကတော့ အစားထိုးနိုင်စွမ်းမရှိတာမို့ အလွန်နစ်နာလှပါကြောင်း” မိန့်ခွန်းတစ်ခုမှာ ပြောကြားခဲ့တာ မှတ်မိပါသေးတယ်။
ဒါကြောင့် အခုလာမယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူတွေ အေးချမ်းစွာ ပညာ သင်ကြားရေး၊ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက် ကျောင်းသားမိဘတွေ၊ ရပ်မိရပ်ဖတွေ၊ ဆရာ ဆရာမတွေ အပါအဝင် မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးက ထိန်းသိမ်းစောင့်ရှောက်ပေးကြစေချင်ပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းထွက်သူ လုံးဝမရှိစေရေးနဲ့အလယ်တန်း၊ အထက်တန်း အဆင့်သို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့လူနေမှုပုံစံတွေ စွဲမြဲဆောင်ရွက်တတ်ဖို့ အသိပညာပေးရေး၊ ကျောင်းသား ကျောင်းသူတွေဂိမ်းစွဲလမ်းမှု ပပျောက်စေရေးတို့အတွက် မိဘ ပြည်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျောင်းအုပ်၊ ဆရာ ဆရာမအားလုံးနဲ့ အရာထမ်း၊ အမှုထမ်းအားလုံး သိရှိလိုက်နာရမယ့်အချက်တွေအဖြစ် အသိပေး နှိုးဆော်ထားတာကို သတင်းစာမှာ ဖတ်လိုက်ရပါတယ်။
အသိပေးနှိုးဆော်ချက်တွေ
အလားတူ ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအတွက် ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကို ညွှန်ကြားချက် အတိုင်း စနစ်တကျတပ်ဆင်ဖို့၊ လိုအပ်ပါက မျက်နှာအကာ (Face Shield) တပ်ဆင်ဖို့၊ လက်ကိုရေနဲ့ ဆပ်ပြာ အသုံးပြုပြီး စက္ကန့် ၂၀ကြာအောင် စနစ်တကျ မကြာခဏ ဆေးကြောဖို့၊ လက်နဲ့နှာခေါင်း၊ ပါးစပ်၊ မျက်လုံး တွေကိုမကိုင်ဖို့၊ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားရင် ကျောင်းသို့မလာဘဲနီးစပ်ရာ ကျန်းမာရေး ဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူဖို့၊ အသက် ၁၂နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူတွေ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတဲ့ အသိပေး နှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။
မြေးလေးတွေခေတ်မှာ ပညာသင်ယူရတာကလည်း အဘက်ဘက်က မလွယ်ပါလားလို့ ကျွန်မ တွေးနေမိတယ်။ ဒါပေမယ့် မြေးလေးတွေ၊ ကျောင်းသား ကျောင်းသူရင်သွေးငယ်တွေကတော့ ကျောင်းပြန်တက်ကြရတော့မယ် ဆိုပြီး ပျော်နေကြရှာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်သွေးငယ်တွေ ကျောင်းနေပျော်၍ စာတော်အောင် ကျွန်မတို့ မိဘဆရာတွေ အပါအဝင် မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးက အားပေးကြရပါမယ်။ အထူးသဖြင့် ကျောင်းသား မိဘတွေပဲပေါ့။
ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ နောက်ကွယ်မှာ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့၊ အမြော်အမြင်ကြီးမားတဲ့ မိဘတွေရှိကြတယ်လို့ ဆိုကြတယ်လေ။
“မိခင်ကောင်းတစ်ယောက်၏ စွမ်းရည်သည် ဆရာပေါင်းမြောက်မြားစွာ၏ စွမ်းရည်နှင့်ညီမျှ၏” တို့၊ “ကြီးကျယ် မြင့်မြတ်သော ပုဂ္ဂိုလ်တိုင်းသည် ထိုကြီးကျယ်မြင့်မြတ်သောအမွေကို သူတို့၏မိခင်များထံမှ ရရှိခဲ့ကြသည်” တို့၊“လူ့လောက၏ အနာဂတ်သည် မိခင်တို့၏ လက်တွင်း၌သာ တည်ရှိသည်” တို့စတဲ့ အဆိုအမိန့်တွေကြည့်ရင် တွေ့နိုင်တယ်ပေါ့။ ကျွန်မတို့မြန်မာတွေမှာလည်း “လက်ဦး ဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ” ဆိုတဲ့ စကားတွေ၊ “အပြုမှာဖခင်၏သဘော၊ အပြောမှာ မိခင်၏စရိုက်၊ ငှက်ပျောပင်စိုက်၊ မိလိုက်ဖပါ” ဆိုတဲ့ စကားလည်း ရှိတယ်ပေါ့။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီးတွေကို ပညာတတ်တွေ၊ လူတော် လူကောင်း တွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဖို့၊ ပညာသင်ကြားပေးဖို့ အလွန်အရေးကြီးတယ်ပေါ့။
ဒီလိုပြောမယ့်သာ ပြောရပေမယ့် တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ပညာကို တန်ဖိုးထား မြတ်နိုးကြတဲ့ အစဉ်အလာရှိပြီးသားပါ။ မိဘတိုင်းကလည်း ကိုယ့်သားသမီးတွေကို ပညာတတ်ကြီးဖြစ် စေချင်ကြတာချည်း ပါပဲ။ ထူးချွန်ထက်မြက်တဲ့ ကမ္ဘာသိမြန်မာနိုင်ငံသား အများအပြားလည်း ရှိခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း “ပညာနရာနံရတနံ”၊ “အသိပညာသည်သာ လူ့ရဲ့ရတနာ”၊ “ပညာသည်သာလျှင် လူသားတွေအတွက် ရတနာဖြစ်ပါတယ်” လို့ ဟောကြားတော်မူပါတယ်။
ဒါ့အပြင် မြတ်စွာဘုရားရှင်က ပညာရှာရာမှာ ထကြွလုံ့လရှိစေဖို့အတွက် -
ပျင်းရိသောသူမှာ (အသက်မွေးမှု) အတတ်ပညာ အဘယ်သို့ ရပါမည်နည်း။
အတတ်ပညာမရှိသူမှာ ဥစ္စာဓန အဘယ်သို့ရပါမည်နည်း။
ဓနမရှိသူမှာ (ကလျာဏမိတ္တ) အဆွေခင်ပွန်းကောင်း အဘယ်သို့ရပါမည်နည်း။
မိတ်ဆွေကောင်းမရှိသူမှာ ချမ်းသာမှု အဘယ်သို့ရပါမည်နည်း။
ချမ်းသာမှုမရှိသူမှာ ကောင်းမှုကုသိုလ် အဘယ်သို့ရပါမည်နည်း။
ကောင်းမှုကုသိုလ်မရှိသူမှာ မြတ်သောနိဗ္ဗာန်ကို အဘယ်သို့ရပါမည်နည်း။ စသဖြင့် ဟောကြားတော်မူခဲ့ပါတယ်။
ပညာကိုကြိုးစားသင်ယူ
ရှေးရှေး မြန်မာပညာရှိကြီးတွေကလည်း လူငယ်တွေ၊ ရင်သွေးငယ်တွေ မပျင်းမရိဘဲ အတတ်ပညာကို ကြိုးစား သင်ယူကြအောင် ဆုံးမတဲ့စာတွေ အများအပြားရေးသားခဲ့ကြပါတယ်။ စတုရင်္ဂဗလ ပညာရှိ အမတ်ကြီးဆိုရင် လူငယ်တွေအတတ်ပညာ လိုလားအောင် ပဏ္ဏိတကဏ္ဍဆိုပြီး အပိုင်းလိုက် ခွဲခြားဆုံးမခဲ့ပါတယ်။ သူတော်ကောင်းနဲ့ ပေါင်းသင်းနိုင်အောင် သူတော်ကောင်းဆိုင်ရာအပိုင်းကို သုဇန ကဏ္ဍ၊ သူယုတ်မာတို့ကို ရှောင်ကြဉ်နိုင်အောင် ဒုဇ္ဇနကဏ္ဍ၊ အသက်အရွယ်လူလားမြောက်လာတဲ့ အခါ မိတ်ကောင်း၊ ဆွေကောင်း ပေါင်းသင်းနိုင်အောင် မိတ္တကဏ္ဍ၊ အိမ်ထောင်ပြုဖို့ ရည်ညွှန်းချင့်ချိန်နိုင်တဲ့ ဣတ္ထိကဏ္ဍ၊ မင်းမှုထမ်းဖြစ်စေ၊ ကိုယ်တိုင်အုပ်ချုပ်ရတဲ့ မင်းစိုး ရာဇာဖြစ်စေ ကျင့်သုံးရမယ့်ရာဇကဏ္ဍ၊ လောကီ လောကုတ္တရာ အထွေထွေ အကျင့်တရားတွေကို ပြုတဲ့ပတိဏ္ဍက ကဏ္ဍဆိုပြီး တစ်ပိုင်းစီခွဲခြား ဆုံးမစာတွေ ရှိခဲ့ပါတယ်။
စာသင်ပျိုနုတို့ အခြေပြုဖို့အတွက် အရှင်မဟာ ရဋ္ဌသာရရေးဖွဲ့ဆုံးမတော်မူတဲ့ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံး ပန်းသွင်၊ နေ့တိုင်းဆင်လော့” ဆုံးမစာကတော့ ဘယ်ခေတ်မဆို ပညာရှာမှီး သူတို့အတွက် အသုံးဝင် အသုံးတည့်နေဆဲလို့ပဲ ဆိုရမှာပါ။ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ဆိုတာက -
၁။သု(သုဏေယျ)- ကြားနာရမယ်။(စာဖတ်ရမယ်)
၂။စိ(စိန္တေယျ)- ကြံစည်ရမယ်။ စာပါအကြောင်း အရာကိုကိုယ့်ဉာဏ်နဲ့လည်း ကိုယ်တွေးယူရမယ်။ တစ်ထွာပြရင် တစ်လံမြင်ရမယ့်သဘော။
၃။ ပု(ပုစ္ဆေယျ) - မေးမြန်းရမယ်။ မရှင်းလင်းတဲ့အချက်တွေနဲ့ အကျယ်ဝိတ္ထာရသိစရာတွေကို ပညာရှိတွေကို ချဉ်းကပ်မေးမြန်းရမယ်။
၄။ ဘာ(ဘာသေယျ)-ပြောဆိုရမယ်။ ထိုစာကို ဖတ်ဖူးသူတွေနဲ့ဆွေးနွေးပြီး ဉာဏ်ချင်းဖလှယ်ရမယ်။
၅။ ဝိ(ဝိစာရေယျ) - စူးစမ်းရမယ်။ အခြားသော အဆိုအမိန့်အရေးအသားတွေနဲ့ ညှိနှိုင်းကြည့်ရမယ်။
၆။ လိ(လိဓေယျ) - ရေးသားမှတ်သားထားရမယ်။ မှတ်စုသဘောမျိုးထုတ်နုတ် ရေးသားထားရမယ်။
၇။ သိ(သိက္ခေယျ)- လေ့ကျင့်ရမယ်။ အပြန်ပြန် ဖတ်ရမယ်၊ ရေးရမယ်။
၈။ ဓာ(ဓာရေယျ)-နှုတ်ငုံဆောင်ရမယ်။ အရေးတကြီးအသုံးဝင်မယ့်စာပိုဒ်တွေကို အလွတ်ကျက်မှတ် ထားရမယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ကျောင်းတွေ ဖွင့်လှစ်တော့မယ်
မကြာမီကျောင်းတွေ ဖွင့်လှစ်တော့မယ်။ ကျွန်မ မြေးငယ်လေးအပါအဝင် ရင်သွေးငယ်တို့ရဲ့ လိဓေယျဆိုတဲ့ အိမ်စာတွေလေ့ကျင့်မှတ်သား ဖတ်မှတ်ရေးသားနေမယ့် ပုံရိပ်တွေ၊ ဓာရေယျဆိုတဲ့ ကျောင်းသင်ခန်းစာ တွေကို နှုတ်တတ်အာဂုံဆောင် ကျက်မှတ်နေတဲ့အသံတွေ မြင်ရကြားရပါတော့မယ်။ သစ်လွင်တဲ့အဖြူ အစိမ်းကျောင်း ဝတ်စုံလေးကို ဝတ်ဆင်ပြီး ကျောပိုးအိတ်နဲ့၊ ခြေထောက်က ဖိနပ်အသစ်လေးကို ငုံ့ငုံ့ကြည့်ရင်း အပျံသင်စငှက် ကလေးတွေလို အတောင်ပံတဖျပ်ဖျပ်အားယူ ခတ်ရင်းခုန်ဆွခုန်ဆွ မြောက်ကြွမြောက်ကြွ ခြေလှမ်းတွေနဲ့ ကျောင်းသွားတက်တော့မယ့် မြေးငယ်လေးနဲ့ အားလုံးသော ရင်သွေးငယ်လေးတွေကို ကျွန်မမြင်ယောင်လာ မိတယ်။ တကယ့်ကို ကြည်နူးစရာကောင်းတဲ့ ပုံရိပ်မြင်ကွင်းတွေပါ။
တကယ်တော့ မြေးငယ်လေးနဲ့ ရင်သွေးငယ်တို့ရဲ့ ခြေလှမ်းတွေဟာ သူတို့ရဲ့အနာဂတ်အတွက် သာမက မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်၊ မြန်မာနိုင်ငံရဲ့အနာဂတ် ခြေလှမ်းတွေလည်းဖြစ်ပါတယ်။ မြေးငယ်လေး အပါအဝင် မြန်မာ့ရင်သွေးငယ်တွေ အားလုံးအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြန်မာ့လူ့အဖွဲ့အစည်း အားလုံး ကလည်း ဝိုင်းဝန်းကူညီပေးကြပါလို့ ထပ်ဆင့်တိုက်တွန်း နှိုးဆော်ပါရစေ။။
No comments:
Post a Comment