Wednesday, April 20, 2022

ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ ကျင့်ဝတ်စည်းကမ်းများတွင် နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှုမရှိရေးနှင့် ပါတီနိုင်ငံရေး ကင်းရှင်းရေးတို့နှင့် စပ်လျဉ်း၍ လေ့လာဆန်းစစ်ခြင်း

အငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦး (UCSB)

(ယမန်နေ့မှအဆက်)

ဖိလစ်ပိုင်သမ္မတနိုင်ငံ

ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် “နိုင်ငံရေးအရ ရွေးချယ်ခြင်းခံထားရသူအား  ၎င်း၏  နိုင်ငံရေး ရာထူးသက်တမ်း အတွင်း  မည်သည့်အစိုးရရုံး (သို့မဟုတ်) မည်သည့်အစိုးရရာထူး၌မဆို ခန့်အပ် ခြင်းမပြုရန်၊ မည်သည့် ရွေးကောက်ပွဲတွင်မဆို ရှုံးနိမ့် သည့် ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲအပြီး တစ်နှစ်အတွင်း အစိုးရရုံး (သို့မဟုတ်) အစိုးရပိုင် (သို့မဟုတ်)  အစိုးရထိန်းချုပ်မှုအောက်ရှိ လက်အောက်ခံ မည်သည့်ရုံးတွင်မဆို ခန့်အပ်ခြင်း မပြုရန်၊ နိုင်ငံ့ဝန်ထမ်း (သို့မဟုတ်) တပ်မတော်သားများအနေဖြင့် မည်သည့်ပါတီနိုင်ငံရေး လှုပ်ရှားမှုတွင်မဆို တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း မပါဝင်ရန်၊ မိမိတို့၏ တရားဝင် အခွင့်အာဏာ (သို့မဟုတ်) သြဇာသက်ရောက်မှုကို ရွေးကောက်ပွဲ၌ အသုံးမပြုရန်၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လက်ရှိနိုင်ငံရေးပြဿနာများ (သို့မဟုတ်) နိုင်ငံရေးအခြေအနေများအပေါ် မိမိ၏အမြင်များအား ထုတ်ဖော် ပြောဆိုခြင်းကို တားမြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မဲထည့်ခြင်းမှလွဲ၍ နိုင်ငံရေး လှုပ်ရှားမှုများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မပါဝင်ရန်၊ မည်သည့်ရွေးကောက်ပွဲတွင်မဆို ဝင်ရောက်ယှဉ်ပြိုင် ခြင်းမပြုရန်” သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

ပါကစ္စတန်နိုင်ငံ

ပါကစ္စတန်နိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့်စပ်လျဉ်းသော လှုပ်ရှားမှုများ၌ ကူညီဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း မပြုရန်ဖြစ်ကြောင်း၊ ဝန်ထမ်းအနေဖြင့် ၎င်း၏ အုပ်ထိန်းမှု အောက်ရှိ မှီခိုသူများအားလည်း အစိုးရမှ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့် ငြိစွန်းသော လှုပ်ရှားမှု များအား  ထောက်ခံခြင်း၊ ပါဝင်ခြင်း၊ သွယ်ဝိုက်သောနည်းလမ်းဖြင့် ပါဝင်ခြင်းမပြုရန် တားမြစ်ရမည် ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံအတွင်း ၌ဖြစ်စေ၊ အခြားမည်သည့်နေရာတွင်ဖြစ်စေ ကျင်းပသော ရွေးကောက်ပွဲများ၌ ပါဝင်ခြင်း၊ ချိတ်ဆက် ဆောင်ရွက်ခြင်း၊ လွှမ်းမိုးခြင်း၊ စွက်ဖက်ခြင်း၊ မဲဆွယ် စည်းရုံးခြင်း တို့ကို ဆောင်ရွက်ခွင့် မပြုကြောင်း၊ နိုင်ငံ့ဝန်ထမ်းအနေဖြင့် ၎င်းအပေါ်မှီခိုသူ မိသားစုဝင်များအား နိုင်ငံရေး အသင်းအဖွဲ့များ ဖွဲ့စည်း တည်ထောင်ခြင်း (သို့မဟုတ်) နိုင်ငံရေးအသင်းအဖွဲ့၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း ကဲ့သို့သော နိုင်ငံရေး ဖောက်ဖျက်ကျူးလွန်ခြင်းအား မပါဝင်ရန် တားမြစ်ရမည်ဖြစ်ကြောင်း” သတ်မှတ်ပြဋ္ဌာန်း ထားပါသည်။

 မော်လ်ဒိုက်နိုင်ငံ

မော်လ်ဒိုက်နိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်သည့် မည်သည့်အပြုအမူမျှ မပြုလုပ်ရသည့်အပြင် နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် အစိုးရနှင့်သော်လည်းကောင်း၊ ပြည်သူလူထုနှင့်သော် လည်းကောင်း၊ ဝန်ထမ်းအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းသစ်ရာထူးခန့်ထား ရွေးချယ်ရာတွင် လည်းကောင်း၊ ဝန်ထမ်းများအား ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေရာတွင်လည်းကောင်း နိုင်ငံရေးအရ လွှမ်းမိုးမှုနှင့်  ၎င်းတို့၏ အကျိုးတစ်စုံတစ်ရာအတွက် ဆက်နွှယ်မှုမရှိစေရဟူ၍လည်းကောင်း၊ ၎င်းအပြင် ဝန်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် နိုင်ငံရေးနှင့် ဆက်နွှယ်သည့် မည်သည့်ပါတီဝင်ကမျှ  လူတွေ့မေးမြန်းခွင့်မရှိစေရဟူ၍ လည်းကောင်း၊ ဝန်ထမ်းများကို ထုတ်ပယ်ခြင်း၊ ထုတ်ပစ်ခြင်းတို့ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ လွှမ်းမိုးမှုမရှိစေရဟူ၍လည်းကောင်း၊ ဝန်ထမ်းများသည် ရုံးချိန်အတွင်း နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောဆိုခြင်းများ ပြုလုပ်ပါက နှုတ် (သို့မဟုတ်) စာဖြင့် သတိပေးခြင်းပြုလုပ်မည်ဖြစ်ပြီး ထပ်မံကျူးလွန်လာပါက ရာထူးအဆင့်လျှော့ချခြင်း၊ ရာထူးရပ်ဆိုင်းခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းအထိ ပြုလုပ်နိုင်သည်ဟူ၍လည်းကောင်း” ပြဋ္ဌာန်းထားပါသည်။

နီပေါနိုင်ငံ

နီပေါနိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေး စသည်တို့နှင့် ပတ်သက်၍ ခွဲခြားမှုမပြုလုပ်ရန်၊ နိုင်ငံ့ဝန်ထမ်းသည် နိုင်ငံရေးပါတီ/ အဖွဲ့အစည်းများတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ခွင့်မရှိရသည့်အပြင် ဝန်ထမ်းသည် ရွေးကောက်ပွဲတွင် ၎င်း၏ လက်ရှိရာထူး အနွယ်ကို အသုံးပြု၍ ပါတီတစ်ရပ်ကို ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်းလည်း မပြုရသကဲ့သို့ ပါတီတစ်ခုကို  ထောက်ခံခြင်း (သို့မဟုတ်) ဆန့်ကျင်ခြင်းမပြုရန် နိုင်ငံ့ဝန်ထမ်း (သို့မဟုတ်)  ၎င်းတို့၏ မိသားစုဝင်များအနေဖြင့်  ပြည်သူပိုင်ပစ္စည်းများကို လွဲမှားစွာအသုံးပြုခြင်းနှင့် ယင်းသို့ ဖြစ်စေနိုင်မှုတို့ကို တားမြစ်ရန်၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ပါက အဆိုပါနိုင်ငံ့ဝန်ထမ်းကို လက်ရှိရာထူးတာဝန်မှ ထုတ်ပယ်ခြင်း (သို့မဟုတ်) ထုတ်ပစ်ခြင်း ဆောင်ရွက်ရန်” ပြဋ္ဌာန်းထားပါသည်။

အာရပ်စော်ဘွားများပြည်ထောင်စု

အာရပ်စော်ဘွားများပြည်ထောင်စုတွင် “နိုင်ငံ့ဝန်ထမ်းများသည် ဘက်လိုက်မှုမရှိဘဲ ကြားနေအဖြစ် တာဝန် ထမ်းဆောင်ရမည်  ဖြစ်သည့်အပြင် ရုံးချိန်အတွင်းနှင့် ရုံးချိန်ပြင်ပတို့တွင် နိုင်ငံရေးဆိုင်ရာ ယူဆချက်များ၊ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များနှင့် ဓလေ့ထုံးစံများကို စော်ကားခြင်း၊ အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ကြရန်” ဟု ပြဋ္ဌာန်းထားပါသည်။

အိုမန်နိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့်နိုင်ငံရေး လှုပ်ရှားမှုတွင်မဆို ပါဝင်ခြင်းမှ တားမြစ်သည်”ဟု ပြဋ္ဌာန်းထားပါသည်။

အာဖရိကနိုင်ငံ ကင်ညာတွင် “ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးဆောင်ရွက်ခြင်းနှင့် ယင်းပါတီ၏ အကျိုးစီးပွား ဆောင်ရွက်မှု တစ်စုံတစ်ရာကိုမျှ ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှုကို ရှောင်ကြဉ်၍  ဝန်ထမ်း၏  စောင့်ထိန်းရမည့် ဝတ္တရားအတိုင်း စည်းကမ်းတကျ ပြုမူဆောင်ရွက်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

အိုင်ယာလန်နိုင်ငံ

ဥရောပနိုင်ငံဖြစ်သည့် အိုင်ယာလန်နိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  မည်သည့်နိုင်ငံရေး လှုပ်ရှားမှုတွင်မှ မပါဝင်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ပြယုဂ်ဖြစ်သည့် နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှု ကင်းရှင်းခြင်းအား ပြည်သူများဘက်မှ ယုံကြည်မှု ခိုင်မာစေရေး ဆောင်ရွက်ကြရန်၊ တာဝန်အရဆောင် ရွက်ရခြင်းမှအပ အခြား မည်သို့သော စကားဝိုင်းများ (ဥပမာအနေဖြင့် သတင်းစာ၌ စာရေးခြင်း၊ တီဗွီနှင့် ရေဒီယို အစီအစဉ်များတွင် ပါဝင်ခြင်း စသည်များ) မပါဝင်ရန်” တားမြစ်ထားပါသည်။

ယူကရိန်းနိုင်ငံ

အခြားဥရောပနိုင်ငံဖြစ်သည့် ယူကရိန်းနိုင်ငံတွင်လည်း “နိုင်ငံ့ဝန်ထမ်းအနေဖြင့် ပါတီနှင့် နှီးနွှယ်ခြင်းနှင့်  နိုင်ငံရေး ဆိုင်ရာ သဘောထားအမြင်များအား ပါဝင်၍ မပြောဆိုခြင်းဖြင့် ဘက်မလိုက်သော အပြုအမူဖြင့် တာဝန် ထမ်းဆောင်ရန်၊ ဆန္ဒပြပွဲများ၌ ပါဝင်ခြင်းနှင့် စည်းရုံးကြီးမှူးခြင်းတို့၌ ပါဝင်ခြင်း မပြုရန်၊ တာဝန် ထမ်းဆောင်ချိန်တွင် ပါတီတစ်ခုအပေါ် ရည်ရွယ်ထားရှိသည့် မိမိ၏သဘောထားအမြင်ကို ထုတ်ဖော် ပြောဆိုခြင်း ကဲ့သို့သော အပြုအမူများကို ဆောင်ရွက်ခြင်း မပြုရန်  ပြဋ္ဌာန်းထားရှိပါသည်။

အဆိုပါလေ့လာတွေ့ရှိချက်များအရ ဖော်ပြပါ နိုင်ငံများတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီ နိုင်ငံရေး ဆောင်ရွက်မှုများအပေါ် တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းတို့ရှိသည်ကို တွေ့မြင်နိုင်ပြီး ယင်းအကြောင်းတရားမှာ နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားလည်ပတ်မောင်းနှင်ရသော နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ပါတီနိုင်ငံရေး ဆောင်ရွက်ပါက နိုင်ငံတော်၏ မူလဦးတည်ရာ နိုင်ငံတော်၏မူဝါဒပိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မညီညွတ်မှုနှင့်  အငြင်းပွားမှုများ  ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ရာ ဒီမိုကရေစီစနစ် တိုးတက်ထွန်းကား ပြီးသည့် အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်း၊ အိုင်ယာလန်၊ ဂျပန်၊ အိန္ဒိယနှင့် ကိုရီးယား သမ္မတနိုင်ငံတို့၌ ပင်လျှင် နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေးဆောင်ရွက်ခွင့်ကို တားမြစ်သည့် ပြဋ္ဌာန်းချက် များအား သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် သက်တမ်းနုသော ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်သည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ နီပေါ၊ ပါကစ္စတန်၊ မော်လ်ဒိုက်၊ ကင်ညာနှင့် ယူကရိန်း စသော နိုင်ငံများတွင်မူ တည်‌ဆောက်ဆဲ ဒီမိုကရေစီ မဏ္ဍိုင် ပြိုလဲမသွားစေရေး နိုင်ငံ့ဝန်ထမ်းများ၏ အဓိက တာဝန်ဖြစ်သည့် အမျိုးသားအကျိုးစီးပွားနှင့် မူဝါဒပိုင်းတို့အား စနစ်တကျ အကောင်အထည်ဖော် နိုင်ရန် အလို့ငှာ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့်ကို  တင်းကျပ်စွာ တားမြစ်ထားကြောင်း လေ့လာ တွေ့ရှိရပါသည်။ 

မျှတ၍ ဂုဏ်သိက္ခာရှိသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာနိုင်

ယင်းအချက်သည် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ဥပဒေပုဒ်မ ၁၀(ဆ)တွင်  ပါရှိသည့် နိုင်ငံ့ ဝန်ထမ်းများ အနေဖြင့် “ပါတီနိုင်ငံရေးကင်းရှင်းရမည်” ဟူသည့်အချက်နှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါသည်။ ဝန်ထမ်းများ အနေဖြင့် နိုင်ငံသား အားလုံး၏ အခြေခံအခွင့်အရေးအရ မိမိတို့ကြိုက် နှစ်သက်ရာပါတီကို လွတ်လပ်စွာ မဲပေးရွေးချယ်ခွင့် ရှိသော်လည်း ဝန်ထမ်း၏ အခြေခံကျင့်ဝတ်ဖြစ်သော ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မပါဝင်သည့် အဂတိတရားကင်းရှင်းစွာ ပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် မျှတ၍ ဂုဏ်သိက္ခာရှိသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်း ၁၃၅ မျိုး နေထိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပြည်တွင်းစစ် အရှည်ကြာဆုံး ဖြစ်ပွားခဲ့သည့် နိုင်ငံတစ်ခုပင်ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းအနေဖြင့် ပြည်ထောင်စု  တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပျက်ပြားစေနိုင်သည့် နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး ဆိုင်ရာ ကိစ္စရပ်များ အပေါ် ပုတ်ခတ်ပြောဆိုခြင်း၊ စော်ကားခြင်း၊ စည်းရုံးပြောဆိုခြင်းများကို ရှောင်ကြဉ်ရန် အထူးလိုအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဝန်ထမ်းများအားလုံး သစ္စာအဓိဋ္ဌာန် (၆)ချက်နှင့်အညီ စောင့်ထိန်းလိုက်နာ ကျင့်သုံးခြင်းဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းသည့်  နိုင်ငံ့ဝန်ထမ်းကောင်းများ  ဖြစ်စေရန်  စီမံဆောင်ရွက်ထားပါ သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်နေသည့် ကာလတစ်လျှောက်တွင် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို အလေးထားပြီး နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရား အဆက်မပြတ်လည်ပတ်နိုင်ရေး ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ထား၍ ဆောင်ရွက်ရမည်ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာကြရမည် ဖြစ်ပါသည်။

“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်အတိုင်း ပြည်သူတို့၏အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ပေး နိုင်သော အဂတိတရား ကင်းရှင်းသည့် ဝန်ထမ်းကောင်းများအနေဖြင့် ပြည်သူတို့ လိုလားသော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆန်းစစ်လေ့လာတွေ့ရှိချက်များအား တင်ပြလိုက်ရပါသည်။     

ကိုးကား-

-          Central Civil Services (Conduct) Rules, 1964 (Updated)

            As amended up to 31.12.2014, India

-          Civil Service Code of Standards and Behaviour (2011), Ireland

-          The National Public Service Act (Act No. 120 of October 21, 1947), Japan

-          The Common Statute of Civil Servants, Cambodia

-          The Civil Service Code (2015), United Kingdom 

-          Code of Federal Regulations, USA

-          FAQ POLITICS CIVIL SERVANT-JPA, Malaysia 

-          Civil Service Regulation(Reg: No. 2014/R-311)2014, Maldives

-          Conduct of Employees of the Civil Service, 2065 B.S. (2009), Nepal

-          Civil Service Act, 2049 (1993)As amended up 2007, Nepal

-          Civil Service Law (2004), Sultanate of Oman

-          Sindh Civil Servants (Conduct) Rules, (2008), Pakistan

-          Law Number 5 / 2014, about State Civil Apparatus, Indonesia

-          Code of Regulations 2004(Revised 2006), Kenya

-          Ethics of Public Servants, Code of Conduct for Public Officials (2003), Republic of Korea

-          Republic Act No.2260, Republic of the Philippines

-          Speech by Prime Minister Lee Hsien Loong (2016), Singapore

-          Code of Ethics and Professional Conduct (2020), UAE

-          Law of Ukraine on Civil Service 2011

-          Administration and the Civil Service in the EU 27 Member States

-          The Civil Service in Latin-America and the Caribbean: Situation and Future Challenges: The Caribbean Perspective

-          African Public Service: New Challenges, Professionalism and Ethics

No comments:

Post a Comment