Tuesday, April 12, 2022

ဒွိစက္ခုအမြင်နှင့် ပြီးပြည့်စုံသော စဉ်းစားတွေးခေါ်မှု

သိန်းထွန်း(IR)

တစ်ကိုယ်စာထက်ပိုသော

လူတစ်ဦးချင်းစီတိုင်းဟာ နေ့စဉ်နဲ့အမျှဆိုသလို ကိုယ့်အရေး၊ သူ့အရေးနဲ့ အများအရေးတွေ စဉ်းစား လုပ်ကိုင်ကြရင်း ဘဝအရေးအစုံစုံတွေနဲ့ လည်ပတ်နေတတ်ကြပါတယ်။

ဒီလိုဘဝအရေးတွေကို စဉ်းစားလုပ်ကိုင်ကြရာမှာ ကိုယ်တိုင်အတွက်၊ အများအတွက် ပါတတ်တာတွေအပြင် လတ်တလောအတွက်လား၊ ရေရှည်နောင်ရေးလား၊ သံသရာအတွက် လားဆိုတာလည်း စဉ်းစားကြရပါတယ်။ ကိုယ်တစ်ယောက်တည်း အရေးကို စဉ်းစား လုပ်ကိုင်ရာမှာ ကိုယ့်စိတ်ကူးတွေ၊ ဆန္ဒတွေအတိုင်း လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ပေမယ့် အများနဲ့ ဆက်စပ်ပတ်သက်နေတဲ့အရေးတွေကို စဉ်းစားလုပ်ကိုင်ရာ မှာတော့ ကိုယ့် တစ်ကိုယ်စာအတွက် စဉ်းစားလုပ်ကိုင်သလို လုပ်လို့ မရနိုင်တော့ပါဘူး။ သူ့ဘက်၊ ကိုယ့်ဘက် အများ အတွက်ဆိုတဲ့ အကျိုးတွေဆက်စပ်မှုတွေ ရှိလာလို့ ဖြစ်ပါတယ်။

တစ်ကိုယ်စာဆိုတာတောင်မှ အခုဘဝအရေး၊ နောင်သံသရာအရေးဆိုတာ ထည့်ပြီးစဉ်းစားကြ ရတာ မဟုတ်လား။ အများနဲ့ဆိုင်လာပြီဆို ဒီထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစားဖို့ လိုလာပြီပေါ့။ တစ်ကိုယ်စာထက်ပိုတဲ့ အမြင်တွေ၊ စိတ်ထားတွေနဲ့ ဆင်ခြင်စဉ်းစားမှု တွေရှိမှ ကိုယ့်အကျိုး၊ သူ့အကျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီတိုင်းအနေနဲ့ ကိုယ့်ရဲ့ ခံယူချက်၊ အတွေးအမြင်၊ စဉ်းစားတွေးခေါ်မှုတွေရဲ့ ဦးဆောင်မှုနဲ့ ဘဝကိုဖန်တီး တည်ဆောက် ကြရတာ မဟုတ်လား။ လူမှုအသိုက်အဝန်းနဲ့နေလာကြတဲ့အခါ အဲဒီတစ်ဦးတစ်‌ယောက်ရဲ့ အမြင်နဲ့ လုပ်ဆောင်မှု ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ သက်ဆိုင်ရာ ပတ်ဝန်းကျင်အပေါ် သက်ရောက်နေတာမို့ တစ်ကိုယ်စာထက်ပိုတဲ့ အမြင်နဲ့ စဉ်းစားဆင်ခြင်မှု လိုလာပါတယ်။

ကြောင်းကျိုးဆင်ခြင်ခြင်း

လူတစ်ယောက်ရဲ့ အတွေး၊ အကြံ၊ အပြော ဆိုတာတွေနဲ့ပတ်သက်လို့ မြတ်စွာဘုရားက ဓမ္မတို့သည် စိတ်လျှင်ရှေ့သွားရှိကုန်၏၊ စိတ်လျှင်အကြီးအမှူးရှိကုန်၏၊ စိတ်လျှင်အထည်ကိုယ် ရှိကုန်၏ဟု မြတ်စွာဘုရား က ဟောတော်မူပါတယ်။ လူ အပေါင်းကို စိတ်က ဦးဆောင်နေတယ်၊ စိတ်က ဆွဲငင်နေတယ်၊ တရားအကုန်လုံး က စိတ်- ဆိုတဲ့ တရားတစ်ခုရဲ့ အလိုကို လိုက်ပါနေကြတယ်။ ဒါကြောင့် သတ္တဝါတိုင်းမှာ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု သုံးခုရှိနေတဲ့အနက် စိတ်မှုကသာ အဓိကဖြစ်တယ်။ စိတ်မကောင်းရင် ကိုယ်မှု၊ နှုတ်မှုလည်း မကောင်းနိုင် တော့ဘူးလို့ အရှင်ကုမာရက ဗုဒ္ဓအလိုကျ ကြီးပွား ချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာမှာ ရေးသားထား ပါတယ်။ အဲဒီလို အရေးပါတဲ့စိတ်ရဲ့ စဉ်းစားတွေးခေါ် တဲ့အလုပ်ကို လူတိုင်း နေ့စဉ်လုပ်နေကြပေမယ့် ဘယ်လောက် အတိုင်းအတာအထိ ရှုထောင့်စုံ ထည့်သွင်းစဉ်းစားကြသလဲဆိုတာကလည်း အရေးပါလို့ နေပါတယ်။ စိတ်ရဲ့စဉ်းစားတွေးခေါ်မှုကို ဒီကနေ့ ခေတ်မှာ ပညာရှင်တွေက သိပ္ပံနည်းကျ ဆန်းစစ် လာကြပါတယ်။

စဉ်းစားတွေးခေါ်မှုနဲ့ပတ်သက်လို့ Matthew Allen က အချက်အလက်ရှာဖွေခြင်း၊ ခွဲခြမ်းစိတ်ဖြာ ခြင်းနဲ့ ပေါင်းစပ်ခြင်းတွေ ပါဝင်တဲ့လုပ်ငန်းစဉ်ဆိုင်ရာ လက္ခဏာတစ်ရပ်လို့ ဆိုပါတယ်။ သာမန်စဉ်းစားတွေးခေါ်မှု ထက်ပိုတဲ့ ပြီးပြည့်စုံသောစဉ်းစားမှု (smart thinking) ဖြစ်ဖို့ဆိုရင် ကျိုးကြောင်း ဆီလျော်မှုရှိဖို့နဲ့ ဆင်ခြင် သုံးသပ်မှုတွေ အသုံးပြုကြ ရပါတယ်။ အဲဒီလိုစဉ်းစားမှ လည်း ပိုမိုကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်းကျိုးဆင်ခြင်မှု ဆိုရာမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဖြစ်စဉ် တွေနဲ့ အတွေးအခေါ်တွေအကြား ဆက်နွှယ်မှုကို နားလည်ဖို့နဲ့ ပိုမိုစူးစမ်းဖော်ထုတ်တဲ့ လုပ်ငန်းစဉ်လို့ဆိုရင် ပိုပြီး ဆီလျော်တယ်လို့ ဆိုပါတယ်။

ကြောင်းကျိုးဆင်ခြင်မှုဟာ မရေမတွက်နိုင်တဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေနဲ့ စိတ်ကူး စိတ်သန်းတွေကိုကျော်ပြီး ပြီးပြည့်စုံတဲ့ စဉ်းစားတွေးခေါ်မှုကို ရရှိစေပါတယ်။ ကျိုးကြောင်း ဆင်ခြင်မှုကို အသုံးပြုခြင်းကြောင့် အပြန်အလှန်ချိတ်ဆက်နေတဲ့ သီးခြား အကြောင်းအရာတွေကို မြင်တွေ့နိုင်တဲ့အပြင် အခြားအရာများနဲ့ ပတ်သက်လို့ မိမိသိထား တဲ့အသိတွေပေါ် တည်မှီနေတဲ့ ထူးခြားသောအရာ တွေကိုလည်း သိစေတယ်လို့ Matthew Allen က ဆိုပါတယ်။ တစ်ခါတစ်ရံ ဆက်နွှယ်မှုတွေဟာ ထင်သာမြင်သာရှိပေမယ့် အခြားအချိန်တွေမှာ အဲဒါတွေကို မြင်ဖို့ခက်ခဲပါတယ်။ ကျိုးကြောင်းဆင်ခြင်မှုမှာ အဲဒီလိုချိတ်ဆက်နေမှုတွေ ဒါမှမဟုတ် ဆက်စပ်ပတ်သက်နေမှုတွေကို ရှာဖွေဖော်ထုတ်ရတာကြောင့် ဖြစ်ရပ်တစ်ခုချင်း၊ အကြောင်းအရာ တစ်ခုချင်း ဒါမှမဟုတ် စဉ်းစားမှုတစ်ခုချင်းဟာ အခြားဖြစ်ရပ်တွေ၊ အကြောင်းအရာတွေ ဒါမှမဟုတ် စဉ်းစားမှုတွေ အလိုက် နားလည်စေနိုင်ကြောင်း ဆိုပါတယ်။

အဲဒီလို ပြီးပြည့်စုံတဲ့စဉ်းစားတွေးခေါ်မှုကိုကြည့်ရင် ဘက်စုံထောင့်စုံကနေ ရှုမြင်ဖို့နဲ့၊ ကျိုးကြောင်းဆင်ခြင် စဉ်းစားဖို့ လိုအပ်တာ ထင်ရှားပါတယ်။ လိုချင်တာ၊ ဖြစ်ချင်တာလေး ကွက်ကွက်ကိုပဲကြည့်ပြီး စဉ်းစားမယ် ဆိုရင် ပြီးပြည့်စုံတဲ့စဉ်းစားမှုလို့ မဆိုနိုင်ပါဘူး။ ရှုမြင်တဲ့ အမြင်နဲ့ စဉ်းစားဆင်ခြင်မှ မပြည့်စုံရင် ဖြစ်ပေါ်လာတဲ့ ရလဒ်ဟာလည်း ပြည့်စုံ ဖို့ခက်ခဲသလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိလာနိုင်တာကို သတိပြုကြရမှာပါ။          

ကိုယ်ချင်းစာတရား

ကိုယ်ချင်းစာတရားဟာ လူတစ်ယောက်ရဲ့ တန်ဖိုးလည်း ဖြစ်ပါတယ်။ သူတစ်ဖက်သားအပေါ် ကိုယ်နှင့်နှိုင်းယှဉ် ပြီးထားရှိတဲ့ စာနာစိတ်၊ မေတ္တာ စိတ်လို့လည်း ဆိုရမှာပါ။ ကိုယ်ချင်းစာစိတ် နဲ့ပတ်သက်လို့ မြတ်စွာဘုရားက ဝေဠုဒွါရေယျ သုတ်မှာ ဟောခဲ့ပါတယ်။ အရှင်မဟာရဋ္ဌသာရရဲ့ ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေဆိုတဲ့ ဆုံးမစကားလိုပါပဲ။ ကိုယ်မလိုချင်တာ သူများကို လုံးဝမပေးပါနှင့်။ ကိုယ်လိုချင် တာ သူများကို အကုန်ပေးပါ။ ကိုယ်ပေးထားတဲ့အတိုင်း ကိုယ်ပြန်ရလိမ့်မယ်လို့ တောရ ဆရာတော်ကြီးက မိန့်ကြားတော် မူပါတယ်။ ဒါဟာ ကိုယ်ချင်းစာတရားပဲ ဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက်အနေနဲ့ စဉ်းစားလုပ်ကိုင် ကြရာမှာ ကိုယ်ချင်းစာတရား မပါဘဲနဲ့ဆိုရင် ပြည့်စုံတဲ့ စဉ်းစားဆင်ခြင်မှုလို့ ဆိုဖို့ခက်လှပါတယ်။ ကိုယ်ချင်းစာတရားပါမှ သူ့ဘက် ကိုယ့်ဘက်မျှပြီး တရားမျှတမှု ရရှိနိုင်ပါလိမ့်မယ်။ အဲဒီလို တရားမျှတမှုကိုရရှိစေတဲ့ ကိုယ်ချင်းစာ တရားရဲ့ ဆန့်ကျင်ဘက်ကတော့ အတ္တလွန်ကဲခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားက လူတစ်ယောက်ရဲ့ သီလ၊ တန်ဖိုး၊ စိတ်ရဲ့အရည်အသွေး လို့ဆိုရင် အတ္တလွန်ကဲ ခြင်းကတော့ လူတစ်ယောက်ရဲ့ သီလ၊ ကိုယ်ရည် ကိုယ်သွေးနဲ့တန်ဖိုးကို လျော့ကျစေတဲ့ အကျင့်စရိုက် တစ်ခုဖြစ်ပါတယ်။

အတ္တလွန်ကဲလာရင် ကိုယ်ချင်းစာတရား နည်းပါးလာတာပါပဲ။ အတ္တတွေ၊ လောဘတွေနဲ့ ယှဉ်ပြီးရလာတဲ့ ချမ်းသာသုခ၊ စည်းစိမ်၊ ပီတိနဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေနောက်လိုက်ရင်း ကိုယ်ချင်း စာတရားနည်းပါးလာတတ်ပြီး သူတစ်ပါးရဲ့ အကျိုးစီးပွားနဲ့ ရပ်တည်မှုကို မျက်ကွယ်ပြုလာတတ်ကြပါတယ်။ ဒီတော့ အတ္တနဲ့ ကိုယ်ချင်းစာ တရားဟာ ဆန့်ကျင်ဘက် သဘောလို့ ဆိုရနိုင်ပါတယ်။

ဒီကနေ့အလေးထားပြောဆိုနေကြတဲ့ လူသားချင်းစာနာမှုဆိုတာ ကိုယ်ချင်းစာတရား ရှုထောင့်ကနေ လူကိုလူချင်း အသိအမှတ်ထားပြုမူဆက်ဆံရေးပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရား မရှိဘဲ လူသားချင်းစာနာမှု ဆိုတာ မရှိနိုင်ပါဘူး။ တကယ်တော့ ကိုယ်ချင်းစာတရားဟာ လူမှု ဆက်ဆံရေး နယ်ပယ်အတွက်သာ လိုအပ်တာ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေအပေါ် ပြုမူ ဆက်ဆံတာကအစ လိုအပ်ပါတယ်။ ကိုယ်ချင်းစာတရားထွန်းကားတဲ့ အသိုက်အဝန်းတွေမှာပဲ တရားမျှတမှုတွေ၊ မေတ္တာတရားတွေနဲ့ အေးချမ်းမှုတွေလည်း ထွန်းကားလာမှာပါ။

ဆရာတော် အရှင်ဇနကာဘိဝံသကတော့ ကိုယ်ချင်းစာတရားကို လူတစ်ယောက်ရဲ့သီလလို့ ဆိုပါတယ်။ စောင့်ထိန်းအပ်တဲ့တရား လို့ဆိုရမှာပါ။ မင်္ဂလသုတ်မှာ ဝိနယောစ သုသိက္ခိတော (ဝိနယော- ကိုယ်ကျင့်ဝိနည်းကို = အဆုံးအမကို+ သုသိက္ခိတော- ကောင်းစွာသင်ခြင်း၊ ကျင့်ခြင်း) လို့ ပါပါတယ်။ စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်သီလတွေကို ကျင့်ကြံဆောက်တည်ခြင်း ဟာ မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားဆိုတဲ့ ကိုယ်ကျင့် သီလဟာ ကိုယ့်အတွက်လည်း မင်္ဂလာရှိစေသလို အခြားသူတွေအပေါ် လည်း မင်္ဂလာရှိစေပါတယ်။

ဦးနှောက်နဲ့ နှလုံးသားပေါင်းစပ်မှု

ကိုယ်ချင်းစာတရားဟာ အသက်အရွယ်၊ ပညာ၊ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ ကြွယ်ဝချမ်းသာမှု၊ ရာထူး အဆင့်အတန်း၊ ကျား/မ ဆိုတာတွေနဲ့ တိုက်ရိုက် အချိုးမကျတတ်ပါဘူး။ စိတ်ရဲ့ အရည်အသွေး၊ နှလုံးသားအရည်အသွေးတွေနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ လူတွေရဲ့ တွေးတောမှု၊ အပြောအဆိုနဲ့ လုပ်ဆောင်မှုတွေဟာ စဉ်းစားတွေးခေါ်မှုက တစ်ဆင့် ဖြစ်လာတဲ့ လုပ်ဆောင်မှုတွေဖြစ်ပြီး အဲဒီဦးနှောက်နဲ့ စဉ်းစားတွေးခေါ်မှုတွေကို ကိုယ်ချင်းစာတရားအပေါ် အခြေခံမယ်ဆိုရင် ဦးနှောက်နဲ့ နှလုံးသားပေါင်းစပ် ထားတဲ့ ပြီးပြည့်စုံတဲ့ စဉ်းစားတွေးခေါ်မှုတွေ ရရှိစေ လို့ ကောင်းမွန်တဲ့အကျိုးဆက်ကိုလည်း ရရှိပါလိမ့်မယ်။

ခေတ်တွေ ဘယ်လောက်တိုးတက်တယ်ဆိုပါစေ ကိုယ်ချင်းစာတရား၊ မေတ္တာတရား ကင်းမဲ့ နေရင် ယဉ်ကျေးတဲ့ လူ့အသိုက်အဝန်းလို့ မဆိုနိုင်ပါဘူး။ တိရစ္ဆာန်တွေကိုတောင် မညှဉ်းဆဲ၊ မသတ်ဖြတ်ဖို့ ကိုယ်ချင်းစာတရား၊ မေတ္တာတရားတွေနဲ့ အမျိုးမျိုး ကြိုးပမ်းနေကြတာ တွေ့နိုင်ပါတယ်။ တစ်ခါတစ်ရံ ဦးနှောက်နဲ့ပဲ စဉ်းစားဆုံးဖြတ်ရတာတွေ ရှိသလို တစ်ခါတစ်ရံ နှလုံးသားနဲ့ ဆုံးဖြတ်ရတာတွေလည်း ရှိကြပါတယ်။ ပိုပြီး ပြီးပြည့်စုံတဲ့ အမြင်၊ အတွေး၊ အကြံ၊ အပြော၊ အလုပ်တွေ ဖြစ်ဖို့ဆိုရင် ဦးနှောက် နဲ့နှလုံးသားပေါင်းစပ်မှသာ ပြည့်စုံပါလိမ့်မယ်။

နှစ်ဖက်အမြင်ရှိသူ (ဒွိစက္ခုကပုဂ္ဂိုလ်)

လူတွေရဲ့ အတွေးအခေါ်တွေ မြင့်တက်လာဖို့ ဝေဖန်ပိုင်းခြားစဉ်းစားတာ၊ သိပ္ပံနည်းကျ စနစ်တကျ တွေးခေါ် တာနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာပေမယ့် နှလုံးသားအရည်အသွေး တစ်ခုဖြစ်တဲ့ ကိုယ်ချင်းစာ တရား မပါဝင်ဘူးဆိုရင် ပြီးပြည့်စုံတဲ့ စဉ်းစားတွေးခေါ်မှုလို့ ဆိုဖို့ ခက်ပါတယ်။ လူတစ်ယောက်အပေါ်မှာဖြစ်ဖြစ်၊ ဖြစ်စဉ်ဖြစ်ရပ်တစ်ခု ကိုဖြစ်ဖြစ် ပိုင်းခြားသုံးသပ် စဉ်းစားရာမှာ မျက်ကန်း လို (အန္ဓပုဂ္ဂိုလ်) နဲ့ တစ်ဖက်မြင် (ဧကစက္ခုကပုဂ္ဂိုလ်) မဖြစ်ဖို့လိုပြီး နှစ်ဖက်အမြင် (ဒွိစက္ခုကပုဂ္ဂိုလ်) ဖြစ်မှ မိမိအကျိုး၊ အများအကျိုး ရရှိစေမှာပါ။ မျက်ကန်း ပုဂ္ဂိုလ်နဲ့ တစ်ဖက်မြင် ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ရမယ်၊ မြင့်မြတ်တဲ့ နှစ်ဖက်မြင်ပုဂ္ဂိုလ် ကို မှီခို ပေါင်းသင်းရမယ်လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။

လုပ်သင့်တာနဲ့မလုပ်သင့်တာ၊ အပြစ်ရှိတာနဲ့ အပြစ်ကင်းတာ ဒီနှစ်ခုကို ကွဲကွဲပြားပြားသိရှိတဲ့ အမြင်မျက်စိ ဆိုတာ ဒုတိယမျက်လုံးအနေနဲ့ လိုအပ်ကြောင်း၊ ဒါမှသာ လူ့ဘဝဟာ ပြည့်စုံပြီး ဘဝသံသရာမှာလည်း ကောင်းကျိုးချမ်းသာရရှိမည်ဖြစ်ကြောင်း၊ စီးပွားရှာတတ်တဲ့ အမြင်သာရှိပြီး ကိုယ်ကျင့်သီလ ဆိုင်ရာ အမြင်မရှိတဲ့ သူဟာတစ်ဖက်မြင်သာ ဖြစ်တယ်၊ လောကမှာ အမြင်နှစ်မျိုး ပြည့်စုံသူမှသာ ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်လို့ မြတ်စွာဘုရားက ဟောကြားကြောင်း ပါမောက္ခချုပ် ဆရာတော်ကြီးက ကိုယ်ချင်း စာတရားနဲ့ ကိုယ်ကျင့်သီလတရားမှာ ဟောတော် မူပါတယ်။

ဒီတော့ သူ့အကျိုး၊ ကိုယ့်အကျိုး၊ အများအကျိုး ကောင်းဖို့ဆိုရင် စဉ်းစားဆင်ခြင်ကြရာမှာ ကိုယ်ချင်း စာတရားဆိုတဲ့ ရှုထောင့်အမြင် ပါဝင်မယ်ဆိုရင် မှန်ကန်တဲ့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတွေ ဖြစ်လာမှာပါ။ မိမိကြောင့် သူတစ်ပါးကို မထိခိုက်စေတာ၊ သူတစ်ပါးကို ငဲ့ညှာသနားတတ်တာ၊ ကိုယ်နဲ့ယှဉ်သောစိတ် မွေးမြူ ခြင်းဟာ သူတော်ကောင်းတွေရဲ့လုပ်ရပ်တွေလည်း ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာ စိတ်နဲ့ပြုမူ၊ ပြောဆို၊ လုပ်ကိုင်ကြမှ သူ့ဘက်ကိုယ့်ဘက် စိတ်ချမ်းသာစေမှာပါ။ ဒီလိုမဟုတ်ဘဲ အန္ဓပုဂ္ဂိုလ်လို၊ ဧကစက္ခုက ပုဂ္ဂိုလ်တွေလိုဆိုရင် ငြိမ်းချမ်းမှုတွေ၊ တရားမျှတမှုတွေ၊ မေတ္တာတရားတွေ ဆိတ်သုဉ်းပြီး အေးချမ်းတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်ဖို့ ခက်ခဲပါလိမ့် မယ်။

ဒီတော့ ပစ္စုပ္ပန်အကျိုး၊ သံသရာအကျိုး၊ မိမိ အကျိုး၊ အများအကျိုး ပြည့်စုံစေဖို့အတွက် ဒွိစက္ခု အမြင်နဲ့ ပြည့်စုံတဲ့စဉ်းစားဆင်ခြင်မှုကို ကျင့်ကြံ တည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။

ကိုးကား

၁။         ပါမောက္ခချုပ်ဆရာတော်၊ ကိုယ်ချင်းစာတရား နှင့် ကိုယ်ကျင့်သီလတရားတော်

၂။         အရှင်ကုမာရ၊ ဗုဒ္ဓအလိုကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ

၃။         ဦးရွှေအောင်၊ ဓမ္မပဒ

၄။         Matthew Allen၊ SMART THINKING SKILLS FOR CRITICAL UNDERSTANDING AND WRITING (second Edition)

No comments:

Post a Comment