တင်ထက်ထက်ဇော်
မြန်မာနိုင်ငံတွင်ပဲအမျိုးမျိုးစိုက်ပျိုးစားသုံး လျက်ရှိကြရာ ၎င်းတို့အနက် စားသုံးမှုအများဆုံး ဖြစ်ကြသော ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုပ်၊ စားတော်ပဲ၊ မတ်ပဲနှင့် ပဲတီစိမ်း စသည့် ပဲအမည်တစ်မျိုးချင်းစီ၏ လူသားတို့အတွက် ကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်းကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုပါသည်။
ကုလားပဲ
ကုလားပဲတွင် အာဟာရဓာတ်ပေါကြွယ်ဝလှသည့်အပြင်
ဈေးနှုန်းချိုသာပြီး အလွယ်တကူဝယ်ယူ ရရှိနိုင်သဖြင့်“ဆင်းရဲသားအမဲ (Poor Man’s
Beef)”ဟု ခေါ်စမှတ်ပြုကြပါသည်။ အဘယ်ကြောင့် ဆိုသော်အမဲသားနှင့် ကုလားပဲတို့တွင် တူညီသော
အာဟာရဓာတ်ကိုရရှိနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် ကုလားပဲတွင် ကစီဓာတ်နှင့် အသားဓာတ်တို့
အဓိကပါဝင်နေကြသည်။ ကာဗိုဟိုက်ဒရိတ် (ခေါ်) ကစီဓာတ်ကို ကော်ဓာတ်ဟုခေါ်သည်။ ကစီဓာတ်က
ခန္ဓာကိုယ်ကြီးထွားရေးအတွက် မဖြစ်မနေလိုအပ် သကဲ့သို့ သွားလာလှုပ်ရှားမှုနှင့် အသက်ရှင်နေထိုင်မှုတို့အတွက်
အင်အားအများဆုံးပေးသောဓာတ် လည်းဖြစ်ပါသည်။ ထိုမျှမက ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေ၍ခန္ဓာကိုယ်မွမ်းမံမှု၊သွေးသား
ညီညွတ်မှုတို့ကိုလည်း ၎င်းကစီဓာတ်က စွမ်းဆောင်ပေးနိုင်သည်။အသားဓာတ်ကခန္ဓာကိုယ်တည် ဆောက်ရေးအတွက်
မဖြစ်မနေလိုအပ်သောဓာတ် ဖြစ်သည်။ လူသားတို့ အသက်ရှင်ရေးအတွက် ရေက လွဲလျှင် ဒုတိယမြောက်
အရေးအကြီးဆုံးဓာတ်မှာ အသားဓာတ် ဖြစ်သည်။ ခန္ဓာကိုယ်တောင့်တင်းရေး၊ အသားတည်ဆောက်မှု
အားပေးရေး၊ သွေးသား ဆူဖြိုးတိုးတက်စေရေး၊ ဦးနှောက်၊ နှလုံးအသား မျှင်များ၊ ကျောက်ကပ်နှင့်
အကြောများမပျက်စီးစေ ရန်နှင့် ရောဂါဘယများ အလွယ်တကူ မကျရောက် စေရန် ကာကွယ်ရေးလုပ်ငန်းများကို
အသားဓာတ်က တာဝန်ယူဆောင်ရွက်ပေးပါသည်။ ကလေးများ တွင် အသားဓာတ်မလုံလောက်ပါက ကြီးထွားမှု
ရပ်ဆိုင်းပြီး အရပ်ပုကာ လူစဉ်မမီဖြစ်တတ်သလို အရွယ်ရောက်ပြီးသူများတွင်လည်း အသားဓာတ်
လုံလောက်စွာမရရှိပါကအင်အားကုန်ခန်းပြီး ကိုယ်စိတ်နှလုံး ပင်ပန်းခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊
ရောဂါရလွယ်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ ပျက်စီးချို့ယွင်းနေသော အသားအရေ
ရုပ်ကလာပ်များကို ပြန်လည်ဖွဲ့စည်းထူထောင်ပေး သည့် အသားဓာတ်အရင်းအမြစ်ဖြစ်သော ကုလားပဲကို
စားသုံးပေးသင့်ပါသည်။
ပဲစင်းငုံ
ပဲစင်းငုံကို
ကုလားပဲလောက် လူသုံးမများသော် လည်းကုလားပဲထက်လူနှင့်ပိုတည့်သည်ဟု ရှေးလူကြီးသူမများက
အယုံအကြည်ရှိကြသည်။ ပဲစင်းငုံထဲတွင် ပိုတက်စီယမ်သတ္တုဓာတ် အဓိက အများဆုံးပါရှိပြီး
၎င်းဓာတ်က ခန္ဓာကိုယ်ထဲ ရောက် သွားသောအခါ ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးပါသည်။ထို့ကြောင့်
သွေးတိုးရောဂါ ရှိသူများအနေဖြင့် ပဲစင်းငုံကိုနေ့စဉ်စားပေး သင့်သည်။ပရိုတင်းဓာတ်အပြည့်အဝပါရှိသည့်
ပဲစင်းငုံကို စားပေးခြင်းဖြင့် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများနှင့် အရိုးများကို
ကောင်းစွာ တည်ဆောက်စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေ ပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်ထဲရှိ
ဆဲလ်အသစ် များတည်ဆောက်မှုကို အားပေးသည်။ ပဲစင်းငုံ တစ်ခွက် နေ့စဉ်စားပေးခြင်းဖြင့်
ပရိုတင်း ၁၁ ဂရမ်ကို ရရှိနိုင်ပါသည်။ ဖောလိပ်ဓာတ်ကြွယ်ဝသဖြင့် သွေးအားနည်းရောဂါ မဖြစ်စေတော့ပေ။
ထို့ပြင် မွေးရာပါဖောလိပ်ဓာတ်ချို့တဲ့ခြင်းကလည်း အာရုံ ကြောအားနည်းခြင်းကို ဖြစ်စေနိုင်သည်။
ထိုအခါ ပဲစင်းငုံစားပေးခြင်းဖြင့် သွေးအားနည်းရောဂါနှင့် အာရုံကြောအားနည်းခြင်းမဖြစ်အောင်
ကာကွယ်ပေးထားနိုင်ပါသည်။ အရွယ်ရောက်ပြီးသူ လူတစ် ယောက် အတွက် တစ်နေ့တာဗီတာမင် ဓာတ်လိုအပ်ချက်ပမာဏကို
တစ်ခွက်စာပမာဏရှိသော ပဲစင်းငုံထဲမှ လုံလောက်စွာရရှိနိုင်ပါသည်။ ပဲစင်းငုံအစေ့၊ အရွက်နှင့်
အသီးထဲတွင် အော်ဂဲနစ် ဓာတ်ပေါင်းစုများပါရှိနေသဖြင့် ခန္ဓာကိုယ် ရောင်ရမ်းနာများကို
ကောင်းစွာကုသပေးနိုင်သည်။ ပဲစင်းငုံက ကိုယ်အလေးချိန်ကျစေခြင်း၊ ကိုယ်ခံ အားကောင်း၍
ခွန်အားတိုးပွားစေခြင်း၊ နှလုံးနှင့် နှလုံးသွေးကြောများကို ကျန်းမာစေခြင်း၊ အစာခြေစနစ်ကျန်းမာစေခြင်း
စသည်တို့အတွက်ကိုလည်း ကောင်းကျိုးပြုပေးနိုင်ပါသည်။
ပဲပုပ်
ပဲပုပ်အမျိုးမျိုးရှိသည့်အနက်
“ရွှေဝါ” ခေါ် ပဲပုပ်မျိုးသည် ပိုမွှေးပိုဆိမ့်သောအရသာထူး၍ ရှမ်းပြည် နယ်၌ ၁၉၅၅ ခုနှစ်တွင်
တိုးချဲ့စိုက်ပျိုးခဲ့ပါသည်။ ပဲပုပ်တွင် ခွန်အားနှင့် သွေးနီအားကိုတိုးတက် စေသောသံဓာတ်အလုံအလောက်ပါရှိနေသဖြင့်
သက်သတ်လွတ်စားသူများအတွက် သံဓာတ် ဖြည့်စွက်စာအဖြစ် အားကိုးထိုက်ပါသည်။ ပဲပုပ်တွင် ပါရှိသော
အသားဓာတ် (ခေါ်) ပရိုတင်းဓာတ်က အခြားသောသီးနှံပင်များထဲရှိ ပရိုတင်းဓာတ်မျိုးနှင့်
မတူဘဲ သာလွန်ကောင်းမြက်သော ပထမတန်းစား ပရိုတင်းဓာတ်ဖြစ်သည်။ ၎င်းပရိုတင်းဓာတ်သည် အမဲသား၊
ကြက်ဥနှင့် နွားနို့တွင်ပါရှိသော ပရိုတင်း ဓာတ်နှင့် အမျိုးအစားတူညီရုံမျှမက ပဲပုပ်တွင်
ပရိုတင်းဓာတ်ပါဝင်မှု ပိုများသည်။ ထူးခြားချက်မှာ ပဲပုပ်တွင်ပါရှိသော ပရိုတင်းပမာဏသည်
အမဲသား ထက်နှစ်ဆ၊ ကြက်ဥထက်သုံးဆ၊ နွားနို့ထက် ဆယ့်တစ်ဆ ပိုမိုသည်။ ပဲပုပ်တွင် ကစီဓာတ်ပါဝင်မှု
လွန်စွာနည်းသဖြင့်အဝလွန်သူများနှင့် ဆီးလွန် ရောဂါရှိသူများအတွက်ကောင်းကျိုးပြုပါသည်။
ပဲပုပ်က ပိန်သောသူကို ဝဖြိုးစေခြင်း၊ အသားအရေကို အရွယ်တင်နုပျိုစိုပြည်စေခြင်း၊ ဝမ်းချုပ်ရောဂါကို
ကုသနိုင်ခြင်း၊ ကြွက်သား၊ အရေပြားနှင့် အကြော များကိုအားကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်း
အပူဓာတ်ဖြည့်ပေး၍ အားပြည့်စေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့် အစာအိမ်တို့ကို ကျန်းမာ
စေခြင်း၊ ဗီတာမင်အေဓာတ်ကြွယ်ဝ၍ မျက်စိအား ကောင်းစေခြင်း၊ ဦးနှောက်နှင့် အာရုံကြောများကို
အားပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။ ထို့ပြင် အရိုးနှင့် သွားများကို ခိုင်မာစေခြင်း၊
အရိုး ကြီးထွားမှုကို အားပေးခြင်း၊ ကိုယ်ခန္ဓာထွားကျိုင်း စေခြင်းတို့ကြောင့် ကလေးငယ်များနှင့်
သက်ကြီး ရွယ်အိုများအနေဖြင့် ပဲပုပ်ကို မဖြစ်မနေစားပေးသင့် ပါသည်။ ပဲပုပ်ကို အပူပေး၍
ချက်ပြုတ်ထုတ်လုပ် သော ပဲနို့ဒိန်ခဲကို နွားနို့ဒိန်ခဲနှင့် နှိုင်းယှဉ်ကြည့်ပါက ပဲနို့ဒိန်ခဲကအနံ့အရသာတွင်သာလွန်ကောင်းမွန်သည်။
ထို့ပြင် ပဲနို့ဒိန်ခဲကလည်း နွားနို့ဒိန်ခဲနည်းတူ လူသားတို့၏အစာအိမ်နှင့် အူလမ်းကြောင်းကို
အကျိုးပြုပေးသောပိုးမွှားလေးများပါရှိနေပြီး ထူးခြား ချက်မှာ ပဲနို့ဒိန်ခဲထဲရှိ ၎င်းအကျိုးပြုပိုးမွှားလေးများက
အရွယ်အစားပိုကြီးကာပို၍လည်း အစွမ်း ထက်မြက်ကြောင်း လေ့လာသိရှိရပါသည်။
စားတော်ပဲ
စားတော်ပဲပြုတ်တွင်
လူသားတို့ကျန်းမာရေး ကို အထောက်အကူဖြစ်စေသော ဗီတာမင်နှင့် သတ္တု ဓာတ်တို့ အလုံအလောက်ပါရှိပြီး
ဘေးဖြစ်စေတတ်သော ကိုလက်စထရော လုံးဝမပါရှိသည့်အတွက် နေ့စဉ်စားသုံးပေးသင့်သော အာဟာရဖြစ်ကြောင်း
USDA (ခေါ်) အမျိုးသားအာဟာရပြုစစ်တမ်းများ နှင့် WHFoods တို့က အခိုင်အမာထောက်ခံထားကြ
ပါသည်။ ပဲပြုတ်ထဲတွင် အဆီဓာတ်နှင့် ကယ်လိုရီ ပါဝင်မှု မရှိသလောက် လွန်စွာနည်းပါးသော်လည်း
အာဟာရဓာတ်ကြွယ်ဝသောကြောင့်ကိုယ်ခန္ဓာ အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ မှီဝဲစားသုံး
သင့်သည်။ ပဲပြုတ်တွင် ချေဖျက်လွယ်သော အမျှင် ဓာတ်အမြောက်အမြားပါရှိနေကြပြီး ၎င်းဓာတ်များ
က အစာခြေလမ်းကြောင်းအတွင်း အစာကို လှုပ်ရှား ရွေ့လျားစေသည့်အလိုအလျောက်ကြွက်သား လှုပ်ရှားမှုကို
အားပေးသဖြင့် ဝမ်းချုပ်ခြင်းမှကာကွယ် ပေးပါသည်။ စားတော်ပဲပြုတ်တွင် nicotinic အက်စစ်ပါရှိသဖြင့်
သွေးထဲရှိမကောင်းသော LDL ကိုလက်စထရောကိုလျှော့ချပေးနိုင်သည်။ စားတော်ပဲကသံဓာတ်အရင်းအမြစ်ဖြစ်ခြင်းကြောင့်
သွေးနီ ဥဆဲလ်များကို ကောင်းစွာတည်ဆောက်စေကာ သွေးအားနည်းရောဂါနှင့် အလွန်အမင်း မောပန်းခြင်း
တို့မှ ကာကွယ်ပေးနိုင်ပြီးကိုယ်ခံ စွမ်းအားကို တိုးတက်မြင့်မားလာစေပါသည်။ ထို့ပြင်
အဆုတ်ထဲရှိ အောက်ဆီဂျင်ကိုခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးသည်။
စားတော်ပဲတွင်
lutein နှင့် carotenoid တို့ပါရှိ နေသဖြင့် ပဲပြုတ်ကို ပုံမှန်စားသုံးသောသူများသည်
အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ဖြစ်တတ် သော မျက်စိရောဂါအမျိုးမျိုးနှင့် မျက်စိရေတိမ်ရောဂါ
ဖြစ်နိုင်ခြေအလားအလာကို လျှော့ချပေးနိုင်ပါသည်။ စားတော်ပဲပြုတ်တစ်ခွက်စာပမာဏထဲတွင်
ဗီတာမင်ကေ ၄၄ ရာခိုင်နှုန်းပါရှိသည့်အပြင် ဗီတာမင်ဘီလည်း အပြည့်အဝပါရှိသဖြင့်အရိုး
ကျန်းမာသန်စွမ်းစေကာ ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးကြွပ်ဆတ်ခြင်းမှလည်း ကာကွယ်ပေး
နိုင်သည်။ထို့ကြောင့်ကလေး၊လူကြီးများသာမက ကိုယ်ဝန်ဆောင်မိခင်လောင်းများပါ ပဲပြုတ်ကို
စားပေး သင့်သည်။ ထို့ပြင် စားတော်ပဲက သွေးထဲရှိ သကြားပမာဏကို ပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက်
လိုအပ်သောခွန်အားများကို ထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုတိုးတက် ကောင်းမွန်
စေခြင်း၊ သွေးခဲခြင်းမှကာကွယ်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အစာအိမ်ကင်ဆာ၊ လေပြွန်ဖောင်းပွ
သည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်အကြိုဇရာရောဂါတို့ကို ကာကွယ်
ပေးခြင်းဖြင့် ကောင်းကျိုးပြုပါသည်။ ဖောလိပ်ဓာတ် အရင်းအမြစ်စုဝေးရာ စားတော်ပဲပြုတ်ကို
ကိုယ်ဝန် ဆောင်မိခင်များ စားပေးခြင်းဖြင့် မွေးဖွားလာသော ကလေးငယ်များတွင် မွေးရာပါ
ဦးနှောက်နှင့် အာရုံကြောဝေဒနာများ ဖြစ်နိုင်ခြေအလားအလာ နည်းပါးစေသည်။ အမျိုးသမီးများ
သွေးဆုံးကိုင်မဖြစ်စေပါ။
မတ်ပဲ
မတ်ပဲတွင် ဗီတာမင်၊
ပရိုတင်း၊ သတ္တုဓာတ် စသည်တို့အမြောက်အမြားပါဝင်နေသောကြောင့် လူသားတို့ကျန်းမာရေးအတွက်
အရေးပါသော ပဲတစ်မျိုးဖြစ်ပါသည်။ မတ်ပဲသည် သံဓာတ်ပြည့်ဝ သော ကောက်ပဲသီးနှံတစ်မျိုးဖြစ်၍
ခွန်အားဖြစ်စေသည်။ အထူးသဖြင့် သံဓာတ်အားနည်း၍ ဓမ္မတာ မမှန်သော အမျိုးသမီးများ မဖြစ်မနေစားပေးသင့်
သည်။ မတ်ပဲတွင် ကျေညက်လွယ်သော အမျှင်ဓာတ် နှင့် ကျေညက်ခဲသော အမျှင်ဓာတ်ဟူ၍ အမျှင်ဓာတ်
နှစ်မျိုး ကြွယ်ဝစွာပါရှိနေကြပြီး ၎င်းအမျှင်ဓာတ် များကအစာခြေစနစ်ကို ကောင်းမွန်စေကာ
ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးသည်။ ဖောလစ်အက်စစ် နှင့် မဂ္ဂနီစီယမ်ဓာတ်တို့ မတ်ပဲတွင်ပါရှိသဖြင့်
နှလုံးကျန်းမာအောင် အထောက် အကူပြုပေးနိုင်ပါသည်။ ထို့ပြင် မတ်ပဲက ခန္ဓာကိုယ် ထဲရှိ
မကောင်းသောကိုလက်စထရောကို ကျစေ သည်။ ထို့ပြင် မတ်ပဲနှင့် ထောပတ်ကြော်စားပေးခြင်းဖြင့်
နို့တိုက်မိခင်များအတွက်နို့ထွက်အားကောင်း စေသည်။ ပရိုတင်းဓာတ် အရင်းအမြစ်ဖြစ်သည့်
မတ်ပဲကိုစားပြီးနောက် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွား လာကာကြွက်သား တစ်သျှူးများကိုခွန်အား
ဖြစ်စေသည်။ ထမင်းကဲ့သို့အစားအစာများ စားပြီးနောက် သွေးထဲမှ ဂလူးကို့စ်ပမာဏကို မတ်ပဲက
ထိန်းညှိပေးနိုင်သည်။ ဆီးချိုရောဂါဖြစ်ခါစ လူနာများအနေဖြင့် မတ်ပဲဖြင့်လုပ်ထားသော ပဲပင်ပေါက်လက်တစ်ဆုပ်စာပမာဏကို
ကြက်ဟင်းခါးသီး အနေတော် အရွယ်တစ်လုံးဖြင့်ကြိတ်၍ ဖျော်သောက်ပေးပါ။ ဤဆေးအားတစ်နေ့တစ်ကြိမ်နှုန်းဖြင့်
လေးလခန့် ကြာအောင်စွဲသောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ်စေနိုင်ပါသည်။ မှတ်ဉာဏ်အားနည်းခြင်း၊
စိတ်ကယောင်ချောက်ချား ဖြစ်ခြင်း၊ သတိမေ့လျော့ခြင်း စသည့် အာရုံခံအင်္ဂါ အဖွဲ့အစည်းပြဿနာ
များအတွက် မတ်ပဲက လွန်စွာ ကောင်းကျိုးပြုသည်။ ထို့ပြင် အဆစ်အမျက် ရောင်ရမ်းခြင်းများ
သက်သာစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း၊အဆီကျစေခြင်း၊အရိုးအား ကောင်းစေခြင်းစသည်ဖြင့်
ကောင်းကျိုးပြုသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း မတ်ပဲကို ဖြည့်စွက်စာအဖြစ်
စားသုံးပေးသင့်ပါသည်။
ပဲတီစိမ်း
မြန်မာနိုင်ငံတွင်
ပဲမျိုးစုံသီးနှံကို ဧက ၁၀ သန်း နီးပါးစိုက်ပျိုးလျက်ရှိရာ ၎င်းတို့အနက် ပဲတီစိမ်း
စိုက်ဧကမှာ အများဆုံးဖြစ်သည်။ပဲတီစိမ်းကို ပြည်ပပို့ကုန်တွင် အားကိုးရပြီး ပြည်တွင်းစားသုံး
မှုအတွက်ကိုလည်း အားထားရသောသီးနှံဖြစ်သည်။ ပဲတီစိမ်းတွင် လူကိုဘေးဖြစ်စေသောအဆီ လုံးဝမပါရှိပေ။
တစ်အောင်စအလေးချိန်ရှိသော ပဲတီစိမ်းတွင်ပါရှိသည့် ပရိုတင်းဓာတ်သည် ၎င်းနှင့် အလေးချိန်တူ
ကြက်သား သို့မဟုတ် ကြက်ဆင် သို့မဟုတ် ဆယ်လ်မွန်ငါး တစ်အောင်စထဲတွင်ပါရှိ သော ပရိုတင်းဓာတ်ပမာဏနှင့်
ထပ်တူညီမျှနေပြီး ကြက်ဥပြုတ်တစ်လုံး၏ ပရိုတင်းပမာဏနှင့်လည်း ထပ်တူညီကြောင်း သိရသည်။
ပဲတီစိမ်းရှိ ကော့ပါးဓာတ်က လူ့ခန္ဓာကိုယ်အသားအရေအတွက် အရွယ်တင်နုပျိုစေသော လျှို့ဝှက်ချက်ဖြစ်ပါသည်။
ပဲတီစိမ်းကို နံနက်စာအာဟာရအဖြစ် နေ့စဉ်စားသုံး ပေးခြင်းဖြင့် မျက်နှာပေါ်ကအမည်းစက်ပြောက်များနှင့်
အရေးအကြောင်းများကို လျော့ပါးသက်သာ စေသည်။ ယနေ့ကမ္ဘာတွင် လူသားများ နေထိုင်စားသောက်မှုစနစ်မကျခြင်းကြောင့်
ကျန်းမာရေး ဆုတ်ယုတ်နေကြသည်။ ပဲတီစိမ်းက အစာခြေစနစ် ကိုကောင်းမွန်စေပြီးခန္ဓာကိုယ်တွင်း
ဇီဝကမ္မဖြစ်စဉ် ကို တိုးတက်စေသဖြင့်သွေးလွှတ်ကြောများနှင့် ဆံချည်မျှင်သွေးကြောငယ်များအတွင်း
ကိုလက် စထရောများ အနည်ကျပိတ်ဆို့ခြင်းကို လျှော့ချပေး နိုင်သည်။ ထို့ပြင် ကိုလက်စထရောကြောင့်
နှလုံး ရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ပဲတီစိမ်းပုံမှန်စားပေးခြင်းက အစာကျေညက်လွယ်
ခြင်း၊ အရိုးအားကောင်းစေခြင်း၊ သွားနှင့် သွားဖုံး ကျန်းမာစေခြင်း၊ သွေးတိုးရောဂါမှ
ကာကွယ်ပေးခြင်း၊ စိတ်အာရုံခံစွမ်းအား တိုးပွားစေခြင်း၊ ကိုယ်ခံစွမ်းအား ကို တိုးတက်မြင့်မားစေခြင်း၊
ခန္ဓာကိုယ်တွင်း အဆိပ် အတောက်ပြေပျောက်စေခြင်း၊ကင်ဆာရောဂါ များကို နှိမ်နင်းပေးခြင်း၊
သကြားပမာဏကို ထိန်းညှိ ပေးခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ ဗိုင်းရပ်စ်ပိုးအန္တရာယ်မှ
ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
ပြည်ပပို့ကုန် မြန်မာ့ပဲမျိုးစုံ
ပြည်ပပို့ကုန်ကဏ္ဍများတွင်လယ်ယာ
ထွက်ကုန်ပစ္စည်းတင်ပို့မှုကဏ္ဍမှာ အားထားရသည့် ကဏ္ဍတစ်ခု ဖြစ်နေသကဲ့သို့လယ်ယာထွက်ကုန်
ပစ္စည်းတင်ပို့မှုကဏ္ဍတွင်လည်းပဲမျိုးစုံတင်ပို့မှုမှာ အားထားရသည့် ကဏ္ဍတစ်ခုဖြစ်နေပါသည်။၂၀၂၀
- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၁၄၉၂၇ ဒသမ ဝ၆၅ သန်း
ရရှိခဲ့ရာ လယ်ယာထွက်ကုန်တင်ပို့မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၆၂၂ ဒသမ ၉၆၉ သန်း ရရှိခဲ့ကြောင်းနှင့်
၎င်းပမာဏအနက် ပဲမျိုးစုံတင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်း ရှိကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ထို့ပြင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်ခြောက်လတာကာလအတွင်း
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ပဲမျိုးစုံတင်ပို့ရောင်းချမှုမှ
အမေရိကန် ဒေါ်လာ ၂၄၂ ဒသမ ၄၆၇ သန်း ရရှိခဲ့ပြီး ပင်လယ် ရေကြောင်းမှပိုမိုတင်ပို့ရောင်းချပေးခဲ့ကြောင်း
လေ့လာသိရပါသည်။
အချုပ်အားဖြင့်ဆိုသော်
မြန်မာ့ပဲမျိုးစုံမှ နိုင်ငံခြားဝင်ငွေအမြောက်အမြားဖော်ဆောင် နိုင်သဖြင့် ပဲစိုက်တောင်သူများအနေဖြင့်
ယခုထက် ပို၍တိုးချဲ့စိုက်ပျိုးသင့်သလိုနိုင်ငံတော်အနေဖြင့်လည်း ပဲစိုက်တောင်သူများအတွက်
လိုအပ်သော ပံ့ပိုးမှုများကို ဆောင်ရွက်စေလိုပါကြောင်း အကြံပြု လိုက်ရပါသည်။ ။
No comments:
Post a Comment