Monday, April 11, 2022

မဟာသင်္ကြန်ကာလတွင် ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပြုစေလို


မောင်သောင်းဝင်း (တမန်ဟောင်း)

မကြာမီ မြန်မာလူမျိုးတို့၏ မဟာသင်္ကြန်ပွဲတော်ကြီး ကျရောက်တော့မည်ဖြစ်သည်။ ရပ်ကွက်ထဲတွင် သင်္ကြန်တေးသီချင်းများ ကြားနေရပြီးသင်္ကြန် အငွေ့အသက်ကိုကြိုတင်ခံစားနေရပြီဖြစ်သည်။ နိုင်ငံ တစ်ဝန်းတွင် သင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ သင်္ကြန်ကာလကို အသက်အရွယ်အလိုက် ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းကြသည်။ လူငယ်များသည်ရေကစားကြသည်။ လူလတ်ပိုင်း အရွယ်များက အလှူအတန်းပြုလုပ်ကြသည်။ လူကြီးပိုင်းများသည် ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်းများသို့သွားကာ ဥပုသ်သီတင်း သီလဆောက်တည်ကြသည်။ တရားရိပ်သာဝင်ကြသည်။ အမှန်တော့ မဟာသင်္ကြန်သည် မြန်မာတို့အတွက် ထူးခြားလေးနက်သော ပွဲတော်တစ်ခုပင် ဖြစ်သည်။သင်္ကြန်ရေပက်ဖျန်းရင်းကောင်းမှု ကုသိုလ်လည်း ပြုလုပ်ခွင့်ရကြသည်။

ရေကစားခြင်းနှင့် ကုသိုလ်ပြုခြင်း

သင်္ကြန်အကြိုနေ့တွင် နိုင်ငံတစ်ဝန်းရှိ ရေကစားမဏ္ဍပ်များကို ဖွင့်လှစ်ကြသည်။ ရောင်စုံ ဝတ်စုံများဖြင့် လှချင်တိုင်းလှနေကြသည့် ယိမ်းပျိုဖြူများ၏ ရှုမငြီးဖွယ်အကအလှကို ရုပ်မြင်သံကြားလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပေးသည်။ အကြိုနေ့မှစ၍ ရေကစားမဏ္ဍပ်များတွင် လှပျိုဖြူယိမ်းအဖွဲ့များက လာရောက်ဖျော်ဖြေကြသည်။ အထူးသဖြင့် နာမည်ကြီးအနုပညာရှင်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခွင့်ရရှိကြသည်။ ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်အေးချမ်းစွာ ရေကစားကြပြီးအကအလှ များကြည့်ရှုခံစားကာမြန်မာအစားအစာများကိုစားသောက်ရင်း ဖြတ်သန်းကြရသဖြင့် တစ်နှစ်ပတ် လုံး ပင်ပန်းလာမှုများကို ပြေပျောက်စေပါသည်။

မြန်မာတို့သည် သင်္ကြန်ကာလကို အပျော်သက်သက်ဖြင့် ကုန်ဆုံးလေ့မရှိပေ။ သင်္ကြန်ကာလ တွင်း၌ ရေကစားနေသည့်တိုင်အောင် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်မူ ဘုရား၊ ကျောင်းကန်များသို့ ရောက်ဖြစ်ကြသည်။ ထိုနေ့တွင် တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်း၊ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ ရေလှူခြင်း၊ဘုရားစေတီများကိုရေသပ္ပာယ် ခြင်း၊ သက်ကြီးဘိုးဘွားများကို လက်သည်း ခြေ သည်းညှပ်ပေးခြင်း၊ ရေချိုး ခေါင်းလျှော်ပေးခြင်း၊ တတ်နိုင်သမျှကန်တော့လှူဒါန်းခြင်းစသည့် ကောင်းမှု ကုသိုလ်အမျိုးမျိုးကို ပြုလုပ်ဖြစ်ကြသည်။

နွေရာသီနှင့် ခရမ်းလွန်ရောင်ခြည်

မြန်မာနိုင်ငံတွင် နွေရာသီအပူချိန်သည်မတ်လ ကတည်းကတဖြည်းဖြည်းမြင့်တက်လျက်ရှိသည်။ အချို့သောဒေသများတွင် အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ်အထိရှိနေပြီဖြစ်သည်။အပူချိန် မြင့်မားသော နေ့ခင်းဘက်နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည် ပါဝင်မှုနှုန်း မြင့်မားလာလျက်ရှိသည်။ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနကလည်း ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားရှိသည်။ မြန်မာနိုင်ငံအပူပိုင်းဒေသများတွင် နွေရာသီ၌ ခရမ်းလွန်ရောင်ခြည် ပိုမိုကျ ရောက်လေ့ရှိသည်။ ထိုဒေသများရှိ ပြည်သူများသည် သင်္ကြန်ကာလတွင် ခရမ်းလွန် ရောင်ခြည် အန္တရာယ်ကိုလည်း အထူးဂရုပြုကာကွယ်သင့်ပါသည်။

ခရမ်းလွန်ရောင်ခြည်ဆိုသည်မှာ

ခရမ်းလွန်ရောင်ခြည်သည်လူသားတို့၏ သာမန်မျက်စိဖြင့်မမြင်နိုင်သောနေရောင်ခြည်မှ ဖြာထွက်လာ သည့် လျှစ်စစ်ရောင်စဉ်လှိုင်းတစ်ခု ဖြစ်သည်။အင်းဆက်ပိုးမွှားများနှင့် ငှက်များကဲ့သို့သော တိရစ္ဆာန် များသာလျှင် ၎င်းရောင်ခြည်ကို မြင်နိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည်သည် မြင်နိုင်သည့် ခရမ်းရောင်ထက် လှိုင်းနှုန်း၊ အလျားနှင့် စွမ်းအင်တို့ ပိုမိုမြင့်မားလျက်ရှိသည်။ ၁၈၀၁ ခုနှစ်က ဂျာမနီရူပဗေဒပညာရှင် Johann Wilhelm Ritter က ခရမ်းလွန်ရောင်ခြည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်တွင် အခြေခံအားဖြင့် Ultraviolet A-UVA၊ Ultraviolet B-UVB နှင့် Ultraviolet C- UVCတို့ကိုသာ လူသိများကြသည်။ ထို့အပြင် Near Ultraviolet-NUV၊ Middle Ultraviolet- MUV၊ Far Ultraviolet- FUV၊ Hydrogen Lyman-alpha - H lyman-'a၊ Vacuum Ultraviolet- VUV နှင့် Extreme Ultraviolet-EUV တို့ကိုလည်းတွေ့ရှိနိုင်ပါသည်။

ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကို အစိမ်း၊ အဝါ၊ လိမ္မော်၊ အနီနှင့် ခရမ်းရောင်ဟူ၍ ခွဲခြား ထားသည်။ အစိမ်းရောင်သည် အညွှန်းကိန်း(၀ မှ ၂ ဒသမ ၉) အထိရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှု နှုန်းနည်းပါးသည်။ ထိုအခြေအနေမျိုးတွင် ပြင်းထန်သည့်နေရောင်အောက်သို့ သွားလာမည် ဆိုပါက နေကာမျက်မှန်နှင့် နေပူခံလိမ်းဆေးတို့ကို အသုံးပြုထားသင့်သည်။ အဝါရောင်သည် အညွှန်း ကိန်း(၃ မှ ၅ ဒသမ ၉)အထိရှိပြီး ခရမ်းလွန်ရောင်ခြည် အတန်အသင့် ပါဝင်လာပြီဖြစ်သည်။ ထိုအခြေအနေ မျိုးတွင် သတိထားရတော့မည်ဖြစ်သည်။ နေရောင်ခြည်အောက်သို့ သွားလာမည်ဆိုလျှင် နေရောင်မထိ အောင် လုံလုံခြုံခြုံဝတ်ဆင်သွားရန် လိုအပ်သည်။ အထူးသဖြင့် အပူချိန်မြင့်မားသည့် နေ့ခင်းဘက်တွင် အရိပ်အာဝါသအောက်၌သာ နေထိုင်သင့်သည်။ လိမ္မော်ရောင်သည် အညွှန်းကိန်း(၆ မှ ၇ ဒသမ ၉) အထိရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း မြင့်မားလာပြီဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ခန္ဓာကိုယ် တစ်ခုလုံးကို နေရောင်ခြည်တိုက်ရိုက်ထိရောက်ခြင်းမှ ကာကွယ်နိုင်သည့် အဝတ်အစားများ ဝတ်ဆင် ခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်း၊ ထီး၊ ဦးထုပ်များဆောင်းခြင်း၊ နေလောင်ဒဏ်ကာကွယ် သည့်ခရင်မ် (Sun Protection Factor- SPF)များ ကြိုတင်သုံးစွဲခြင်း၊ နေရောင်ခြည်အောက်သို့ သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားခြင်းတို့ ပြုလုပ်ရန်လိုအပ်လာပြီဖြစ်သည်။အနီရောင်သည် အညွှန်းကိန်း(၈ မှ ၁၀ ဒသမ ၉)အထိရှိပြီး ခရမ်းလွန် ရောင်ခြည်ပါဝင်မှုနှုန်း အလွန်မြင့်မားလာပြီဖြစ်ကာ ထိုအခြေအနေမျိုးတွင် SPF များသုံးစွဲခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်း၊ဦးထုပ်နှင့် ထီးဆောင်းခြင်းနှင့် နေရောင်ခြည် အောက်သို့ ကြာမြင့်စွာ သွားလာခြင်းတို့ကို အထူးဂရုပြုရှောင်ရှားသွားရန် လိုအပ်သည်။

ခရမ်းရောင်သည် အညွှန်းကိန်း( ၁၁နှင့် အထက်)ရှိပြီးခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်းလွန်ကဲစွာ မြင့်မား နေသည့် အန္တရာယ်ရှိသောအဆင့်ဖြစ်သည်။ အဘက်ဘက်မှသတိထားရမည့် အခြေအနေဖြစ်သည်။ ထိုအခြေအနေမျိုးတွင်နေလောင်ဒဏ်ခံ SPF များ သုံးစွဲခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်းနှင့် နေရောင်ခြည်အကာအကွယ်ပေးနိုင်သည့်ထီး၊ ဦးထုပ်များဆောင်းခြင်းတို့ပြုလုပ်ပြီးအပူချိန် မြင့်မားသည့် မွန်းတည့်ချိန်နှင့် နေ့လယ်ပိုင်းတို့တွင် နေရောင်ခြည်အောက်သို့ သွားလာခြင်းမျိုးကို လုံး၀ရှောင်ကြဉ်သင့်ပါသည်။ ဆိုရလျှင် ခရမ်းလွန် ရောင်ခြည်တိုက်ရိုက်ကျရောက် ထိတွေ့ခံရသူများ သည်အသားအရေများတဖြည်းဖြည်းညိုမည်းလာပြီး နေလောင်ဒဏ်ခံစားရမည်ဖြစ်သည်။လွန်ကဲစွာ ကျရောက်ထိတွေ့ခံရပါကအရေပြားကင်ဆာဖြစ် ပွားသည်အထိ ခံစားရမည်ဖြစ်သည်။

အကျိုးပြုအိုဇုန်းလွှာ

နေရောင်ခြည်မှဖြာထွက်လာသော ခရမ်းလွန် ရောင်ခြည် (Ultraviolet-UV)အား ရောင်ခြည်ဖြာ ထွက်မှု အလျားကို အခြေခံလျက် UV-a၊ UV-bနှင့် UV-cဟူ၍သုံးမျိုးခွဲခြားထားသည်။အိုဇုန်း မော်လီကျူးများ သည် သက်ရောက်မှုမတူညီသည့် ခရမ်းလွန်ရောင်ခြည်သုံးမျိုးအပေါ်မတူညီသော ရောင်ခြည်တန်းများ ဖြင့် တုံ့ပြန်ကာကွယ်ပေးသည်။ အထူးသဖြင့်ခရမ်းလွန်ရောင်ခြည် UV-c အပေါ် ထိရောက်စွာ တုံ့ပြန်နိုင်ပြီး ကမ္ဘာ့မြေပြင်အထက် မိုင် ၂၀ ခန့်အကွာတွင် လုံး၀ကာကွယ်ပေးနိုင်သည်။ အိုဇုန်းဓာတ်ငွေ့သည် ခရမ်းလွန်ရောင်ခြည် UV-a ကို အနည်းငယ်သာကာကွယ်ပေးနိုင်သော်လည်း ၎င်းရောင်ခြည်သည်နေလောင်ခြင်းသို့မဟုတ် မျိုးရိုးဗီဇပျက်စီးမှုကို တိုက်ရိုက်ဖြစ်ပွားစေခြင်း မရှိသဖြင့် လွန်စွာပူပန်စရာမလိုပေ။

ခရမ်းလွန်ရောင်ခြည် UV-b သည် ကမ္ဘာမြေပေါ် သို့ အဆိုးရွားဆုံး သက်ရောက်မှုရှိစေသည့် ရောင်ခြည်တစ်မျိုးဖြစ်သည်။ လူ့ခန္ဓာကိုယ်ပေါ်သို့ ၎င်းUV-b တိုက်ရိုက်ကျရောက်ပါကအရေပြား ကင်ဆာကဲ့သို့သောDNA ပျက်စီးမှုများအထိ ပြင်းထန်စွာခံစားရသည်။ သို့သော် ကံကောင်း ထောက်မစွာဖြင့် အိုဇုန်းလွှာသည် ခရမ်းလွန်ရောင် ခြည်UV-b အများစုကို ကာကွယ်ပေးထားပြီး အချို့သာလျှင် ကမ္ဘာမြေပေါ်သို့ကျရောက်လျက်ရှိသည်။ ထို့ကြောင့် အိုဇုန်းလွှာပါးလွှာပျက်စီးမှု ဖြစ်ပေါ်လာ သလောက်ကမ္ဘာမြေပေါ်သို့ UV-b ကျရောက်မှုအဆင့်လည်း မြင့်မားလာနိုင်ပါသည်။

သင်္ကြန်ကာလနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင်ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင် သည်။ ထိတွေ့မှုကာလကြာမြင့်လာသည့်အခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်းစသည့် ဆိုးကျိုးများစွာကို ဖြစ်ပေါ် စေနိုင်သည်။

သင်္ကြန်ပွဲတော်ကာလတွင် လူငယ်အများစု သည် နေ့ခင်းဘက်၌ ရေထွက်ကစားကြတော့မည် ဖြစ်သည်။ ထို့ကြောင့် ရေပက်ခံထွက်မည်ဆိုလျှင်       အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့် ပေသည်-

(၁)       နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ခန့်အတွင်း

            တွင်နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့

            ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း။

(၂)       အပြင်ထွက်ရန်လိုအပ်ပါကမျက်နှာ၊

            လည်ပင်းနှင့် ပခုံးတို့ပါလုံခြုံသော ထီး၊

            ဦးထုပ်များ ဆောင်းသွားခြင်း။

(၃)       နေရောင်ထိတွေ့နိုင်သည့် အသားအရေ

            များကို SPF 15+ ကြိုတင်လိမ်းသွားခြင်း။

(၄)       နေကာမျက်မှန်တပ်ခြင်း။

(၅)       ချည်သားထူထူပွပွ အဝတ်အထည်များ

            ကို ဝတ်ဆင်ခြင်း။

(၆)       သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ

            ကို အထူးဂရုပြုကာကွယ်ပေးခြင်း။

ရေကစားထွက်ကြမည်ဆိုလျှင် နံနက် ၁၀ နာရီ မတိုင်မီနှင့် ညနေ ၄ နာရီနောက်ပိုင်း အချိန်များတွင် ရေကစားခြင်းသည်သာလျှင် တစ်ကိုယ်ရေကျန်းမာ ရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်။အညွှန်း ကိန်းမြင့်မားသည့်ခရမ်းလွန်ရောင်ခြည်များ ကြာမြင့်စွာ ကျရောက်ထိတွေ့ခံရပါက အသားအရေ များနေလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်ပွားခြင်း၊အမြင်အာရုံချို့ယွင်းခြင်းတို့ ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် သင်္ကြန်ကာလတွင် ရေပက်ခံထွက် ရေကစားမည်ဆိုလျှင် ခရမ်းလွန်ရောင်ခြည် ကျရောက် ထိတွေ့မှုမှကာကွယ်နိုင်ရေးအတွက် အပူဒဏ်ခံအဝတ်အစားများ၊ အရိပ်အကာများ၊ နေကာမျက်မှန်များ နှင့် နေလောင်ဒဏ်ခံခရင်မ်များကို ကြိုတင်ကာကွယ် အသုံးပြုသွားနိုင်ရန် တိုက်တွန်းအကြံပြု လိုက်ရပါသည်။   

No comments:

Post a Comment