အားလုံးမင်္ဂလာပါ-
ဒီနေ့ကျင်းပပြုလုပ်တဲ့ “အကြိမ်(၅၀)မြောက် ရွှေရတု အထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာ သုတေသနညီလာခံ” ကို တက်ရောက် လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို နှစ်စဉ်ကျင်းပ လာခဲ့တာ ယခုအခါ ရွှေရတုအဖြစ် အကြိမ်(၅၀)တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ပထမအကြိမ် ညီလာခံကို စတင်ကျင်းပနိုင်ခဲ့ပြီး အချို့သောနှစ်တွေမှာ ကျင်းပမှုမပြုနိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ အကြိမ်(၅၀)မြောက် ရွှေရတုအဖြစ် ကျင်းပနိုင်တာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
ကိုဗစ်-၁၉
ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ယခုညီလာခံကို ကျင်းပပြုလုပ်ရတာဖြစ်တဲ့အတွက်
Virtual Conference ပုံစံနဲ့ အောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး အနေနဲ့ လုပ်ငန်းတာဝန်များ
ခွဲခြားသတ်မှတ်ပြီး လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီများ
ဖွဲ့စည်းကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတာလို့ သိရှိရပါတယ်။
ကျန်းမာရေးဆိုင်ရာ
သုတေသနတွေကနေ
ပေါ်ထွက်လာတဲ့ ခိုင်မာ တိကျတဲ့ ရလဒ်အခြေပြု သုတေသနတွေ့ ရှိချက် (Evidence-based research
finding) များဟာ မိမိတို့နိုင်ငံရဲ့
ခေတ်စနစ်နဲ့ ကိုက်ညီ သင့်တော်တဲ့
ကျန်းမာရေးဆိုင်ရာ မူဝါဒများချမှတ်ရာမှာ လည်းကောင်း၊ ကျန်းမာရေး လုပ်ငန်းများ ပိုမိုထိရောက် အကျိုးရှိစေရေးအတွက်
လည်းကောင်း၊ မိမိတို့နိုင်ငံမှာ လူတိုင်းလက်လှမ်းမီတဲ့
အရည် အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်မှု (Universal
Health Coverage) ရရှိစေရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ လည်းကောင်း များစွာအထောက်အကူဖြစ် စေမှာ ဖြစ်ပါတယ်။
မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းက (၆၇.၄၂)နှစ်ခန့်သာ ရှိနေတာမို့
ဒေသတွင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ရင်
နိမ့်ကျလျက်ရှိပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းများကို သုတေသန လုပ်ငန်းတွေနဲ့ ရှာဖွေဖော်ထုတ်ပြီး မိမိတို့နိုင်ငံအတွက် အရေးတကြီး လိုအပ်တဲ့၊ ခေတ်စနစ်နဲ့ကိုက်ညီတဲ့ နိုင်ငံတော်အဆင့် ကျန်းမာရေး ဆိုင်ရာ မူဝါဒများပေါ်ထွက်လာအောင်
ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းတွေရဲ့ အားနည်းချက်၊
အားသာချက်များကို အချိန်နဲ့ တစ်ပြေးညီ ရှာဖွေဖော်ထုတ်ပြီး ဝန်ကြီးဌာနနဲ့
နိုင်ငံတော်ကို အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ခြင်း အားဖြင့်
ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစနစ် ပေါ်ထွန်းအောင် ဆောင်ရွက်ရမှာဖြစ် ပါတယ်။ ယခုကဲ့သို့
ကျန်းမာရေး သုတေသန ညီလာခံများ ကျင်းပပြုလုပ်ခြင်း၊ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းနဲ့
သုတေသနတွေ့ရှိမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ပြည်သူများသိရှိစေဖို့
ပုံမှန် ထုတ်ပြန်ပေးခြင်း လုပ်ငန်းတွေ ကိုလည်း
ယခုထက်ပိုမိုတိုးမြှင့်ဆောင် ရွက် ပေးရမှာဖြစ်ပါတယ်။
ထို့အတူ
ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်တတ်တဲ့ ရောဂါတွေ၊ ဆီးချို၊ သွေးတိုး၊ ကင်ဆာစတဲ့ မကူးစက် တတ်တဲ့
နာတာရှည်ရောဂါ တွေနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကိုလည်း
နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
အထူးသဖြင့်
မိမိတို့ပြည်သူများ အခြေခံကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက်
လက်တွေ့အသုံးချ ကျန်းမာရေး သုတေသနများစွာ တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိချက်တွေကို ပြည်သူများ သိရှိစေရေး နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကျယ်ကျယ် ပြန့်ပြန့်
ဖြန့်ဝေ ပေးရမှာဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ
သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေး စီမံချက်များ၊
အခြေခံကျန်းမာရေးဝန်ထမ်းများနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပြီး
ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊
ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ နဲ့လည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်
ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်များရဲ့ သုတေသန ဆောင်ရွက်နိုင်မှုစွမ်းရည်ကို
ပိုမိုမြှင့်တင်နိုင်ရေး အလေးထားပူးပေါင်း ဆောင်ရွက်ပေးဖို့ မှာကြားလိုပါတယ်။
တိုင်းရင်းဆေးပညာနဲ့
ပတ်သက်တဲ့ လက်တွေ့အသုံးချသုတေသန တွေကတစ်ဆင့် ပြည်သူများ လက်တွေ့ အကျိုးရှိစေရေးနဲ့
မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါးထုတ်ကုန်များ
နိုင်ငံတကာ အထိ ထိုးဖောက်နိုင်ရေးအတွက် တိကျခိုင်မာတဲ့၊
သုတေသနပြုထားတဲ့ အချက် အလက်တွေ ပိုမိုရရှိဖို့အတွက် ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများ၊
တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းဆေးကို
အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသ နိုင်ဖို့အတွက်
သုတေသန ဆောင်ရွက် လျက်ရှိတဲ့နေရာမှာ တိုးတက်မှုတွေ ရရှိနေကြောင်းသိရှိရပါတယ်။ ဒီလိုသုတေသနပြုလုပ်ပြီး
တိကျခိုင်မာတဲ့ အချက်အလက်တွေ ပေါ်ထွက်လာခဲ့ရင် တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသ နိုင်မှာဖြစ်ပြီး မိမိတို့ပြည်သူများ အတွက် များစွာအကျိုးရှိမှာ
ဖြစ်ပါတယ်။
တိကျမှန်ကန်တဲ့ သုတေသနရလဒ်များအပေါ်မူတည်ပြီး ရလဒ် အခြေပြုမူဝါဒများ ရေးဆွဲခြင်း
(Evidence-based Policy Making)၊ ကျန်းမာရေးစီမံချက်များရေးဆွဲခြင်းလုပ်ငန်းတွေကို
ဆောင်ရွက်ရတဲ့အတွက် သုတေသန လုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့
သုတေသီများ ကိုယ်တိုင် ကလည်း မိမိတို့သုတေသနရ လဒ်များရဲ့ အရေးပါပုံကိုသေချာစွာ
သိရှိနားလည်ပြီး သုတေသနကျင့် ဝတ်များကို တိကျစွာလိုက်နာ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာလည်း
အမြဲမပြတ် သတိပြုရမှာဖြစ် ပါတယ်။ ဒါကြောင့် သုတေသနကျင့်ဝတ် များနဲ့ ပတ်သက်လို့လည်း စဉ်ဆက်မပြတ်
လေ့လာဆည်းပူး နေကြဖို့ ပြောကြားလိုပါတယ်။ မိမိတို့နိုင်ငံမှာ အရာရာကို လေ့လာ စူးစမ်းသုတေသနပြုလုပ်ပြီး
ရရှိလာတဲ့ သုတေသန ရလဒ်များအပေါ်မှာ အခြေခံထားတဲ့ လုပ်ငန်းများကို ဆောင်ရွက်လိုတဲ့ စိတ်နေစိတ်ထား၊
တစ်နည်းအားဖြင့် သုတေသနပြုလိုတဲ့စိတ်ရှိတဲ့ လူငယ်လူရွယ်တွေ၊ ပညာရှင်တွေများစွာ ပေါ်ထွက်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
၂၀၂၀
ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့မှာ ကိုဗစ်-၁၉
ရောဂါပိုး မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်မှစပြီး
ဆေးသုတေသန ဦးစီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇ အစီအစဉ်တစ်ခုလုံးကို
လေ့လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ယခုအခါ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း
သိရှိရပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉
ရောဂါပိုးရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုအဆင့်ဆင့်ကိုလည်း
စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးမှတ် တမ်း တင်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။ အခုနောက်ဆုံး
ပေါ်ပေါက်လာတဲ့ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲအိုမီခရွန်နဲ့
ပတ်သက်လို့လည်း ပိုမိုသိရှိနိုင်ဖို့ အတွက် သုတေသနပညာရှင်များအနေနဲ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း
သိရှိရပါတယ်။
နှစ်
(၅၀) ရွှေရတုခရီးလမ်းမှာ အောင်မြင်မှုများအနေနဲ့ မြန်မာနိုင်ငံ
ကျန်းမာရေးဆိုင်ရာ သုတေသန မှတ်ပုံတင်ခြင်း (Myanmar Health Research Registry)
online website ကိုထူထောင်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ
သုတေသနပေါင်း တစ်သောင်းကျော်ကို မှတ်တမ်း တင်ခဲ့ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာနဲ့
ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ သုတေသီများရဲ့ ကြိုးပမ်းမှုရလဒ်အဖြစ် ဆေးသုတေသနဦးစီးဌာနကို ငှက်ဖျားရောဂါတိုက်ဖျက်ရေး
မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့
အသိအမှတ်ပြု စင်တာ (WHO Collaborating Centre) အဖြစ် (၂၀၀၃) ခုနှစ်မှာ အသိအမှတ်ပြု ခံခဲ့ရပြီးဖြစ်ကြောင်း သိရှိရပါတယ်။
ဒါ့အပြင်
ဆေးသုတေသနဦးစီးဌာနအနေနဲ့ အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေးကို
ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ကိုရီးယားနိုင်ငံနဲ့
ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စက်မှုဝန်ကြီးဌာနကို နည်းပညာလွှဲပြောင်းပေးခဲ့
ရာကနေ အဲဒီအချိန်ကစပြီး စက်မှုဝန်ကြီး ဌာနအနေနဲ့ အသည်းရောင်
အသားဝါ (ဘီ) ကာကွယ်ဆေးကို (၁၉၉၆) ခုနှစ်မှာ စတင်ထုတ်လုပ်နိုင် ခဲ့ပါတယ်။ အရည်အသွေးပြည့်ဝ ကောင်းမွန်တဲ့ မြွေဆိပ်ဖြေဆေး
ထုတ်လုပ်ခြင်း ဆိုင်ရာ သုတေသနတွေ ကိုလည်း နိုင်ငံတကာနဲ့
ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆောင် ရွက် နေကြောင်းလည်း သိရှိရပါတယ်။
ယခု
အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ
သုတေသန ညီလာခံရဲ့ ဆောင်ပုဒ် (Congress Theme)က “မျှဝေခံစားအသိတိုးပွား - ကိုဗစ် တတိယလှိုင်း အတွေ့
အကြုံများ” (Response to COVID-19 in Myanmar : Reflections after the
Third Wave) ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကလည်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း နိုင်ငံတော်နဲ့ ပြည်သူများ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့လို့ အောင်မြင်မှုရလဒ် များရရှိခဲ့တဲ့
အတွေ့အကြုံအရ ပြည်သူတစ်ဦးချင်းစီအနေနဲ့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ
အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးပုံကို မီးမောင်း ထိုးပြ နိုင်ဖို့အတွက်
ရည်ရွယ်ပြီး ညီလာခံဆောင်ပုဒ်ကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။
နိဂုံးချုပ်အနေနဲ့-
ယခုလို
သုတေသနညီလာခံတွေ ကျင်းပခြင်းဖြင့် လူငယ်တွေမှာ စူးစမ်းလေ့လာသုတေသနပြုလိုတဲ့ Research
culture ကိုပြုစုပျိုးထောင် ပေးသွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့
ပြည်သူလူထုအတွက် အကျိုး ရှိစေမယ့် ကျန်းမာရေးသုတေသနလုပ်ငန်းတွေကို ရေတို၊ ရေရှည်ပန်းတိုင်များ ချမှတ်ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။
နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပြီး ရရှိလာတဲ့ သုတေသန
ရလဒ်တွေကို စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးတော့ နိုင်ငံတကာ အသိအမှတ်ပြုဂျာနယ်များ ၊
စာစောင်များထုတ်ဝေပြီး နိုင်ငံတော်ရဲ့ ကျန်းမာရေးသုတေသနအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက် ပေးကြပါ။
အလားတူ
ပြည်သူများ ဆေးကုသမှုခံယူတဲ့အခါမှာ စိတ်အေး ချမ်းသာစွာနဲ့
ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်ဝတဲ့ ကုသ စောင့်ရှောက်မှုများ
ရရှိနိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့ ဆေးရုံစီမံ / အုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချသုတေသန လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပေးသွား ဖို့လည်းမှာကြားလိုပါတယ်။
သုတေသနပြုလုပ်ခြင်းဟာ
ရလဒ်ကောင်းများရရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်လို့ တွေ့ရှိချက်များ အပေါ်မှာ အခြေခံပြီး
မြန်မာနိုင်ငံ ရဲ့ အမျိုးသားကျန်းမာရေးကဏ္ဍမြင့်မားရေးမှာ ကျန်းမာရေးနဲ့
နှီးနွယ်တဲ့ ပုဂ္ဂိုလ်များအားလုံးက ကိုယ့်တိုင်းပြည်အတွက် ပြုလုပ်ခြင်းဖြစ်တယ်ဆို
တဲ့ ခံယူချက်နဲ့ ပူးပေါင်းလုပ်ဆောင် ကြဖို့ တိုက်တွန်းလိုပါတယ်။
သုတေသနနဲ့
ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ (Research and Development)ဟာ ဆက်စပ်နေတာဖြစ်တဲ့ အတွက် ကြောင့် မိမိတို့အစိုးရအနေနဲ့ သုတေသန လုပ်ငန်းများကို
အထူးအားပေးသွားမှာဖြစ် ပါတယ်။ ကျန်းမာရေး သုတေသန လုပ်ငန်းတွေကတစ်ဆင့် မိမိတို့နိုင်ငံရဲ့
မျှော်မှန်းသက်တမ်း ယခုထက် ပိုမိုမြင့်မားလာစေရေးနဲ့ လူတိုင်းလက်လှမ်းမီပြီး အရည်အသွေး
ပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အားလုံးကိုယ်စီ ရရှိပြီးတော့ မိမိတို့
နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း ပိုမိုမြင့်မားလာစေဖို့ ယခုကျင်းပတဲ့
ညီလာခံကနေ အခြေခံအုတ်မြစ်ကောင်းများ ပေါ်ထွန်း လာစေဖို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ် အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
No comments:
Post a Comment