မောင်သောင်းဝင်း(တမန်ဟောင်း)
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် “လူငယ်နှင့်စာပေပွဲတော်” ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသွားမည် ဆိုသော သတင်းကို နိုင်ငံပိုင်သတင်း စာများတွင် ဖတ်ရှုလိုက်ရသည်။ စာပေဝါသနာ ရှင်များ၊ မိဘများ၊ အထူးသဖြင့် လူငယ်များအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းတစ်ပုဒ်ပင် ဖြစ်သည်။ စာအုပ်စာစောင်များကို တစ်နေရာတည်းတွင် ရွေးချယ်ဝယ်ယူနိုင်မည့် အခွင့်အလမ်းကြီးတစ်ရပ်ကို ရရှိကြမည်ဖြစ်သည်။ ဖျော်ဖြေရေးအစီ အစဉ်များအပြင် လူငယ်များပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ် သည်။ ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်သည်။
ကောင်းမွန်သော ရည်ရွယ်ချက်များ
လူငယ်နှင့် စာပေပွဲတော်ကို ကလေးများနှင့်
လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူ အဆများ ထက်မြက် လာ စေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း
စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင် တတ်သည့် အလေ့ အထကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏
တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာ စေရန်နှင့် စာပေ ဖတ်ရှုလေ့လာလိုစိတ်မြင့်မားလာစေရန်၊
အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ် တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်မြှင့်တင်ပေးရန်
နှင့်အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်
အကောင် အထည်ဖော်နိုင်ရန်ဟူသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်
ကြောင်း သိရသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်
စင်စစ်အားဖြင့် စာပေပွဲတော်များသည် ကလေးများ
စာဖတ် ဝါသနာထုံလာစေရန်နှင့် စာပေဖွံ့ဖြိုးတိုး တက်လာစေရန်ပင် ဖြစ်သည်။ အထူးသဖြင့် ကလေးစာပေဖွံ့ဖြိုးတိုးတက်မှသာလျှင်
ကလေးများလည်း စာဖတ်နိုင်ခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေမည် ဖြစ်သည်။ ငယ်စဉ်ကတည်းက
စာဖတ်ဝါသနာပါသော ကလေး သည် အရွယ်ရောက်လာသည့်အခါ တိုင်းပြည်ကအားထားရသည့် လူငယ် များဖြစ်လာကြသည်။
ဆိုရလျှင် စာဖတ်သူသည် အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးကို ဝေဖန်ခွဲခြား ဆန်းစစ်ဆုံးဖြတ်
နိုင်စွမ်းရှိကြသည်။ စာဖတ်သော ကလေးများသည် နှလုံးသားနူးညံ့ကြသည်။ သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာ
စိတ်ရှိကြသည်။ အတ္တနည်းပါးကြသည်။ အပြုသဘောဆောင်စွာ တွေးခေါ်တတ်ကြ သည်။ လူကြီးမိဘများအပေါ်
သိတတ်ကြသည်။ လူ့အသိုက်အဝန်းကို အကျိုးပြုလိုစိတ် ရှိကြသည်။ ထိုကလေးများသည် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးကို
များစွာအထောက်အကူပြုကြပါသည်။
တိုးတက်မှုကို ဖော်ဆောင်နိုင်
ငယ်စဉ်ကတည်းက စာပေနှင့်ရင်းနှီးကျွမ်းဝင်သော
ကလေးသည် ကိုယ်ပိုင်အနာဂတ်ကို ပုံဖော်ထုဆစ် တည်ဆောက် နိုင်စွမ်းရှိကြသည်။ မိမိတိုးတက်မှုကို
ရှာဖွေနိုင်ကြသည်။ မိဘများသည် စာဖတ်ဝါသနာ ထုံသော ကလေးများ၏ အရေးအရာများတွင် အမြဲတစေ
ပါဝင်နေရန် မလိုပေ။ ဆိုရလျှင် စာဖတ်နေသော ကလေးတစ်ဦးသည် အမှား အမှန်ကိုဝေဖန်ပိုင်းခြားနိုင်သည့်
ပညာဆိုသောအရာကို ပိုင်ဆိုင်ထား နိုင်ပေသည်။ ကျရှုံးမှုများ၊အခက်အခက်များကို ကျော်လွှားနိုင်သည့်
နည်းလမ်းများကို စာအုပ် စာပေများမှ တူးဆွရှာဖွေထားပြီးဖြစ်သည်။ ထို့အပြင် အရေးကြီးသော
ဆုံးဖြတ်ချက် များကိုလည်း တွေဝေမှုမရှိဘဲ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ စာဖတ်သောကလေးငယ်များသည်
ဘ၀ခရီးလမ်းတွင် တိုးတက်ပြီးရင်းတိုး တက်လျက်ရှိကြသည်။
စာဖတ်သူများသာလျှင်
တိုးတက်သော နိုင်ငံများမှ နိုင်ငံသားများသည်
စာဖတ်အား ကောင်းကြသည်။ ခရီးသွားနေသည့် အချိန်မျိုးမှာ ပင်လျှင် လက်ထဲ၌ စာအုပ်တစ်အုပ်
ကိုင်ထားလေ့ရှိကြသည်။ လေဆိပ်နှင့် ဘူတာများ၌ ခရီးတစ်ထောက်နား သည့် အချိန်မျိုး၌ပင်လျှင်
စာအုပ်ဖတ်နေတတ် ကြသည်။ လေယာဉ်၊ ရထား၊ ကား၊ သင်္ဘောများပေါ် ရောက်သည်နှင့် စာအုပ်ဖွင့်ဖတ်ကြသည်။
ဆိုရလျှင် စာဖတ်အားကောင်းသော အင်္ဂလိပ် တို့သည် ၁၉ ရာစုတွင် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ခဲ့သည်။
ထို့အပြင် အမေရိကန်တို့သည်လည်း ၂၀ ရာစုတွင် ကမ္ဘာကြီးကို စိုးမိုးနိုင်ခဲ့ သည်။ ထိုနည်းတူစွာ
စာဖတ်အားကောင်းကြသည့် တရုတ်တို့ကလည်း ၂၁ ရာစုတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေပြီဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ ကလေးငယ် များကိုလည်း အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာအောင်
ငယ်စဉ်ကတည်းက စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိနေအောင်လေ့ကျင့် ပျိုးထောင်ပေးထား သင့်ပါသည်။
ဖုန်းသုံးစွဲချိန်လျှော့ချသင့်
သို့သော် တချို့သော မိဘများသည် ကလေးငယ်များကို
ငယ်စဉ်ကတည်းက စမတ်ဖုန်းများ ပေးထားကြသည်။ ကလေးများသည်လက် ကိုင်ဖုန်းများဖြင့် ဂိမ်းဆော့ခြင်း၊
ဇာတ်ကားများကြည့်ခြင်း၊ လူမှုကွန်ရက်သုံးစွဲခြင်း တို့ကို
အလွန်အကျွံ လုပ်ဆောင်လာကြသည်။ ( တချို့သော ကလေးများသည် ကလေးစာပေကို တစ်ကြိမ် တစ်ခါမျှ
မဖတ်ဖူးသော်လည်း လူမှုကွန်ရက်ကိုမူ တွင်ကျယ်စွာ သုံးစွဲနေကြ သည်။ အကျိုးဆက် အနေဖြင့်
ကျောင်းစာကြိုးစားလိုစိတ်လျော့နည်းလာသည့်အပြင် မျက်မှန်ထူကြီးများ တပ်ဆင်လာကြရသည်။
အမှန်တော့ အခြေခံပညာသင်ယူနေသောကလေးသည် မိဘမျက်စိ အောက်တွင် သာရှိနေသဖြင့် ဖုန်းသုံးစွဲရန်မလိုအပ်ပေ။
ဖြစ်သင့်သည်မှာ ကလေးငယ်များကို တက္ကသိုလ် တက်မှသာလျှင် ဖုန်းသုံးစွဲ ခွင့်ပေးသင့်ပေသည်။
စမတ်ဖုန်း သည် လူငယ်များအား ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် မိဘများ အနေဖြင့် မိမိသားသမီးများ၏ တယ်လီဖုန်းသုံးစွဲမှု၊ အထူးသဖြင့် လူမှုကွန်ရက်
သုံးစွဲနေမှုကိုလည်း သတိထားစောင့်ကြည့်သွားသင့် ပေသည်။
အလေ့အကျင့်ပြုလုပ်ပေးသင့်
အခြားတစ်ဖက်တွင်လည်း မိဘများအနေဖြင့်
မိမိတို့၏ အတ္တကို ရှေ့တန်းမတင်ဘဲ ကလေးများ၏ ပျော်ရွှင်မှုကိုလည်း ဖန်တီးပေးထား သင့်ပါသည်။
ရုံးပိတ်ရက်များတွင် ကလေးများကို စာကြည့်တိုက် များ၊ ကစားကွင်းများ၊ အပန်းဖြေပန်းခြံများနှင့်
တိရစ္ဆာန်ရုံများသို့ လိုက်ပို့ခြင်းမျိုး လုပ်ပေးသင့်ပါသည်။ ကလေးများ ဝယ်ချင်သည့်
စာအုပ် စာစောင်များ၊ စားချင်သည့် ကောင်းနိုးရာရာ
အစားအသောက် များကိုဝယ်ကျွေးသင့် ပါသည်။ သို့မှသာလျှင် ကလေးများသည် တစ်ပတ်လုံး ပင်ပန်းနွမ်းနယ်ထားသမျှ
ဖြေဖျောက်နိုင်ပြီး စာသင် ယူရာ တွင် ဦးနှောက်ကြည်လင်တက်ကြွနေမည်ဖြစ်သည်။ အထူးသဖြင့် မိဘများသည်
မိမိသား သမီးများ စိတ်ခွန်အား ပြည့်ဝနေစေရန်အတွက် ငယ်စဉ်ကတည်းက စာဖတ်ဝါသနာထုံနေအောင်
အလေ့အကျင့် လုပ်ထားရန် လိုအပ်သည်။
ထို့အပြင် မိမိတို့၏ရင်သွေးငယ်များအား
စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှုတတ်သည့် အလေ့အထ ကောင်းများ မွေးမြူပေးထား သင့်ပါသည်။
စာပေလေ့လာထားသည့် လူငယ်များပေါများ သည့် နိုင်ငံ
သည်တိုးတက်ရန် အခွင့်အလမ်းကောင်းများရှိနေမည်မှာအသေအချာပင်ဖြစ်သည်။ သို့သော်
လွန်ကဲသော စေတနာ များဖြင့် ကလေးငယ်များ ' အား စွယ်စုံကျမ်းများ၊ ရာဇဝင်များနှင့် အတ္ထုပ္ပတ္တိ
စာအုပ်များကဲ့သို့ သောခက်ခဲသည့် စာပေများကို စ၍မဖတ်ခိုင်းသင့်ပေ။ ရွှေသွေး၊ မိုးသောက်ပန်းနှင့်
တေဇရုပ်စုံစာအုပ်များ၊ ဗုဒ္ဓဖြစ်တော်စဉ်များ၊ ပုံပြင်စာအုပ်များဖြင့် စတင်မိတ်ဆက်ပေးသင့်ပါသည်။
ကလေးငယ်များ စာဖတ်သည့်အလေ့အထ စွဲမြဲလာစေရန်သည်
ကလေးများနှင့် လက်တစ်ကမ်း အကွာတွင် ကလေးစာပေများထားရှိပေးထားရန်လိုအပ်သည်။ အထူးသဖြင့်အားလပ်သည့်
ရုံးပိတ်ရက် များတွင် မိသားစုလိုက် စာကြည့်တိုက်သွားသည့် အလေ့အထကို မွေးမြူသင့်ပါသည်။
စာကြည့်တိုက် တွင် ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးတို့အတွက် စာအုပ်မျိုးစုံရှိပါသည်။ မိဘများသည်
ကလေးငယ် များအား စာကောင်း ပေမွန်များကို ရွေးချယ်ဖတ်ရှုတတ် စေရန် လမ်းညွှန်ပြသပေးသင့်ပါသည်။
မိဘများကိုယ် တိုင်သည်လည်း အကျိုးရှိသော စာပေများကို ရွေးချယ်ဖတ်ရှုနိုင်သူဖြစ်အောင်
ကြိုးပမ်း လေ့လာ ဖတ်ရှုထားသင့်ပါသည်။
အရေးပါသော ကျောင်းစာကြည့်တိုက်များ
အမှန်တော့ ကျောင်းစာကြည့်တိုက်များသည် ကျောင်းနေအရွယ် ကလေးငယ်များ စာပေနှင့် ရင်းနှီးကျွမ်း ဝင်မှုရှိရေး တွင်များစွာ အရေးပါလျက်ရှိသည်။ တတ်နိုင်ပါ ကကျောင်းစာကြည့်တိုက်များ တွင် ကလေးငယ်များ ကြိုက်နှစ်သက်သည့် ရုပ်ပြစာအုပ် စာစောင်များ၊ ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်း စာအုပ်များ၊ တက်ကျမ်း စာအုပ်များ စသည်ဖြင့် ကဏ္ဍစုံစွာ တင်ထားသင့်ပါသည်။ ကျောင်းစာကြည့် တိုက်များကို အချိန်ပြည့် ဖွင့်ထားသင့် ပေသည်။ သက်ဆိုင်ရာကျောင်းအုပ်ကြီးများကလည်း ကျောင်းသား ကျောင်းသူများ စာကြည့်တိုက် ဝင်နိုင်ရေးအတွက် စီမံထားသင့်ပေသည်။ ကျောင်းပိတ် ရက်များတွင် ကလေးများကို စာအုပ်ငှား ပေးသင့်သည်။ လစဉ်စာဖတ် စွမ်းရည်ပြိုင်ပွဲများ၊ စာစီစာ ကုံးပြိုင် ပွဲများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပပေးမည်ဆိုလျှင် ကလေးများ၏ စာဖတ်နှုန်းသည် သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။ သာဓကအနေဖြင့် (ဟားဗတ်တက္ကသိုလ်ရှိ စာကြည့်တိုက်တွင် နံနက် ၃ နာရီအချိန်ထိ စာဖတ်သူများရှိနေ သည်ဟု ဆိုသည်။ ထိုမျှစာဖတ်သူများ သည် မတိုးတက်စရာအကြောင်းမရှိချေ။
မျိုးဆက်သစ်များ တိုးတက်ဖို့ စာဖတ်ကြပါစို့
မည်သို့ပင်ဆိုစေကာမူ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူငယ်နှင့် စာပေပွဲတော်” ကျင်းပသွား ရန် စီစဉ်ထားသည့်အတွက် ကျောင်းသားမိဘတစ်ဦးအနေဖြင့် များစွာ ပီတိဖြစ်ရပါ သည်။ စာပေပွဲတော်များသည် လူငယ်များကို ငယ်စဉ် ကတည်းက စာပေနှင့်ရင်း နှီးကျွမ်းဝင်နေအောင် အခွင့်အလမ်းဖန်းတီး ပေးထားခြင်းပင်ဖြစ်သည်။ စာပေဝါသနာထုံသော လူငယ်များသည် ဘဝပန်းတိုင် အတွက် အခက်အခဲများကို ကျော်လွှားရာတွင် မှန်ကန်စွာ ချင့်ချိန်ဆုံး ဖြတ် နိုင်စွမ်းရှိကြသည်။ ထိုကလေးများ သည် အနာဂတ်တွင် တိုင်းပြည်က အားထားရသော ခေါင်းဆောင်များဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ ဆိုရလျှင် စာဖတ်ခြင်းသည် အကျိုးကျေးဇူး များစွာကို ရရှိစေပါသည်။ အထူးသဖြင့် ဘဝတွင် တိုးတက် အောင်မြင်ကြီးပွားပြီး ကြွယ်ဝချမ်း သာစေနိုင်ပါသည်။ အကျိုးရှိအောင်ဖတ်ဖို့တော့လိုပါသည်။ အောင်မြင်သူအ များစုသည် ၎င်းတို့၏အချိန် ၈၀ ရာခိုင်နှုန်းခန့်ကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိကြသည်။ ပုံမှန်စာဖတ်သူများ သည် ကြွယ်ဝချမ်း သာပြီး အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထား လေ့ရှိကြသည်။ ထို့ကြောင့်လူငယ်များအနေဖြင့် တိုးတက် အောင်မြင် ကြီးပွားလိုပါက သုတရသအပါအဝင် စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှု သွားသင့်ပါ ကြောင်း အကြံပြု တိုက်တွန်းလိုပါသည်။
No comments:
Post a Comment