မြန်မာနိုင်ငံတွင် ဘုရားရတနတရားရတနသံဃာရတနာ ရတနာသုံးပါးကို ရှေးကာလမှ အစဉ်အဆက် ယုံကြည်ကိုးကွယ် ဆည်းကပ်ကြသည်။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်သူသည် “သရဏဂုံ” တည်ပြီး ဒုက္ခဆင်းရဲအပါယ်ဘေးမှ လွတ်မြောက် ချမ်းသာသုခ အပေါင်းတို့နှင့် ပြည့်စုံစေ ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပြစ်မှားစော်ကားသူသည် ပစ္စုပ္ပန်၊ သံသရာ၌ ဒုက္ခ ဆင်းရဲအပါယ်ဘေးတို့ကို ကြုံတွေ့ရပြီး သံသရာရှည်စွာ ဆင်းရဲဒုက္ခ ခံစားကြမည် မလွဲဧကန်ဖြစ်ပါ၏။
ဝိပတ္တိကာလ၌ များသောအားဖြင့် ရတနာသုံးပါးကို မေ့လျော့ပါးလာကြ၏။ ပေါ့ပေါ့တန်တန် အလေးမထားပြုမူတတ်ကြ၏။ အချို့လည်း ပြစ်မှားစော်ကားခြင်းအမှုကို ပြုလုပ်လာကြ၏။ ထို့ကြောင့် ရတနာသုံးပါးကို မမေ့မလျော့စေရန်၊ အလေးအမြတ်ထားရန် လိုအပ်လာပါ၏။ ရတနာ သုံးပါးအနက် သံဃာရတနာဂုဏ်ကျေးဇူးနှင့် အကျိုးအပြစ်တို့ကို သိရှိနိုင်ပါစေရန် ဦးစွာတင်ပြလိုပါ သည်။ သံဃာရတနာဆိုသည်မှာ “သတိနှင့် အရိယာ” နှစ်ဖြာသော သံဃာတော် အရှင်မြတ် အပေါင်းတို့ကို ဆိုလို၏။ အယူသီလတူမျှသော ပုဂ္ဂိုလ် အပေါင်းအစုဟုလည်း ဆိုကြသည်။
ပူဇော်ထိုက်သည့်သံဃာ
ယင်းပုဂ္ဂိုလ်နှစ်မျိုးတွင် သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊ သောတာပတ္တိ ဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ အနာဂါမိမဂ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ပုဂ္ဂိုလ် တစ်စုံ၊ အရဟတ္တမဂ်ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ပုဂ္ဂိုလ်တစ်စုံ ဤသို့ အစုံအားဖြင့် လေးစုံ၊ အရေအတွက် အားဖြင့် ရှစ်ပါးသော “အရိယာ” သံဃာများရှိသည်။ ထိုအရိယ သံဃာများ၏ အဆက်အနွယ်ဖြစ်၍ ဉာတ်တစ်ကြိမ်၊ ကမ္မဝါသုံးကြိမ်၊ ဥတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်နေ ကြသော ရဟန်းအပေါင်းအစုကို “သမ္မုတိ" သံဃာဟု ခေါ်ဆိုသည်။ သမ္မုတိသံဃာသည် အရိယာပုဂ္ဂိုလ် မဟုတ်သော်လည်း ဝိနည်းဒေသနာတော်အရ ပြုလုပ်ဆောင်ရွက်ရသော ဝိနည်းကံ၏ အစွမ်းအားဖြင့် ပူဇော်ထိုက်သော သံဃာဟူ၍ဖြစ်လာသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ အများဆုံးနေထိုင်ကြသော နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် ထေရဝါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာ ထွန်းကားဆုံး နိုင်ငံဖြစ် သည်။ ဗုဒ္ဓသာသနာထွန်းကားဆုံးနိုင်ငံတွင် ရတနာသုံးပါးအပေါ်၌ ထုံမွမ်းနေရန် လိုအပ်သည်။ ရဟန်း သံဃာများသည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားဒေသနာများကို ထိန်းသိမ်း သယ်ဆောင်ဝေငှပေးသည့် မြတ်သောပုဂ္ဂိုလ်ဖြစ်သည်။ ဆင်းရဲကိုပယ်ဖျောက် တားမြစ်၍ စီးပွား ချမ်းသာကိုဆောင်တတ်သော ပုဂ္ဂိုလ်ဖြစ်သဖြင့် မြတ်စွာဘုရားရှင် ကိုယ်စား ဆည်းကပ်ကိုးကွယ်ရာဟု နှလုံးသွင်းအပ်သည်။
ပဉ္စာနန္တရိယကံကဲ့သို့
ရုပ်ပွားတော်၊ စေတီတော်များအား ပူဇော်ခြင်းသည် သက်တော်ထင်ရှား မြတ်စွာဘုရားအား ပူဇော်ခြင်း ဖြစ်သကဲ့သို့ ကလျာဏပုထုဇဉ် ရဟန်းသာမဏေများကို ပူဇော်ခြင်းသည်လည်း မြတ်စွာဘုရားရှင်ကို ပူဇော်ခြင်းကိစ္စပြီးတော့သည်ဟု မှတ်ယူရသည်။ ရဟန်းသာမဏေများသည် အရိယာဖြစ်စေ၊ ပုထုဇဉ်ဖြစ်စေ မြတ်သောသီလအစွမ်းကြောင့် လူတို့ပူဇော်မှုကို ခံယူထိုက်သည်။ ရဟန်းသာမဏေများ ဝတ်ရုံသော သင်္ကန်းသည်လည်း အရဟတ္တတန်ဆာဖြစ်၍ လူတို့အနေဖြင့် ပူဇော်ကိုးကွယ် ထိုက်ပေ သည်။ ပုထုဇဉ်ရဟန်း၊ သမ္မတရဟန်းဟူ၍ မထီမဲ့မြင် မပြုသင့်ပေ။ ပြစ်မှားစော်ကားခြင်း လုံးဝမပြု အပ်ပေ။ သမ္မုတိ သံဃာသည် အရိယာသံဃာ အပေါင်းအစုဖြစ်၍ သံဃာတော်ကို ပြစ်မှား စော်ကားခြင်း၊ သတ်ဖြတ်ခြင်းပြုလုပ်ပါက ပဉ္စာနန္တရိယကံကဲ့သို့ အဆုံးအပိုင်းအခြားမရှိသည့် အကုသိုလ်ကံမျိုးရောက်နိုင်သည်။
ရဟန်းသံဃာတို့အား ပြစ်မှားစော်ကားခြင်း၊ သတ်ဖြတ်ခြင်းကြောင့် ပြန်လည်ခံစားရသည့် အပြစ်များ ကို ဘုရားရှင်ဟောကြားထားသည့် တရားဒေသနာတော်များ၊ ဇာတ်နိပါတ်များတွင် ဖော်ပြထားသည်။ မြတ်စွာဘုရားရှင်လက်ထက်တော်က အရှင်နာရဒမထေရ်သည် နံနက်စောစောဆွမ်းခံရန် ရာဇဂြိုဟ်မြို့ သို့ ကြွရောက်စဉ်လမ်း၌ အလွန်ဆာလောင်နေသော ပြိတ္တာကိုတွေ့ရ၏။ ၎င်း၏ခန္ဓာကိုယ် မှာ ရွှေအဆင်းရှိပြီး ပါးစပ်မှာ ဝက်နှုတ်သီးနှင့်တူ၏။ ရှင်နာရဒသည် ပြိတ္တာများသို့ချဉ်းကပ်၍ “သင်သည် ရွှေအဆင်းရှိ၏။ မျက်နှာမှာ ဝက် မျက်နှာနှင့်တူ၏။ သင်သည် ရှေးဘဝက မည်သည့်ကံပြုခဲ့၍ ဤသို့ ဖြစ်ရသနည်း”ဟု မေး၏။ ထိုအခါ ပြိတ္တာက “အရှင်ဘုရား ကျွန်ုပ်သည် ကိုယ်ဖြင့်စောင့်စည်းသူ ဖြစ်ခဲ့ပါ၏။ သို့သော် ဝစီသရမ်း နှုတ်ထွက်ကြမ်းသောစကားလုံးများဖြင့် ရဟန်းတော်များအား ရှုတ်ချပြောဆို ကဲ့ရဲ့ခြင်း အကုသိုလ်ကံကြောင့် ဝက်မျက်နှာ၊ ဝက်နှုတ်သီးနှင့် အမြဲဆာလောင်နေသော ပြိတ္တာဘဝသို့ ရောက်ရခြင်းဖြစ်ပါသည်။ ကိုယ်ဖြင့်စောင့်စည်းခဲ့သောကြောင့် ရွှေအဆင်းရှိရပါ သည်။ နောင်လာ နောက်သားများကို တပည့်တော်ကဲ့သို့ ရဟန်းတော်များအပေါ် ဝစီသရမ်း နှုတ်ထွက်မကြမ်း ဖို့ သတိပေးစကားပြောကြားပေးပါဘုရား” ဟု လျှောက်ထားခဲ့၏။
မကောင်းမှုဒဏ်ကိုယ့်ထံပြန်
ရဟန်းတော်အား သေကြောင်းကြံသည့် ဝတ္ထုတစ်ပုဒ်တွင် ရှေးက မုဆိုးတစ်ယောက်သည် တောပစ် ထွက်ရာလမ်း၌ ရဟန်းတစ်ပါးကို တွေ့သောအခါ လမ်းခရီး၌ ရဟန်းကိုတွေ့၍ သားကောင်မရနိုင်ဟု တွေးပြီး တောထဲသို့ ဆက်ထွက်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မုဆိုးမှာ ထိုနေ့အဖို့ သားကောင် မရခဲ့ချေ။ မုဆိုးသည် မကျေမနပ်ဖြင့် တောလိုက်ရာမှအပြန် တိုက်တိုက် ဆိုင်ဆိုင် လမ်းမှာတွေ့ခဲ့သည့် ရဟန်းကို ထပ်မံဆုံတွေ့ပြန်သည်။ ထိုအခါ မုဆိုးက “ငါအမဲမရတာသင်းကြောင့်” ဟု စွပ်စွဲကာ ရဟန်းအား ၎င်း၏အမဲလိုက်ခွေးများနှင့် ရှူးတိုက် သည်။ ရဟန်းက တောင်းပန်သော်လည်း မုဆိုးက နားမဝင်။ သခင့်အလိုကျ အမဲလိုက်ခွေးများက ရဟန်းကိုလိုက်ကြသည်။ ရဟန်းမှာ ထွက်ပြေးပြီး နီးရာသစ်ပင်ကို တက်လိုက်သည်။
ထိုအခါ ရဟန်း၏ခြေထောက်ကို ခွေးများက ကိုက်ဆွဲပြီး မုဆိုးကလည်း မြားတံအချွန်ဖြင့် ထိုးဆွပြန် သည်။ ရဟန်းတော်သည် ခွေးကိုက်သည့်ဒဏ်၊ မြားချွန်ထိုးခံရသည့်ဒဏ်တို့ကို မချိမဆံ့ ခံစားရ သည်။ ထိုအခိုက် အမှတ်မထင် ရဟန်း၏ကိုယ်ရုံသင်္ကန်း လျှောကျသွားပြီး မုဆိုးမိုက်အပေါ် တစ်ကိုယ်လုံး ခြုံမိသွားသည်။ သင်္ကန်းခြုံထဲတွင် ရုန်းကန်နေသော မုဆိုးမိုက်ကို ရဟန်းအထင်ဖြင့် ခွေးများက ဝိုင်းအုံကိုက်ခဲစားသောက်ကြရာ မုဆိုးမိုက်မှာ ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးသွားသည်။
မကောင်းမှုကံသည် ကိုယ့်ထံကိုယ်ပြန်၊ ကိုယ့်အတတ်ကိုယ်စား သဘောမျိုးဖြစ်သည်။ မုဆိုးဗိုက်၏ အသေဆိုးသေဆုံးခြင်းသည် ခွေးကိုက်၍သေဆုံးခြင်းဟု သိမြင်နိုင်သော်လည်း အမှန်တကယ်တွင် သံဃာကို ပြစ်မှားကျူးလွန်မိသောအပြစ်ဒဏ်ကို ချက်ချင်းပြန်လည် ခံစားရခြင်းဖြစ်သည်။ ခွေးကိုက်ခံ ရ၍ သေဆုံးပြီး အပါယ်ငရဲသို့ ချက်ချင်းကျသောအခါတွင် ခွေးကိုက်ခံရသည့် နာကျင်ခံစားမှုထက် အဆပေါင်းသိန်းသောင်း နာကျင်သည့်ဝေဒနာကို အချိန်ကြာရှည်စွာ ခံစားရဦးမည်ဖြစ်သည်။ အပါယ်ငရဲမှ လွတ်ခဲ့လျှင်လည်း ဖြစ်ရာဘဝ၌ ရက်စက်စွာသတ်ဖြတ်ခံရခြင်းကို အကြိမ်ကြိမ်ခံရဦးမည် ဖြစ်သည်။
လူမိုက်ကို ဝေးစွာရှောင်ကြဉ်
ရဟန်းသံဃာများအပေါ် ပြစ်မှားစော်ကားခြင်း၊ သတ်ဖြတ်ခြင်းသည် မျက်မှောက်သံသရာတွင် အလွန်ကြီးလေးလှသည့်အပြစ်များကို ခံစားကြရသည်။ အကယ်၍ ဤသို့ကျူးလွန်မှုကို ဂရုစိုက်စရာ မလိုဟု (ကံ၊ ကံ၏အကျိုးကို မယုံကြည်မှု) ဆိုလျှင် အကုသိုလ်အမျိုးမျိုးတွင် အပြစ်အကြီးလေးဆုံး ဖြစ်သည့် မိစ္ဆာဒိဋ္ဌိကံထိုက်မည်ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိကံထိုက်သူမှာ တစ်ကမ္ဘာ ပျက်သော် အပြစ်မကုန်ဆုံး သေးဘဲ နောက်တစ်ကမ္ဘာအသစ်တွင် အပြစ်ဆက်၍ ခံရကြောင်း ကျမ်းဂန်များ၌ အတိအလင်းမိန့်ဆို ထားသည်။ ထို့ကြောင့် အယူမှန်ရှိသူတို့သည် ကံကံ၏ အကျိုးကို မယုံကြည်သော မိစ္ဆာဒိဋ္ဌိအယူရှိသူ တို့နှင့် ဝေးစွာရှောင်ကြဉ်မှသာ မိမိတို့၏ ဘဝ သံသရာတွင် အန္တရာယ်ကင်းဝေးမည် ဖြစ်သည်။
မျက်မှောက်ကာလတွင် ရဟန်းသံဃာတော်များအား ပုတ်ခတ်စော်ကားနေသူများကို မြင်တွေ့ ကြားသိ နေရသည်။ ၎င်းတို့အတွက် စိုးရိမ်ပူပန်သနားမိသည်။ သာမန်ပြည်သူအချို့အနေဖြင့် နိုင်ငံရေးဝါဒ မှိုင်းမိပြီး ထေရ်ကြီးဝါကြီးရဟန်းတော်များကိုသာမက သီလသမာဓိ ဂုဏ်သိက္ခာ ကြီးမားသော ရဟန်းတော်မြတ်များကိုပင် ဝစီကံဖြင့် ပြစ်မှားစော်ကားခြင်းအပြင် ရဟန်းတော်၏ပုံကို အမျိုးသမီး လုံချည်များဖြင့်တွဲ၍ လက်ရောက်ကျူးလွန်မှုများအထိပါ ပြုလုပ်လာကြသည်ကို မြင်တွေ့ရသည်။
ယခုအခါ CRPH နှင့် NUGတို့၏လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့ဝင်များသည် မရိုးမဖြောင့် ယုတ်မာသောအကြံအစည်ဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက် ပြည့်ဝစေရန်ယုတ်မာ ပက်စက်သော အလုပ်များကို ပြုလုပ်လာကြသည်။
သံဃာတော်များ ပျံလွန်တော်မူ
အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ပါတီအဖွဲ့ အစည်းအား ထောက်ခံအားပေးခြင်းမရှိသော၊ လက်မခံ သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုသာမက ရဟန်းသံဃာတော်များကိုပါ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်လာကြသည်။ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့ကာလအတွင်း မိုးမောက်၊ မိုးညှင်း၊ မင်းတပ်၊ ပုလဲ၊ ကောလင်း၊ ကလေး၊ မုံရွာ၊ ဝမ်းတွင်း မြို့နယ်များတွင် ရဟန်းသံဃာတော်တစ်ပါးစီနှင့် ကနီ၊ မင်းကင်း မြို့နယ်များတွင် ရဟန်းသံဃာတော် နှစ်ပါးစီ စုစုပေါင်း ရဟန်းသံဃာတော် ၁၂ ပါး အကြမ်းဖက်သမားများ လက်ချက်ဖြင့် ပျံလွန်တော် မူခဲ့သည်ကို စိတ်နှလုံးညှိုးငယ်စွာသိရှိရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ၏ ဂုဏ် သိက္ခာနှင့် ပုံရိပ်ကျဆင်းနေရပြီ။ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံ၌ ဘာသာ၊ သာသနာ အကျိုးနှင့် ဝေနေယျ သတ္တဝါများချမ်းသာရေးကို ထမ်းရွက်နေသော ရဟန်းသံဃာတော်များအား ပြစ်မှားစော်ကား သည့်အပြင် ရက်စက်စွာသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြရာ မိမိတို့ဘာသာ၊ သာသနာ မပျက်စီးရေး အတွက် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဝိုင်းဝန်းကာကွယ် တားဆီးကြရ မည် ဖြစ်သည်။
ဘာသာ၊ သာသနာကို စော်ကားသောသူများအနေဖြင့် ပစ္စုပ္ပန်၊ သံသရာတွင် အလွန်ကြီးလေး သော အပြစ်များကို မလွဲမသွေခံစားကြရမည် ဖြစ်ပါကြောင်း။ ။
မောင်သောမန
No comments:
Post a Comment