Thursday, August 12, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများသိုလှောင်ပြီး အမြတ်တင် ရောင်းချနေသည့် ဆေးဂိုဒေါင် များကို စိစစ်အရေးယူ

 



 

ရန်ကုန်  ဩဂုတ်  ၁၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူ အတွက် ဆေးဝါးဈေးနှုန်းမြင့်မားခြင်းမရှိစေရန် ရည်ရွယ်၍ ဆေးဂိုဒေါင်များကို မြို့နယ်အလိုက်အဖွဲ့များဖွဲ့၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ်ရောင်းဝယ်နေမှုများကို မထိခိုက်စေရန် ဆေးဝါးဖြန့်ချိ ရောင်းချနေသော မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ လက်လီ၊ လက်ကားဆိုင်ကြီးများကို ဝင်ရောက်စစ်ဆေးခြင်းမပြုဘဲ သီးသန့်ဂိုဒေါင်များဖြင့် သိုလှောင်ထားသော ဆေးဂိုဒေါင် (၂၄) ခုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆေးဂိုဒေါင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဂိုဒေါင်လက်ကျန် စာရင်းကောက်ယူခြင်း၊ ကုန်ပစ္စည်းအဝင်အထွက်လယ်ဂျာများ စစ်ဆေးခြင်း၊ ခွင့်ပြုချက် လိုင်စင်ရှိ/မရှိ၊ ယခင်ကပင် ဆေးပစ္စည်းများ တင်သွင်းရောင်းချခြင်း (သို့မဟုတ်) ယခု ကာလမှသာ ဈေးကွက်အတွင်းမှ ဆေးပစ္စည်းများကို ဝယ်ယူသိုလှောင်ခြင်း၊ ပစ္စည်းများကို ထိန်းချုပ်ထားခြင်း (သို့မဟုတ်) အမြတ်ကြီးစားရောင်းချရန် ရည်ရွယ်သိုလှောင်ခြင်းရှိ/မရှိ ဖော်ထုတ်စစ်ဆေးမှုများကို ဆောင်ရွက်လျက် ရှိပါသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စိစစ်နေစဉ်ကာလအတွင်း ဆေးဝါးများပုံမှန်ရောင်းချခြင်းလုပ်ငန်း ထိခိုက်မှုမရှိ စေရန် ဈေးကွက်အတွင်းသို့ ပို့ဆောင်လိုပါကလည်း ပို့ဆောင်မည့်ပစ္စည်းစာရင်းနှင့် ပို့ဆောင်မည့်ဒေသ ကို မှတ်သား၍ လွတ်လပ်စွာပို့ဆောင်ခွင့်ပြုထားပါသည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဂိုဒေါင် (၂၄)လုံးကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းပြုလိုက်သဖြင့် ဆေးဝါးဈေးကွက်အတွင်း လက်လီ လက်ကားရောင်းချသော ဈေးများတွင် အများပြည်သူအသုံးများသော ဆေးများ၏ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားကြောင်း လည်း သိရှိရပါသည်။

ပထမအသုတ် စစ်ဆေးနေသော ဆေးဂိုဒေါင် (၂၄) ခုအနက် (၉) ခုမှာ ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်ယူတင်သွင်းသည့် အထောက်အထားများတင်ပြနိုင်မှု မရှိခြင်း၊ သိုလှောင်ထားသည့် ပမာဏများပြားသဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ တွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ပါသည်။ ပုံမှန်ရောင်းချလျက်ရှိသည့် ဂိုဒေါင်များကို ဆေးဝါးများဈေးနှုန်းမြင့်မားစေရန်၊ ဈေးကွက်အတွင်း ဆေးဝါးဖြန့်ဖြူးမှုထိန်းချုပ်ခြင်းမပြုရန်၊ အမြတ်ကြီးစားရောင်းချခြင်းမပြုရန် သတိပေးပြီး ခံဝန်ကတိ လက်မှတ် ရေးထိုးစေမည်ဖြစ်ပါသည်။ လုပ်ထုံး လုပ်နည်းနှင့်အညီ ပုံမှန်တင်သွင်းဖြန့်ဖြူး ရောင်းချသော ကုမ္ပဏီ များကို တစ်စုံတစ်ရာအရေး ယူဆောင်ရွက် ခြင်း ပြုမည်မဟုတ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း အိမ်သုံးဆေးဝါးသိုလှောင်သည့် ဂိုဒေါင်(၁၉) လုံးကို ပူးပေါင်း အဖွဲ့ဖြင့် ထပ်မံစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။









 

No comments:

Post a Comment