Friday, April 30, 2021

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

  


နေပြည်တော် ဧပြီ ၂၉

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ရှင်းလင်းဆွေးနွေး

အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးညွန့်အောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့နှင့် လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်းမှု၊ ယခုဘဏ္ဍာနှစ်အတွင်း အခြေခံရည်ညွှန်း စပါး ဈေးနှုန်းဖြင့် တောင်သူလယ်သမားများထံမှ စပါး ဝယ်ယူမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်းကို G to G အစီအစဉ်ဖြင့် တင်ပို့နေမှု၊ နွေစပါးစိုက်ပျိုးထွက်ရှိသည့် ဒေသများတွင် စပါးဈေး ဖြစ်ပေါ်မှု အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်၍ အခြေခံရည်ညွှန်း စပါး ဈေးနှုန်းဖြင့် ဝယ်ယူရန် လိုအပ်ပါက အဆင်သင့် ဝယ်ယူနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ ကိုရှင်းလင်းဆွေးနွေးပြောကြားသည်။

ပေါင်းစပ်ညှိနှိုင်း

 ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ဝင်များက လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်  နေသည့် ဆန်၊ စပါး ဈေးနှုန်းအခြေအနေများနှင့် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို ဆွေးနွေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြသည်။

 အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြ  ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment