အောင်မြင့်စိုး
(ရေစကြို)
ပြည်ထောင်စုမြန်မာနိုင်ငံသည်
တိုင်းရင်းသားလူမျိုးအသီးသီးတို့ဖြင့် စုပေါင်း ဖွဲ့စည်းထားပြီး အချုပ်အခြာအာဏာပိုင်၍
လွတ်လပ်သောနိုင်ငံတော်ဖြစ်သည်။ လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်သော နိုင်ငံအဖြစ်ရပ်တည်နိုင်စေရန်
အခြေခံ အကျဆုံး တည်ဆောက်ထားရန် လိုအပ်သောစိတ်ဓာတ်မှာ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအားလုံးတို့သည်
ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ အတူတကွ ပူးပေါင်း လက်တွဲနေထိုင် ခဲ့ကြရာ မြန်မာ့သမိုင်းတွင်
ပထမမြန်မာ နိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဟူ၍ စုစည်း ညီညွတ်
သောနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြသည်။
အမိမြေ၊
အမိနိုင်ငံတော်ကြီးကို တစ်စိတ်တစ်ဝမ်းတည်း ချစ်ခင်မြတ်နိုးတန်ဖိုး ထားပြီး အမျိုးစောင့်(ဝံသာနုရက္ခိတ)
တရားပေါ် တွင် တည်ဆောက်ထားသည့် မျိုးချစ်စိတ်ဓာတ်နှင့်အတူ နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မြေတည်းနေ၊
တစ်ရေတည်း သောက်၍ တိုင်းရင်းသား လူမျိုးအချင်းချင်း အေးအတူ ပူအမျှ ချစ်ခင်ရင်းနှီးစွာ
ပူးပေါင်းနေထိုင်လိုသည့် တစ်စည်းတစ်လုံးတည်းသော စိတ်ဓာတ် သည် ပြည်ထောင်စု စိတ်ဓာတ်ပင်ဖြစ်သည်။
ပြည်ထောင်စုနိုင်ငံဖြစ်
သည့်အလျောက် ပြည်ထောင်စု စိတ်ဓာတ် သည် မရှိမဖြစ် လိုအပ်လှသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
ချစ်ကြည်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ တော်အတွက်
အသက်သွေးကြောသဖွယ် အရေးကြီးလှသည်။
▄
" မြန်မာ"သည် တိုင်းရင်းသားအားလုံးအတွက် ▄
မြန်မာဟူသော
ဝေါဟာရ၏အနက်ကို ကုန်းဘောင်မင်းဆက် ရာဇဝင် ဆရာ ဦးမောင်မောင်တင် ပြုစုသည့် " ရွှေနန်းသုံးဝေါဟာရ
အဘိဓာန် " တွင် ' မြန် ' သဒ္ဒါမှာ စစ်ချီတက်ခြင်းမှစ၍ ခက်ခဲသော အရေး အကြောင်းနှင့်
တွေ့ကြုံသည့်အခါ ဤအရေးကို ပြီးစီးအောင်မြင်ရန် ဇ၀နဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်တို့ဖြင့် လျင်မြန်စွာ
ကြံစည်တတ်သော သတ္တိဂုဏ်နှင့် ပြည့်စုံခြင်းဟူ၍ ဖွင့်ဆိုသည်။ "မာ " သဒ္ဒါမှာ
မည်သည့် အရာကိစ္စမဆို လိုရာဆန္ဒအာသီသ နှလုံးသွင်းတိုင်း ပေါက်မြောက်အောင် မလျော့သောလုံ့လဖြင့်
ဇာတိသွေး၊ ဇာတိမာန် ခက်ထန်တင်းမာသော သတ္တိဂုဏ်နှင့် ပြည့်စုံခြင်းဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ(၃) တွင် မြန်မာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် နှစ်ကာလရှည်စွာ
အစဉ် အဆက်ပျံ့နှံ့စွာအတူတကွအခြေစိုက်နေထိုင်သော တိုင်းရင်းသား လူမျိုးဟူ၍ ဖွင့်ဆိုထားသည်။
ကမ္ဘာ့ရှေးအကျဆုံး လူသားမျိုးနွယ်၏ မူလအစဖြစ်သော လူတူပရိုင်းမိတ် (ခေါ်)အဆင့်မြင့်ပရိုင်းမိတ်များ
ရှင်သန်ပေါက်ဖွားနေထိုင်ခဲ့ ကြောင်း အထောက်အထားများကို မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသတွင်
တွေ့ရှိခဲ့ သည်။
ထိုတွေ့ရှိခဲ့ရသော
ကျောက်ဖြစ်ရုပ်ကြွင်းများမှာ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀ က လူတူ မျိုးနွယ်စုရုပ်ကြွင်းများဖြစ်ကြောင်း
မြန်မာသုတေသီတို့သာမက ကမ္ဘာ့သုတေသီများကပါ တညီ တညွတ်တည်း မှတ်ချက်ပြုကြသည်။ " မြန်မာ"သည်
ပြည်ထောင်စု တစ်ခုလုံးအတွက်၊ " မြန်မာ "သည် တိုင်းရင်းသားအားလုံးအတွက် အများဆိုင်အမည်
ဖြစ်သည်။ ထို့ကြောင့်"ပြည်ထောင်စုမြန်မာ"၊ "တိုင်းရင်း သားမြန်မာ
"ဟု အညီအညွတ်စွဲမြဲစွာ လက်ခံသိမှတ် ခံယူထားအပ်ပေသည်။
▄
ပြည်ထောင်စုအင်အား တောင့်တင်းခိုင်မာမည် ▄
ပြည်ထောင်စု၏အားသည်
ပြည်ထောင်စုအတွင်းရှိ ပြည်နယ်၊ တိုင်းအားလုံး ၏ စုပေါင်းအားဖြစ်သည်။ ထိုစုပေါင်းအားသည်
ပြည်ထောင်စုသားတိုင်းရင်းသား လူမျိုးတို့၏ စည်းလုံးညီညွတ်မှု အပေါ်တွင် မူတည်သည်။ တိုင်းရင်းသားစည်းလုံး
ညီညွတ်မှု အားနည်းလျှင် ပြည်ထောင်စုအင်အား ယုတ်လျော့၍ စည်းလုံး ညီညွတ်မှု အင်အားကောင်းလျှင်
ပြည်ထောင်စုအင်အား တောင့်တင်း ခိုင်မာမည် ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးတွင် တိုင်းရင်းသား
အားလုံးတို့သည် နိုင်ငံရေးအသိ နိုးကြား တက်ကြွ စွာဖြင့် ပါဝင်ခဲ့ကြသည်။ ထိုသို့ တိုင်းရင်းသားများ
အညီအညွတ် တစ်ခဲနက် အားပေးကူညီထောက်ခံပါဝင်ခဲ့သဖြင့် မြန်မာ့တပ်မတော် ၏ ဖက်ဆစ်တော်လှန်ရေး
သည် အချိန်တိုအတွင်း အောင်မြင် ခဲ့ခြင်းဖြစ် သည်။ ဤသည်မှာ ပြည်ထောင်စု စိတ်ဓာတ်နှင့်
အမျိုးသားစည်းလုံးညီညွတ်မှု၏ အောင်ပွဲရလဒ်ပင် ဖြစ်သည်။
▄
တောင်တန်းဒေသများကိုပါ တစ်ပေါင်းတည်း လွတ်လပ်ရေးပေးရန် ကိစ္စ ▄
စစ်ပြီးခေတ်
၁၉၄၇-ခု နှစ်ဦးပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်
ဗြိတိသျှအစိုးရတို့ အင်္ဂလန်၌ မြန်မာ့လွတ်လပ်ရေး ကိစ္စဆွေးနွေးကြစဉ် ဗိုလ်ချုပ်အောင်ဆန်း
က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမည် ဆိုလျှင် ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသများကိုပါ
တစ်ပေါင်းတည်း လွတ်လပ်ရေးပေးရန် တင်ပြသည်။
ဗြိတိသျှ
တို့သည် မလွှဲမရှောင်သာ၍ လွတ်လပ်ရေး ပေးရသည့်တိုင် တောင်တန်းဒေသများကိုမှု မပေးလိုဘဲ
ခြွင်းချန်ထားလိုသည်။ တောင်တန်းဒေသများကို မိမိတို့၏ ကိုလိုနီများအဖြစ် ဆက်လက် သိမ်းပိုက်ထား
ပြီး အုပ်စိုးလိုကြသည်။ ထို့ကြောင့် တောင်တန်းနှင့်မြေပြန့်နေ တိုင်းရင်းသားတို့ အချင်းချင်းစိတ်ဝမ်း
ကွဲအောင် သွေးခွဲမှုအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။ နယ်ချဲ့ အင်္ဂလိပ် တို့၏ သွေးခွဲမှုကို
လွဲမှားစွာလက်ခံခဲ့သူအချို့က ဗိုလ်ချုပ်အောင်ဆန်း သည် ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း
အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ်ထံသို့ ကြေးနန်းရိုက် အကြောင်းကြား သည်။ ထိုအခါ တောင်ကြီးနှင့်
သီပေါမြို့များတွင် လူထုစည်းဝေးပွဲ များပြုလုပ်ကာ ဗိုလ်ချုပ်အောင်ဆန်းမှာ ရှမ်းလူထုကိုယ်စားလှယ်
ဖြစ်သည်သာမက ဗိုလ်ချုပ်အောင်ဆန်း၏ တင်ပြတောင်းဆိုချက် များကိုပါ လူထုက ထောက်ခံကြောင်း
အင်္ဂလန်ဝန်ကြီးချုပ် အက်တလီထံ ကြေးနန်းရိုက် ပြန်ကြားကြ သည်။ သို့ဖြစ်၍ အောင်ဆန်း-အက်တလီစာချုပ်ကို
ချုပ်ဆိုခဲ့သည်။ စာချုပ်တွင် တောင်တန်းဒေသများကိုပါ တစ်ပေါင်းတည်း လွတ်လပ်ရေးပေးရန်
ကိစ္စနှင့်ပတ်သက် ၍ ပင်လုံ သို့မဟုတ် အခြားသင့်လျော်မည့် တစ်နေ ရာရာတွင် တောင်တန်းသားများ
နှင့် တွေ့ဆုံဆွေးနွေး၍ ဆုံးဖြတ် ချက်ယူရမည်ဆိုသော အချက်တစ်ချက်ကို စာချုပ် ၌ ထည့်သွင်းဖော်ပြ
ခဲ့သည်။ ဤအချက်အရ ၁၉၄၇- ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်း တွင် ပင်လုံမြို့၌ တိုင်းရင်းသားခေါင်းဆောင်
များ ပါဝင်သောညီလာခံကို ကျင်းပ ခဲ့သည်။
▄
ပင်လုံစာချုပ်၏ အကျိုးဆက် လွတ်လပ်ရေးရယူနိုင်ခဲ့ ▄
ဗြိတိသျှတို့က
နည်းမျိုးစုံသုံးကာ တောင်ပေါ်မြေပြန့် တိုင်းရင်းသားတို့ အချင်းချင်းစိတ်ဝမ်းကွဲပြားအောင်
မည်မျှပင်သွေးခွဲခဲ့သော်လည်း တိုင်းရင်းသား အားလုံးတို့ သည် ပင်လုံမြို့တွင် ညီလာခံကျင်းပ၍
ပင်လုံစာချုပ်ကြီးကို ၁၉၄၇ -ခုနှစ် ဖေဖော် ဝါရီလ ၁၂ ရက်နေ့၌ ချုပ်ဆိုကာ သွေးစည်းညီညွတ်မှုကို
ပြသလိုက်ကြသဖြင့် ဗြိတိသျှ တို့၏ သွေးခွဲအုပ်ချုပ်ရေးအကြံအစည်မှာ ပျက်ပြားသွားခဲ့ရ
လေသည်။ " စည်းလုံးညီညာ အောင်ကြောင်းဖြာ "ဟူသော စကားနှင့် အညီ ပင်လုံစာချုပ်
ချုပ်ဆိုပြီး တစ်နှစ်တာကာလအတွင်း ပင်လုံစာချုပ်၏ အကျိုးဆက်အဖြစ် လွတ်လပ်ရေးနှင့် အချုပ်အခြာ
အာဏာကို ပြန်လည်ရယူနိုင်ခဲ့သည်။ ထို့ကြောင့် လွတ်လပ်သည့် ပြည်ထောင်စုကြီးပေါ်ထွန်းရေးအတွက်
ပြည်ထောင်စု စိတ်ဓာတ်မွေးပေး သည့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည့် ဖေဖော်ဝါရီလ ၁၂
ရက်နေ့ကို " ပြည်ထောင်စုနေ့ " ဟု သတ်မှတ်ပြီး ပြည်ထောင်စုနေ့အခမ်းအနား ကို
နိုင်ငံတော်ကကြီးမှူး၍ နှစ်စဉ် ကျင်းပလျက်ရှိသည်။
အမိမြန်မာနိုင်ငံအတွင်း
မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး အသီးသီးတို့ ချစ်ခင်ရင်းနှီးစွာဖြင့် အေးအတူပူအမျှ
အတူတကွ ပူးပေါင်းနေထိုင် ကြရင်း ဖွံ့ဖြိုးတိုးတက်အောင် အမျိုးစောင့် (ဝံသာနုရက္ခိတ)တရားပေါ်တွင်
တည်ဆောက်ထားသည့် စိတ်ဓာတ်၊ တစ်နည်းအားဖြင့် ပြည်ထောင်စုစိတ်ဓာတ် ကိုအခြေခံကာ အမိနိုင်ငံတော်ကြီး
အဓွန့်ရှည်တည်တံ့ခိုင်မြဲရန် မျိုးချစ်စိတ်ဓာတ် ထက်သန်စွာဖြင့် ကာကွယ်စောင့်ရှောက်ကြ
ရမည်ဖြစ်ကြောင်းရေး သားရင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက် သည့်(၇၂)နှစ်မြောက်
ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုလိုက် ရပေသည်။ ။
No comments:
Post a Comment