Friday, January 25, 2019

အတုယူ၊ အတုပြု၊ ဆန်းသစ်တီထွင်မှုနှင့်ဥပဒေ



နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေး သွားပါမည်။ ဆောင်းပါးတွင် ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။
(စာတည်းအဖွဲ့ )


ယနေ့ခေတ်အချိန်ကာလသည် နည်းပညာခေတ်မှသည် ဆန်းသစ်တီထွင်မှု ခေတ်သစ်ဆီသို့ ကူးပြောင်းလျက်ရှိသည့် အခါသမယဖြစ်သည်။ နည်းပညာတွေဖွံ့ဖြိုး တိုးတက် လာသည်နှင့်အမျှ ဆန်းသစ်တီထွင်မှုသည် မြင့်မားလာသည်။ တစ်ဖက်တွင်လည်း အတုယူ၊ အတုပြုလုပ်မှု တွေကလည်း ကြီးထွားလာသည်။ အတုယူ၊ အတုပြု၊ ဆန်းသစ်တီထွင်မှုတို့သည် လူ့ဘောင် အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းတို့တွင် တိုးတက်မှုဖြစ်စဉ်အသွင် ဆောင်နေသကဲ့သို့ ဆုတ်ယုတ်မှု ဆီသို့လည်း လျော့ကျသွားတတ်သည်ကို သတိမူမိသည်။ ဤတွင်ပြဋ္ဌာန်းဥပဒေများနှင့် နှိုင်းယှဉ် လေ့လာမိသည်။ မျှဝေပါရစေ။

တုဟူသည်
အတုဟုဆိုလျှင် အစစ်ဟူသည်ရှိရသည်။ အစစ်ရှိ၍ အတုပေါ်လာရသည်။ အစစ်နှင့်တူအောင် လိုက်၍လုပ်ခြင်းကို အတုခိုးသည်ဟူ၍လည်းကောင်း၊ သူတစ်ပါး၏ အမူအကျင့်နှင့်တူအောင် ပြုလုပ်သည်ကို အတုယူသည်ဟူ၍ လည်းကောင်း မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဤသည်မှာ ကျင့်ဝတ်စည်းကမ်းပိုင်းနှင့် သက်ဆိုင်သည်။ ကောင်းသောဓလေ့စရိုက် သွင်ပြင်လက္ခဏာ များကို အတုယူ၊ အတုခိုးတတ်ကြရမည်။ မကောင်းသောဓလေ့စရိုက် သွင်ပြင်လက္ခဏာများကို အတုယူ၊ အတုခိုးကြခြင်းဖြင့် မိမိတို့ လူ့ဘောင်အဖွဲ့အစည်း၏ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျောက်ပျက် သွားလိမ့်မည်ကို သတိပြုကြရပါမည်။

ဥပဒေသဘောတွင် မည်သူမဆို အများပြည်သူကိုသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်သောသူ ကိုသော်လည်းကောင်း ဆုံးရှုံးခြင်း သို့မဟုတ် နစ်နာခြင်း ဖြစ်စေရန် အကြံနှင့်ဖြစ်စေ၊ လိမ်လည် လှည့်ဖြားမှုကို ကျူးလွန်ရန် အကြံဖြင့်ဖြစ်စေ မဟုတ်မမှန်သော စာတမ်း အမှတ်အသား တစ်ခုခုကို သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ပြုလုပ်ခြင်းသည် လိမ်လည်အတု ပြုမှုကို ကျူးလွန်သည်ဟူ၍ ရာဇသတ်ကြီးပုဒ်မ ၄၆၃ တွင်အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ လိမ်လည်အတုပြုမှုများကို တရားစွဲဆို အရေးယူခြင်း၊ ပြစ်မှုပြစ်ဒဏ် သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ပုဒ်မ ၄၆၄ မှ ပုဒ်မ ၄၇၇-က အထိ ပြဋ္ဌာန်းထားသည်။

ထို့ပြင် ကုန်တံဆိပ်လိမ်၊ ပစ္စည်းတံဆိပ်လိမ်နှင့် အခြားတံဆိပ်လိမ် ပြစ်မှုများနှင့် စပ်လျဉ်း၍တရားစွဲဆို အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို ရာဇသတ်ကြီးပုဒ်မ ၄၇၈ မှ ပုဒ်မ ၄၈၉ အထိ ပြဋ္ဌာန်းထားရှိပြီး ငွေစက္ကူနှင့် ဘဏ်ငွေလွှဲလက်မှတ်များ အတုပြုလုပ်ခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ တရားစွဲဆိုအရေး ယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရာဇသတ် ကြီးပုဒ်မ ၄၈၉-က မှ ၄၈၉-ဃ အထိ ပြဋ္ဌာန်းထားသည်။

အထူးဥပဒေများပြဋ္ဌာန်းလာရခြင်း
ရှေးယခင် စာရေးသူတို့ အစိုးရ အမှုထမ်းဘ၀ စတင်ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ အနှစ် ၂၀ အနှစ် ၃၀ ခန့်လောက်တွင် လိမ်လည်အတုပြုမှုဟူသည် ရှိခဲ့ပါသည်။ သို့သော် နည်းပါးလွန်းလှသည်။ တွေ့ကြုံခဲ့ရသမျှ လိမ်လည် အတုပြုမှုများတွင် စာချုပ်စာတမ်းများ၊ သက်သေခံ စာရွက်စာတမ်းများ၊ လက်မှတ်များ၊ တံဆိပ်တုံးများ လိမ်လည်အတုပြုသည်ကို တွေ့ရသည်။ လူသုံးကုန်ပစ္စည်းများ၊ အစားအစာများနှင့် စပ်လျဉ်း၍ လိမ်လည်အတု ပြုမှုများ တွေ့ခဲ့ရသော်လည်း အသုံးအဆောင် ပစ္စည်းများ၊ အစားအသောက်များကို လိမ်လည် အတုပြုခြင်း မဟုတ်။ ယင်းပစ္စည်း၏ တံဆိပ်၊ ယင်းကုန်၏ကုန်အမှတ် တံဆိပ်တို့ကိုသာ လိမ်လည်အတုပြုခဲ့ကြသည်။ သို့ဖြစ်ရာ အသုံးအဆောင် ပစ္စည်းသည် သုံးစွဲသူတို့အတွက် ထိခိုက်မှုမရှိ၊ အစားအသောက်ပစ္စည်းများသည် စားသုံးသူတို့ အတွက် ဘေးမဖြစ်စေ သည်ကို တွေ့ရသည်။ ငွေစက္ကူအတုပြုလုပ်သည်ဆိုရာတွင် ရှားရှားပါးပါး တစ်ခါတစ်ရံမှ တွေ့ရတတ်သည်။

နောက်ပိုင်းတွင်မူ လိမ်လည်အတုပြုမှုတွေက များပြားလာသည်။ လူ့အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အိမ်သုံးဆေးဝါးများကို အတုပြုလုပ်ရောင်း ဝယ် ဖြန့်ဖြူးလာကြသည်။ ငွေစက္ကူများကို ရည်ရွယ်ချက်ဖြင့် အတုပြုလုပ်ကာ သုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်းများ ပြုလုပ်လာကြသည်။ ဤတွင် အရေးကြီးသော ကုန်ပစ္စည်းတစ်ခုချင်းအလိုက် တားဆီးခြင်း၊ အရေးယူခြင်း ပြုလုပ်နိုင်ရန် အထူး ဥပဒေများ ပြဋ္ဌာန်းပေးရသည်အထိ ရောက်ရှိလာသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် တစ်ကြိမ်ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ယင်းဥပဒေကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၆၂) ကို ထပ်မံပြဋ္ဌာန်းပေးခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ မည်သူမျှ ဗဟိုဘဏ်၏ခွင့်ပြုချက်မရဘဲ ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးပြား တစ်ခုခုကို ဖြတ်တောက်ခြင်း၊ ဗဟိုဘဏ်ကထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းများကို မပြုလုပ်ရန် တားမြစ်ထားသည်။ ဖောက်ဖျက် ကျူးလွန်သူကို ကျူးလွန်သောပြစ်မှုအရ တရားစွဲဆို၍ သတ်မှတ်ထားသောပြစ်ဒဏ်များ စီရင်ချမှတ်ခြင်း ခံရပါမည်။ အများဆုံးပြစ် ဒဏ်သတ်မှတ်ချက်မှာ ထောင်ဒဏ်အနှစ် နှစ်ဆယ် အထိဖြစ်သည်။

အမျိုးသားဆေးဝါးဥပဒေ
အမျိုးသားဆေးဝါးဥပဒေကို ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၇/၉၂ ဖြင့် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေတွင် မှတ်ပုံတင်ထားခြင်း မရှိ သောဆေးဝါး၊ မှတ်ပုံတင် ခေတ္တရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ထားသော ဆေးဝါး၊ ဆေးဝါးအတု၊ စံမမီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါး၊ ဘေးဥပဒ်ဖြစ်စေနိုင် သည့်ပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ် ထားသော ဆေးဝါး၊ ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့် ဆေးဝါးတို့ကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရန် တားမြစ်ထားသည်။ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သူအား ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံးကျပ် ၅၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အမျိုးသားအစားအသောက်ဥပဒေ
အမျိုးသားအစားအသောက်ဥပဒေကို ၁၉၉၇ ခုနှစ်-တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၅/၉၇ ဖြင့် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေ ပုဒ်မ ၂၂ အရ အောက်ဖော်ပြပါ အစားအသောက်ကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရဟူ၍တားမြစ်ထားသည်-

(က) စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပဒ် အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်၊
(ခ) အစားအသောက်၏ သဘာဝ၊ ဒြပ်ဝတ္ထု သို့မဟုတ် အရည်အသွေးကို ထိခိုက်စေပြီး ဘေးဥပဒ်အန္တရာယ် ဖြစ်စေရန် အရာဝတ္ထုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ အစားထိုးထားသော သို့မဟုတ် ရောစပ်ထားသော အစားအသောက်၊
(ဂ) အစားအသောက် ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက်ထက် ပိုမိုအသုံးပြုထားသော အစားအသောက်၊
(ဃ) သက်ဆိုင်ရာကသတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ပစ္စည်းအများဆုံး ပါနိုင်ခွင့်ရှိသော ပမာဏထက် ပိုမိုပါရှိသော အစားအသောက်၊
(င) သက်ဆိုင်ရာက တားမြစ်ထားသည့် ပစ္စည်းဖြစ်စေ၊ ခွင့်မပြုသည့် ပစ္စည်းဖြစ်စေ ပါရှိသော အစားအသောက်၊
(စ) ပုပ်သိုးသော၊ ပျက်စီးသော သို့မဟုတ် လူတို့စားသုံး ရန်မသင့်လျော်သော ပစ္စည်းပါရှိသည့် အစားအသောက်၊
(ဆ) စံမမီအစားအသောက်၊
( ဇ) အစားအသောက်တွင်မပါဝင်သည့် ဂုဏ်သတ္တိကို အမှတ်တံဆိပ်ပေါ်တွင် လွဲမှားဖော်ပြထားသော အစား အသောက်၊
(ဈ) လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းက သတ်မှတ်ထားသည့် ဖော်ပြရမည့် အချက်အလက်များ မပါရှိသော အစားအသောက်။
ဖော်ပြပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူအား ပုဒ်မခွဲ (က) မှ (စ) အထိပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ကျူးလွန်သူဖြစ်ပါက ထောင်ဒဏ်သုံးနှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ် သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း နှင့် ပုဒ်မခွဲ (ဆ) မှ (ဈ) အထိပါ တားမြစ်ချက်တစ်ရပ်ရပ် ကို ကျူးလွန်သူဖြစ်ပါက ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပုဒ်မ ၂၈ တွင် ပြဋ္ဌာန်းထားသည်။

ဆန်းသစ်တီထွင်မှု
ဆန်းသစ်တီထွင်မှုသည် အတုပြုလုပ်ခြင်းမဟုတ်ပါ။ မူလကမရှိခဲ့သည်ကို အသစ်အဆန်းစီမံ တီထွင်ဖန်တီး ခြင်းဖြစ်သည်။ ဆန်းသစ်တီထွင်မှုကို အားပေးရမည်။ ဆန်းသစ်တီထွင် မှုတွေရှိမှသာ တိုးတက်မှုအသွင်ဆောင်သည်။ ခေတ်မီသည်။ ခေတ်ရှေ့ရောက်သည်ဟု ဆိုကြသည်။ ဆန်းသစ်တီထွင်မှုကိုလည်း ဥပဒေအရ အကာအကွယ်ပေးရမည်။ အတုပြုလုပ်လျှင် ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ကြရမည်။ သူတစ်ပါး တီထွင်ဖန်တီးစီမံထားသည့် ရုပ်ရှင်ကားများ၊ ဗီဒီယိုတိပ်ခွေများကို ဥပဒေနှင့်မညီ ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်းများ မပြုနိုင်စေရန် ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများဖြင့် ပြဋ္ဌာန်းပေးထားရသည်။ သူတစ်ပါး တီထွင်ဖန်တီးစီမံထားသည့် မူပိုင်ခွင့်များကို ကာကွယ်ရန်အတွက် နိုင်ငံတိုင်းလိုလို မူပိုင်ခွင့်ဥပဒေတွေ ပြဋ္ဌာန်းပေးကြရသည်။ ဉာဏပစ္စည်းဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်း ဆောင်ရွက်ကြ လျက်ရှိသည်။

ဖြစ်ပေါ်လာရသည့်အကျိုးရလဒ်
လူတို့ နေ့စဉ်စားသောက်နေကြရသည့် နှမ်းဆီ၊ ပဲဆီ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်မှစ၍ အစစ်ရဖို့ ခဲယဉ်းနေသည်။ ကြက်ဥအတု၊ ဆန်အတုများကို ပြည်ပမှတင်သွင်း၍ ရောင်းဝယ်ဖြန့်ဖြူးလာကြသည်။ စံမမီအစား အသောက်များ၊ ဘေးဥပဒ်ပေးနိုင်သည့် အစားအသောက်များကို ဖန်တီးစီမံလာကြသည်။ လူတိုင်းသုံးစွဲနေကြရသည့် ဆေးဝါးများကို အတုပြုလုပ်လာကြသည်။ စံမမီသောဆေးဝါးများ ဘေးဥပဒ် ဖြစ်စေနိုင်သော ဆေးဝါးများကို စီမံဖန်တီးထုတ်လုပ် ရောင်းချဖြန့်ဖြူးလာကြသည်။ ဤသည်တို့မှာ စားသုံးသူ၊ သုံးစွဲသူများအတွက် ကျန်းမာရေးချို့တဲ့၊ ဘေးဒုက္ခရောက်၊ အသက် သေစေသည်ထိပင် ရောက်သွားကြရသည်။ ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဖြန့်ဖြူးသူတို့သည် မသိမသာ လူသတ်မှု၊ လူသေမှုများကို ကျူးလွန်သကဲ့သို့ ဖြစ်နေသည်ကို သတိမူကြသင့်သည်။

နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးတို့အတွက် လွန်စွာအရေးကြီးသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူများကို အတုပြုလုပ်၍ သုံးစွဲ၊ ဖြန့်ချိနေကြခြင်းသည် ပြည်သူတစ်ယောက် သာမက ပြည်သူအများကိုပါ ထိခိုက်စေသည်။ နိုင်ငံတော်ကိုလည်း ထိခိုက်စေသည်။ နိုင်ငံတော် စီးပွားရေး ကျဆင်းစေသည်။ ပြည်သူတို့ နိုင်ငံတော်အပေါ် အယုံအကြည်ကင်းမဲ့ကာ နိုင်ငံတော် တည်ငြိမ်ရေးကိုပါ ထိခိုက်စေနိုင်သည်။ ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ခဲ့လျှင် အတိုင်းမသိ စိုးရိမ် ထိတ်လန့်ဖွယ်ရာ ဖြစ်စေသည်ကိုလည်း သတိမူကြရမည်။

သူတစ်ပါးဆန်းသစ်တီထွင်မှုကိုလည်း အတုပြုလုပ်ခြင်း၊ ဥပဒေနှင့်မညီဘဲ ပြုမူဆောင်ရွက်ခြင်း တို့သည် သက်ဆိုင်သူ၏ အကျိုးစီးပွားကို ထိခိုက်စေသည် သာမက ဆန်းသစ်တီထွင်ဖန်တီးမှုတွေ လျော့နည်း ကျဆင်းလာစေနိုင်သည်။ နိုင်ငံတော်၏ တိုးတက်ဖွံ့ဖြိုးမှုကို နှေးကွေးစေသည်။ ဤသည်မှာလည်း အလေးထား ဆောင်ရွက်ကြရမည့် အချက်ဖြစ်သည်။

ကောင်းသော လုပ်ငန်းဆောင်တာများကို ကောင်းစွာလုပ်ကိုင်၍ ပရိယေသနဝမ်းစာရှာဖွေလုပ်ကိုင် စားသောက်ကြဖြင်းခြင့် ကောင်းကျိုးချမ်းသာများ ရယူနိုင်ကြသည်။ မကောင်းသောလုပ်ငန်းများကို လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုကြမည်ဆိုလျှင် မကောင်းသောအကု သိုလ်များသာ အကျိုးပေးကြပါလိမ့်မည်။ ဤသို့အားဖြင့် အတုယူ၊ အတုပြု၊ဆန်းသစ်တီထွင်မှုများ၏ သဘော သဘာဝနှင့် ဥပဒေပြဋ္ဌာန်းချက်များကို သိရှိကာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လူတိုင်းလူတိုင်း သတိပြု ဆင်ခြင်ကြရမည်ဖြစ်သည်။ ပြည်သူတွေ သက်ရှည်ကျန်းမာဖို့၊ နိုင်ငံတော်တည်ငြိမ်ဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့၊ တရားဥပဒေစိုးမိုးဖို့ဆိုလျှင် ဤအချက်များကလည်း အရေးပါအရာ ရောက်သော အခန်းမှာ ပါဝင်နေ လျက်ရှိနေကြောင်းပါ။

- ကောင်းသောဓလေ့စရိုက်တွေကို အတုယူ၊ အတုခိုး နိုင်ကြပါစေ၊
- ပြည်သူအကျိုး၊ နိုင်ငံတော်အကျိုး ထိခိုက်ရာရောက်သည့် အတုပြုမှုတွေ ရှောင်ရှားနိုင်ကြပါစေ၊
- ကောင်းသောဆန်းသစ်တီထွင်မှုတွေ စီမံဖန်တီးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင် ကြပါစေ။ ။

မောင်စာဂ

No comments:

Post a Comment