နေပြည်တော် ဇန်န၀ါရီ ၂၃
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို
ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌
ကျင်းပသည်။
အစည်းအဝေးတွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏
လယ်ယာမြေ ထောက်ပံ့ကြေး နည်းပါးစွာ ရရှိခဲ့သူများအတွက် တန်ဖိုးနည်း
အိမ်ရာမြေကွက်များ ဖော်ထုတ်ရောင်းချပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက နေပြည်တော် တည်ဆောက်ရေး
စီမံကိန်းကြောင့် မူလနေထိုင်ရာ ကျေးရွာများမှ မြို့ကွက်သစ်၊
ရပ်ကွက်သစ်များသို့ ပြောင်းရွှေ့နေရာ ချထားပေးပြီးဖြစ်သော်လည်း
နောက်ပိုင်းတွင် အိမ်ထောင်ကျပြီး အိမ်ခွဲသူများ လယ်ယာမြေ သိမ်းဆည်းခံရ
မှုကြောင့် မိသားစုနေထိုင်ရေး အမှန်အခက်အခဲ ရှိသော အိမ်ထောင်စုများ
နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် တင်ပြခြင်းများကို စိစစ်၍
နေပြည်တော်စည်ပင် သာယာရေး ကော်မတီမှ အိမ်ရာစီမံကိန်းများ၊
မြေကွက်စီမံကိန်းများ ဖော်ဆောင်ချိန်တွင် ဆောင်ရွက် ပေးနိုင်ရန်အတွက်
မှတ်တမ်းတင် ထား ရှိပါကြောင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့်
မြေကွက်စီမံကိန်းများ၊ အိမ်ရာ စီမံကိန်းများ ဖော်ဆောင်ရန်
စီစဉ်လျက်ရှိပါကြောင်း၊ အမှန်တကယ် နေထိုင်သည့် မိသားစုများ၊ အမှန်တကယ
နစ်နာ၍ အခက်အခဲရှိသော မိသားစုများ ကို ဦးစားပေးနေရာ
ချထားနိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ ကျောင်းကုန်းမြို့နယ် ကညင်ကောက် -
ဒါးက လျှပ်စစ် မြစ်ရေတင် စီမံကိန်းအား အပြီးဖျက်သိမ်း၍ လယ်ယာမြေများ
ပြန်လည်ဖော်ထုတ်ပြီး မူလတောင်သူ များအား ပြန်လည်ချထားပေးရန် အစီအစဉ် ရှိ၊
မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က မူလကရေသောက်စနစ် ပြည့်စုံစွာ
ဆောင်ရွက် ပြီးဖြစ်သည့် ဧက ၁၀၀၀ အတွင်းတွင်ရှိသည့် ရေသွင်းမြောင်း
အသုံးပြုထားသည့် လယ်မြေဧက ၉၅ ဒသမ ၇၃ ဧကအတွက် မြေယာနစ်နာကြေးပေးရန်
ဦးစွာစီစဉ်ခဲ့မှု ရှိပါကြောင်း၊ ရန်ပုံငွေအရ တောင်းခံ ခဲ့သော်လည်း
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေ ငွေကျပ် ၁၄၃ ဒသမ ၅၉၅
သန်းအသုံးပြုခွင့် ရရှိခဲ့ပါကြောင်း။
သို့သော်လည်း
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး၊ သယံဇာတနှင့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် တောင်သူများ တွေ့ဆုံညှိနှိုင်း
အစည်းအဝေးပွဲ တွင် တောင်သူများအနေဖြင့် နစ်နာကြေးငွေရယူလိုခြင်း
မရှိကြောင်းနှင့် မိမိတို့၏ မူလလယ်မြေကိုသာ ပြန်လည်ရယူစိုက်ပျိုးလိုကြောင်း
တင်ပြခဲ့မှု ရှိပါကြောင်း၊ မြေယာ နစ်နာကြေး ငွေကျပ် ၁၄၃ ဒသမ ၅၉၅ သန်းကို
ပေးအပ် နိုင်ခြင်းမရှိခဲ့ဘဲ ပိုလျှံ ရန်ပုံငွေအဖြစ် နိုင်ငံတော်သို့
ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ အဆိုပါ ဧက ၁၀၀၀ အတွင်း ရှိသည့် တောင်သူများ
မြေပြန်ရယူလိုသည့် ၉၅ ဒသမ ၇၃ ဧကနှင့် စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ်
မတ်လအတွင်းတွင် တောင်သူများနှင့် တွေ့ဆုံပြီး တစ်ဦးချင်း၏ သဘောထား
ဆန္ဒရယူခဲ့သည်ဟု သိရပါကြောင်း၊ အုပ်စု ၄ အုပ်စုတွင်ရှိသည့် တောင်သူ ၂၂၀
အနက်မှ ၂၀၉ ဦးအနေဖြင့် စီမံကိန်းမှ ရေရယူစိုက်ပျိုးလိုမှု မရှိကြောင်းကို
ဆန္ဒပြု ခဲ့ပါကြောင်း၊ တောင်သူများ၏ တင်ပြချက်အပေါ် ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့ နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့
ညှိနှိုင်းဆောင်ရွက်မှုကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၈ ခုနှစ် မေ
၁၀ ရက်တွင် ကျင်းပသည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ စီမံကိန်းကို
အပြီးပိုင်ဖျက်သိမ်းရန် သဘောတူ ဆုံး ဖြတ်ခဲ့ပြီးဖြစ်သည့်အတွက် ယခုအခါတွင်
စီမံကိန်းအား ဖျက်သိမ်းရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
တောင်သူများ ဆုံးရှုံးသွားသော လက်တံ(၁)မြောင်းနှင့် လက်တံ (၂)မြောင်းရှိ
စုစုပေါင်း ဧက ၁၀၀၀ အတွက် စီမံကိန်းမှ ရယူအသုံးပြုခဲ့သည့် လယ်ယာမြေ ဧက ၉၅
ဒသမ ၇၃ ဧကကို မူလလယ်မြေ များနှင့် အနီးစပ်ဆုံး မြေညှိပြုပြင်ပြီး
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မူလပိုင်ရှင်တောင်သူများ ထံပြန်လည်ပေး
အပ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ လပွတ္တာမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးကြူ၊
နန်းယွန်း မဲဆန္ဒနယ် မှ ဦးဝမ်းလှ၊ ထားဝယ် မဲဆန္ဒနယ်မှ ဦးအောင်စိန်နှင့်
လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း ၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးလှကျော်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်မျိုးတို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့်
အတည်ပြု၍ ပေးပို့လာသော တံတားကြီးများ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း
လွှတ်တော်သို့ အသိ ပေးသည်။
ယင်းနောက် အဆိုပါ ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ အစီရင်ခံစာကို ဥပဒေကြမ်း ကော်မတီဝင် ဦးဇော်ဝင်းက
ဖတ်ကြားတင်သွင်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်
ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော
်ဥက္ကဋ္ဌက ကြေညာ သည်။
ဆက်လက်၍ မင်းလှမဲဆန္ဒနယ်မှ
ဒေါက်တာသန်းအောင်စိုးက လူနှင့်တိရစ္ဆာန် များတွင် ခွေးရူးရောဂါ ဖြစ်ပွားမှု
လျော့နည်း ကျဆင်းရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ
အားလုံး ပူးပေါင်းလျက် စီမံချက်ချမှတ် ရေးဆွဲပြီးဆောင်ရွက်ရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ
ခွေးရူးရောဂါဆိုသည်မှာ လွန်စွာကြောက်စရာကောင်းပါကြောင်း၊ ရောဂါ လက္ခဏာပြပါက
ကုသ၍ မရတော့ဘဲ ရာနှုန်းပြည့် သေဆုံးပါကြောင်း၊ ကမ္ဘာပေါ်တွင် ခွေးရူးရောဂါ
ကြောင့် ၉ မိနစ်တွင် လူတစ်ယောက်ခန့် သေဆုံးနေပါကြောင်း၊ အာရှ၊
အာဖရိကတိုက်နှင့် မြန်မာ နိုင်ငံတွင်လည်း ဖြစ်ပွားမှုများပြားပါကြောင်း။
လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုအရဖြစ်စေ၊ နည်းပညာပိုင်းအရဖြစ်စေ၊
သုတေသနပြုခြင်း၊ အဖွဲ့အစည်း များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ဘဏ္ဍာငွေချမှတ် သုံးစွဲခြင်းဖြင့်
လူနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားသည့် ခွေးရူးရောဂါကို
လျော့နည်းကျဆင်းစေရန် စီမံချက် ချမှတ်ရေးဆွဲ အကောင်အထည်ဖော်
ဆောင်ရွက်ရန်အတွက် အဆိုတင်သွင်း ရခြင်း ဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အဆိုအား လက်ခံဆွေးနွေးနိုင်ရန်အတွက် ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်းက ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍
အဆုံးအဖြတ် ရယူ ရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအားလက်ခံဆွေးနွေးရန်
ဆုံးဖြတ်ကြောင်း ကြေညာ သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇန်န၀ါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)



No comments:
Post a Comment