နေပြည်တော် နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း
စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများ ပိုမိုတိုးတက် လာစေရေးနှင့် "စာတတ်သူတိုင်း စာဖတ်ရေး"
လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်နိုင်စေရေးအတွက် နှိုးဆော်ဆောင်ရွက်ရန်
ရည်ရွယ်ချက်ဖြင့် ကျင်းပမည့် "စာတတ်သူတိုင်း စာဖတ်ရေး" လှုပ်ရှားမှုအခမ်းအနားကျင်းပရေး
လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ
ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်လှထွန်းက "စာတတ်သူတိုင်း စာဖတ်ရေး"
လှုပ်ရှားမှုအခမ်းအနားကို မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ တွင် ဒီဇင်ဘာ
၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပ သွားရန် စီစဉ်ထားပါကြောင်း၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
လိုအပ်သည် များကို ၀ိုင်းဝန်းအကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အခမ်းအနား
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊
အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံစာကြည့်တိုက်များအသင်းနှင့်
မိတ်ဖက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ
ကြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးမျိုးမြင့်မောင်နှင့် တက်ရောက်လာကြသူများက လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို
အကြံပြုဆွေးနွေးတင်ပြကြ သည်။
တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီ
ဥက္ကဋ္ဌ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ မြန်မာအသံနှင့်
ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် နှင့်တာဝန်ရှိ သူများ တက်ရောက်ကြသည်။
"စာတတ်သူတိုင်း စာဖတ်ရေး"
လှုပ်ရှားမှုအခမ်းအနား၌ စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ရှန်တီစေတနာ့ ၀န်ထမ်းဖောင်ဒေးရှင်းတို့၏ နယ်လှည့်စာကြည့်တိုက်
ပြခန်းများ၊ စာအုပ်ဈေးရောင်းပွဲတော်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ၊ ခေတ်အဆက်ဆက်
ပြည်သူလူထု အသိပညာပေးလုပ်ငန်း များတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းကိရိယာများ၊ မှတ်တမ်းဓာတ်ပုံများ၊
မော်ကွန်းဝင်အဆင့် မှတ်တမ်းရုပ်ရှင်များ၊ ရှေးဟောင်းစာရွက်/စာတမ်းများကို ထိန်းသိမ်းနည်း၊
မိုက်ခရိုဖလင်ဖြင့် မှတ်တမ်းထားရှိမှုများ၊ မိုက်ခရိုဖလင်မှ ဒီဂျစ်တယ်အဆင့်သို့ ပြောင်းလဲထားရှိမှု၊
ရှေးဟောင်း ပေ၊ ပုရပိုက်အမျိုးမျိုး၊ ထန်းရွက်၊ ပေရွက်ပေါ်တွင် မြန်မာစာရေးထိုးမှတ်တမ်းတင်ခြင်း
အမျိုးမျိုး ကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment