လတ်တလော
ပြင်ပတွင် ထွက်ပေါ်နေသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် အချို့၏ တစ်ဖက်သတ် ကောက်ချက်ချ
ဝေဖန်ပြောဆိုနေမှုများ၊ ထိုမှဆက်၍ အခြားသူများကပါ ထင်မြင်ရာကို ဝင်ရောက်ဆွေးနွေး ပြောဆိုနေမှုများနှင့်
ပတ်သက်၍ နိုဝင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီမှ တာဝန်ရှိသူများထံ
တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
(ယမန်နေ့မှ
အဆက်)
ဦးကျော်နိုင်(ထက်မြက်)
(ဒုတိယဥက္ကဋ္ဌ-၂၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ)
နိုဝင်ဘာလ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတကြီးထံမှာ
သတင်းမီဒီယာကောင်စီဝင် ၂၉ ယောက် ကတိသစ္စာပြုဖို့ နေပြည်တော်ကို သွားတယ်။ နေ့လယ်ပိုင်းမှာ
သမ္မတကြီး ဆီမှာ ကတိသစ္စာပြုတယ်။ ကတိသစ္စာပြုပွဲမှာ မီဒီယာနဲ့ ပတ်သက်တဲ့ သဘောထားတွေ အားလုံးကို
သမ္မတကြီးက မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ နောက် ညနေပိုင်း ကျွန်တော်တို့ကို ညစာစားပွဲ
တည်ခင်းဧည့်ခံတဲ့ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ပါတယ်။
မကြုံဖူးတာကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
က အားလုံးကို လွှမ်းခြုံပြောတာထက် ကောင်စီဝင်တွေရှိတဲ့ စားပွဲဝိုင်းတိုင်းကို သူကိုယ်တိုင်လိုက်ပြီး
ဆွေးနွေးပြောဆိုတာက မကြုံဖူးလောက်တဲ့ ထူးခြားချက်ဖြစ်သလို အလွန် ပွင့်လင်းမြင်သာတယ်လို့လည်း
မြင်ပါတယ်။ အခုဖြစ်တာက ပွင့်လင်းမြင်သာမှုအပေါ်မှာ နားလည်မှုလွဲတယ်လို့ ကျွန်တော်မြင်ပါတယ်။
အခြားဝိုင်းတွေမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဘာတွေပြောကြသလဲတော့ ကျွန်တော်မသိဘူး။
ကျွန်တော်တို့ ဝိုင်းကို ပြန်ရောက်လာတော့ စကားတွေ တော်တော်ပြောဖြစ်ပါတယ်။ သတင်းနဲ့
ပတ်သက်ပြီး မေးကြ၊ ပြောကြပေါ့။
သဘောထားချမှတ်ထားခြင်းမရှိ
အဲ့ဒီမှာ ကျွန်တော်မြင်တာက နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမြင်ချင်းမတူတာလည်း ရှိချင် ရှိမယ်။ အဲ့ဒီမှာ သဘောထားက
MPC ဆိုတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရဲ့ သဘောထား မဟုတ်ဘူး။ မြန်မာနိုင်ငံ
သတင်းမီဒီယာကောင်စီက အဲဒီလို သဘောထား ချမှတ်ထားခြင်းလည်း မရှိဘူး။ ဒါကိုတော့ ရဲရဲပြောမယ်။
အခုဟာက တစ်ဦးချင်းရဲ့ သဘောထားပဲ ဖြစ်တယ်။ တစ်ဦးချင်းရဲ့ သဘောထားကတော့ သူတို့မှာ ထားခွင့်ရှိတယ်။
သူတို့သဘောထားနဲ့ သူတို့အမြင်ရှိသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာလည်း သူ့သဘောထားနဲ့
သူ့အမြင် ရှိလိမ့်မယ်ထင်တယ်။
ဆိုရှယ်မီဒီယာတွေမှာ အခုပြဿနာဖြစ်နေတဲ့
သတင်းတု၊ သတင်းမှားတွေအပေါ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဇောင်းပေးတာလည်း
ဖြစ်ချင် ဖြစ်မယ်။ နောက်တစ်ခါ မီဒီယာသမားတွေက မီဒီယာ ကျင့်ဝတ်ကို လေးလေးနက်နက် မလိုက်နာတာလည်း
ရှိမယ်။ ကျွန်တော့်အနေနဲ့ကတော့ Social Media ကို အယုံအကြည်နည်းတယ်။ Social Media ကို
ကြည့်တယ်၊ ဖတ်တယ်။ အဲ့ဒီမှာပါတဲ့ သတင်းတွေ၊ တင်ပြချက်တွေက ယေဘုယျဆန်တယ်။ ကျင့်ဝတ်နည်းတယ်လို့
ယူဆတယ်။ သတင်းသမားတွေက သတင်းတွေလိုက်တယ်၊ ရေးကြတယ်။ အချို့ လိုက်သင့်၊ မလိုက်သင့် ဆိုတာ
စဉ်းစားချင်မှ စဉ်းစားတယ်။
သတင်းသမားက သတင်းရဲ့ ကျင့်ဝတ်ကို လက်ခံရလိမ့်မယ်။
စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေနဲ့အတူ သတင်း အပေါ်မှာ ညီညီညွတ်ညွတ် မျှမျှတတ ရှိဖို့ကောင်းတယ်။
ဥပမာတစ်ခုပြောမယ်။ မီဒီယာ ကောင်စီကို ဘာတက်လာသလဲဆိုတော့ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင် မိသားစုက စီးပွားရေး ဘာလုပ်တယ်၊ ညာလုပ်တယ်ဆိုပြီးတော့ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီး
မန္တလေး တိုင်းဒေသကြီး အစိုးရက တိုင်တယ်။ အဲ့ဒီကိစ္စကို ကျွန်တော်က သတင်းတု၊ သတင်းမှားပဲလို့။
အဲ့ဒါက အတုကြီး။ အချိန်ကုန်ခံပြီး စစ်နေစရာတောင် မလိုဘူးလို့ ကျွန်တော်ပြောတယ်။ ဒေါက်တာ
ဇော်မြင့်မောင်ရဲ့ ရိုးသားမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုကို ကျွန်တော်သိတယ်။ ကျွန်တော့်အနေနဲ့
သမ္မတကြီးအပေါ်မှာ ယုံကြည်သလိုပဲ သမ္မတကြီးရဲ့ ဘဝဖြတ်သန်းမှုကို ကျွန်တော်သိတယ်။ အလွန်အနစ်နာခံတဲ့သူပါ။
သူ့ကို အဲ့ဒီလို မဟုတ်တာ ပြောရင် ကျွန်တော် မယုံကြည်ဘူး။ ဒေါက်တာ ဇော်မြင့်မောင် လည်း
အဲ့ဒီအတိုင်းပဲ။
အဲ့ဒီသတင်းဌာနကို စုံစမ်းတဲ့အခါကျတော့
အတုကြီး ဖြစ်နေတယ်။ စုံစမ်းလို့မရသလို ပေါ်လည်း ပေါ်မလာဘူး။ Social Media မှာလည်း ကျင့်ဝတ်သိတဲ့
မီဒီယာသမားတွေနဲ့ တာဝန်ရှိတဲ့ အုပ်ချုပ်သူတွေနဲ့ကလည်း နားလည်မှု ရှိဖို့လိုတယ်။ နားလည်မှုရှိဖို့
ကျွန်တော်တို့ မီဒီယာကောင်စီ က ကြိုးစားသွားဖို့ရှိတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ လည်း
ညှိနှိုင်းပြီးပါပြီ။
လေးနက်မှုရှိဖို့လို
အခုက သတင်းမီဒီယာကောင်စီ ဒုတိယသက်တမ်း
ပေါ့။ အခုမှ ကျွန်တော်တို့လည်း ပါလာတာ။ ပထမ သက်တမ်းမှာ ပါတဲ့သူတွေကလည်း များပါတယ်။
ပထမ သက်တမ်းမှာလည်း သတင်းမီဒီယာ ကောင်စီက ထိုက်သင့် တဲ့အလုပ်တွေ လုပ်ကြမယ်လို့ ထင်ပါတယ်။
အခု မီဒီယာ ကောင်စီရဲ့ လှုပ်ရှားမှုတွေအားလုံးကို ကျွန်တော့်အနေနဲ့ စနစ်ကျစေချင်တယ်။
တစ်ချိန်တည်းမှာပဲ သတင်းသမား တွေကလည်း ကျွန်တော်တို့ အပေါ် လေးနက်မှုရှိဖို့လိုတယ်။ သတင်းမီဒီယာ
ကောင်စီအနေနဲ့ သတင်းသမားတွေ ဖြစ်နေ တဲ့ ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်ရမယ်။
နောက် ဝန်ကြီးတွေ ဖြုတ်မယ်ဆိုတဲ့ကိစ္စလည်း
သမ္မတရုံးက တိုင်ထားတယ်။ အခုလိုတိုင်တဲ့ ကိစ္စမျိုးကတော့ သတင်းသမားက သူရတဲ့သတင်းကို သူရေးတာဖြစ်ပေမယ့်
ခိုင်လုံတဲ့သတင်းဖြစ်ဖို့ လိုတယ်။ ခိုင်လုံတဲ့သတင်း ဖြစ်ရင် အစိုးရအနေနဲ့ကတော့ ဒါဟာ
ဘယ်သူ့ဆီကရသလဲလို့ မေးချင်မေးမှာပဲ။ သတင်းသမားဘက်က ကျွန်တော် ပြောရမယ်ဆိုရင် ပြောခွင့်မရှိဘူး။
ဘယ်က ရတယ်ဆိုတာ မပြောနိုင်ဘူး။ မပြောလို့ ထောင်ချမယ်ဆို ထောင်ချခံနိုင် ရမယ်။ ဒါပေမယ့်
ကျင့်ဝတ်အရ သတင်းအမှား၊ ထင်ကြေး နဲ့တော့ မတင်ရဘူး။ အဲ့ဒီသတင်းမှာဆို ပြောထားတာက သမ္မတရုံးနဲ့
ထဲထဲဝင်ဝင်ရှိတဲ့ အနီးစပ်ဆုံးက ပြောတယ် ဆိုတော့ တံမြက်စည်းလှည်းတဲ့သူ၊ သောက်ရေထည့်တဲ့
လူကလည်း ထဲထဲဝင်ဝင်ရှိမှာပဲ။ အဲဒါကြောင့်လို့တော့ ပြောလို့ မရဘူး။ အဲ့ဒီသတင်းကို သမ္မတရုံးက
ညွှန်ကြားရေးမှူး တစ်ယောက်က လည်းကောင်း၊ ဝန်ကြီး တစ်ယောက်ယောက် ကလည်းကောင်း ပေးတယ်ဆိုရင်လည်းပဲ
ပေးတဲ့သူကို မပြောရဘူး။ တကယ်မှန်တယ်ဆိုရင်တော့ ရဲရဲဝံ့ဝံ့ရေး၊ မမှန်ဘူးဆိုရင်တော့ မရေးနဲ့။
ဒါဟာ စာနယ်ဇင်းသမားရဲ့ ကျင့်ဝတ်ပဲ။ ထင်ကြေးနဲ့ ရေးတယ်ဆိုရင်တော့ မှားတယ် ဆိုတာ ဝန်ခံသင့်တယ်။
သတင်းသမားတွေ ကလည်း ရိုးသားပြီး ပွင့်လင်းတဲ့သူ၊ ရေးရဲတဲ့သူဖြစ်ရမယ်။ ရေးရဲတဲ့သူ ဆိုပေမယ့်လည်း
သတင်း အမှားတွေရေးပြီး ငါရေးရဲတယ် မလုပ်နဲ့။
တိမ်းစောင်းမှုတွေဖြစ်လာ
တစ်ချိန်တည်းမှာ ဆိုရှယ်မီဒီယာသမားတွေကို
ယေဘုယျမြင်ရတာတော့ နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံ မှာရော တချို့ နိုင်ငံတကာ ကူညီထောက်ပံ့မှုယူပြီးတော့
လုပ်ကြတယ် ကြားတယ်။ တိတိကျကျ မပြောနိုင်ပေမယ့် အဲ့ဒီသဘော သက်ရောက်တယ်။ အဲ့ဒီအပေါ်မှာ
သတင်း မီဒီယာသမားတွေ အနေနဲ့ တိမ်းစောင်းမှုတွေ ဖြစ်လာတယ်။ တစ်ချိန်တည်းမှာ သတင်းသမားတွေ
အနေနဲ့ ဘာရှိသင့်သလဲဆိုတော့ နိုင်ငံအပေါ်၊ နိုင်ငံရဲ့ အရေးအပေါ်မှာ လေးနက်မှုရှိဖို့ လိုတယ်။
နိုင်ငံကို ချစ်တဲ့စိတ်နဲ့ အမျိုးသား ရေးစိတ်လည်း ရှိဖို့လိုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။
အဲ့ဒါကတော့ သတင်းသမားတွေရဲ့ ကျင့်ဝတ်ထဲ
ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နိုင်ငံအပေါ်မှာ ချစ်တတ် ရမယ်။ နောက်တစ်ခါ သတင်းသမားက နိုင်ငံရေးသမား
မဟုတ်ဘူး။ နိုင်ငံရေးသမား ဆိုတာက ခုနကပြောတဲ့ အသနားခံစာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ကျွန်တော်
နိုင်ငံရေးသမားပဲ။ ထောင်ထဲကလွှတ်ပေးဖို့ ဒါလေး လက်မှတ်ထိုးလိုက်ပါဆိုရင် မထိုးဘူး။ ထောင်ထဲမှာ
၁၅ နှစ်လောက် နေရလည်း ဘယ်တော့မှ အရှုံးမပေးဘူး။ ကိုယ့်ယုံကြည်ချက်က မှားတာမှ မဟုတ်တာကိုး။
သတင်း သမားက အဲ့ဒီလိုမရပ်တည်နိုင်ဘူး။ ငါ-ကမ္ဘာကြီးကို ပြုပြင် ပြောင်းလဲမယ်။ နိုင်ငံကို
ပြုပြင် ပြောင်းလဲမယ် ဆိုတဲ့နေရာမှာ အမှန်တရားနဲ့ သတင်းအမှန်နဲ့ပဲ ပြုပြင်ပြောင်းလဲနိုင်
မယ်။ စနစ်ကြီး တစ်ခုလုံးကို ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကိုလည်း သတင်းသမားတွေက
နားလည် သဘောပေါက်သင့်တယ်လို့ မြင်တယ်။
သတင်းသမားပီသဖို့၊ သတင်းကျင့်ဝတ်တွေ နားလည်ဖို့လိုတယ်။
သတင်းလိုက်ရင်းနဲ့ သတင်း အကြောင်းကို သိလာလိမ့်မယ်။ ပိုကျယ်ပြန့်တဲ့အရာတွေ သိဖို့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း
သင်တန်းတွေ ဖွင့်ဖို့လိုသလို ကျွန်တော်တို့ သတင်းမီဒီယာကောင်စီက လည်း သင်တန်းတွေဖွင့်ဖို့
စဉ်းစားထားပါတယ်။ အခုမှ သက်တမ်းက လပိုင်းပဲရှိသေးတာမို့ပါ။ သတင်းမီဒီယာ ကောင်စီက ကျင့်ဝတ်သင်တန်းတွေပေးမယ်။
သတင်း ဘယ်လိုလိုက်မလဲဆိုတာတွေ ပေးဖို့ရှိမယ်။ သင်တန်း ကျောင်းတွေကလည်း အဲ့ဒီလိုအရာတွေ
လုပ်ဖို့လိုတယ်။
သမ္မတကြီးရဲ့ မိန့်ခွန်းအပေါ် ကျွန်တော့်အနေနဲ့
ထောက်ခံပါတယ်။ သမ္မတကြီးပြောတဲ့ အနေအထားမျိုး ရောက်အောင်လည်း မီဒီယာသမားတွေက ဝိုင်းပြီးကြိုးပမ်း
သင့်တယ်ထင်တယ်။ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံကို ထိခိုက်မယ့်အရာမျိုး၊ ကမ္ဘာမှာ သိက္ခာကျစေမယ့်၊
နိုင်ငံ့ ပုံရိပ်ကို ထိခိုက်မယ့် အရာမျိုးကျတော့ သတိထားဆင်ခြင် သင့်တယ်။ အခုလို ပွင့်လင်းလွတ်လပ်တဲ့
ကာလမျိုးမှာ အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ရှိသင့်တယ်လို့ မြင်ပါတယ်။
အခုကိစ္စက စိတ်ထဲ သိပ်မကောင်းဘူး။ လူငယ်တွေက
တက်ကြွလွန်းတယ်။ သူတို့ရဲ့အမြင်ကို သူတို့ပြောကြတာ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
သတင်းသမားတွေကို အမြင်စောင်းတယ်လို့ သူတို့ကမြင်တယ်။ ကျွန်တော့်အမြင် က သတင်းမီဒီယာသမား
အားလုံးကို အမြင်စောင်းတယ်လို့ မမြင်ဘူး။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းတု၊
သတင်းမှားတွေ အပေါ်မှာ ပြောတာကို နှစ်ခုရောသွားတာလို့ ထင်တယ်။ အခုလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့
တွေ့ရတဲ့အချိန်မှာ အလွတ်သဘောကို တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောတာ။ ကိုယ်ပြောချင်တာပြောပဲ။
တော်တော် ကောင်းတယ်။ အဲ့ဒီအခွင့်အရေးပေါ်မှာ ဆက်ပြီးတော့ တတ်နိုင်တဲ့အပေါ်မှာ လက်တွဲကြပါလို့
ပြောချင်တယ်။ လက်မတွဲနိုင်ရင်လည်း မတွဲနိုင်တဲ့အကြောင်းကို ထိထိရောက်ရောက် ပွင့်ပွင့်လင်းလင်း
ထောက်ပြကြပါ။ အခု ဟာက နားလည်မှုလွဲတာလို့ ယေဘုယျ သတ်မှတ်တယ်။
ဦးကျော်စွာမင်း
(အတွင်းရေးမှူး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ)
နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းက သတင်းမီဒီယာ
ကောင်စီဝင်တွေကို ဂုဏ်ပြုညစာနဲ့ တည်ခင်း ဧည့်ခံတဲ့ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
နှုတ်ခွန်းဆက် စကားပြောပါတယ်။ ကျွန်မ မိန့်ခွန်းပြောတာ မဟုတ်ပါဘူး။ ထူးထူးထွေထွေပြောဖို့
မရှိပါဘူး။ ကျွန်မသိချင်တာလေးတော့ ရှိတယ်။ သတင်းဆိုတာ ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ သိချင်တယ်။
ဒါကိုရှင်းပြပေးပါဆိုပြီးတော့ နှုတ်ခွန်းဆက် တယ်။ ကောင်စီဥက္ကဋ္ဌကြီး စကားပြော အလှည့်ရောက်တော့
သတင်းဆိုတာကို ပြန်ရှင်းပြသွားတယ်။ ပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စားပွဲဝိုင်း
တစ်ဝိုင်းချင်းစီကို လိုက်လံနှုတ်ဆက်ပြီး အလွတ်သဘော ရင်းရင်းနှီးနှီး ပြောဆိုတယ်။
နားလည်မှုတည်ဆောက်တဲ့သဘော
ဒါကတော့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးက မီဒီယာတွေ
အပေါ်မှာ နားလည်မှုတည်ဆောက်တဲ့သဘောပါ။ မဏ္ဍိုင် လေးရပ်တွေ့ဆုံပွဲတွေ ကျွန်တော်တို့ လုပ်တယ်။
မဏ္ဍိုင် လေးရပ် နားလည်မှုရအောင် တည်ဆောက်တယ်၊ အခု အုပ်ချုပ်ရေးမဏ္ဍိုင် အကြီးအကဲက စတုတ္ထမဏ္ဍိုင်
အကြီးအကဲအဖွဲ့နဲ့ တွေ့ကြတယ်။ နားလည်မှု တည်ဆောက်တာလို့ မြင်တယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့ဆိုရင်
နားလည်မှုရအောင် အရင် တည်ဆောက် ရပါတယ်။ ကောင်စီကတော့ သတင်းမီဒီယာသမားတွေ သတင်းရယူပိုင်ခွင့်
ကောင်းအောင် မဏ္ဍိုင်သုံးရပ်နဲ့ နားလည်မှု တည်ဆောက်နေပါတယ်။ တပ်မတော်နဲ့လည်း တည်ဆောက်နေတာပါပဲ။
မီဒီယာဖွံ့ဖြိုးဖို့ဆိုပြီး မြန်မာပြည်ရောက်နေတဲ့
နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ ပူးပေါင်းလုပ်ကြတာပဲ။ ဒီနှစ် ၂ဝ၁၈ ထဲမှာဆိုရင်
တပ်မတော်က မီဒီယာတွေကို တိုင်ကြားမှုမရှိဘူး။ အခုနိုင်ငံတော်သမ္မတ ကိုယ်တိုင်ကလည်း ကောင်စီကိုပဲ
တိုင်ဖို့ညွှန်ကြား လာပြီ။ ဒါဟာ ကျွန်တော်တို့ နားလည်မှု တည်ဆောက်နေတဲ့ ရလဒ်တွေပါပဲ။
အခုအပြင်မှာ ထွက်ပေါ်လာတဲ့ ကိစ္စတွေက ကျွန်တော်တို့ စားပွဲဝိုင်းကတော့ မဟုတ်ဘူး။ ဒါကြောင့်
သူတို့ ဘာတွေပြောတယ် ဆိုတာတော့ ကျွန်တော်မသိဘူး။ သူတို့ပြောကြတာတွေက အလွတ်သဘော ဖြစ်တဲ့အတွက်
ကောင်စီတော့ ကိုယ်စားမပြုပါဘူး။ ကျွန်တော် နားလည်တာ ကတော့ ဒါက အပြန်အလှန် ဆွေးနွေးကြသူတွေရဲ့
တစ်သီးပုဂ္ဂလ အမြင်သဘောထားပါ။
ကောင်စီဆိုတာ လုပ်ချင်တိုင်းလုပ်မရပါဘူး။
ပေးအပ်ထားတဲ့ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရပါတယ်။
ဥပဒေ ပုဒ်မ ၁၂ အရ ဆိုရင် ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ
လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်လို့ ဆိုထားပါတယ်။ ဒါကြောင့်
ကောင်စီဟာ သတင်းမီဒီယာသမားတွေ ရပိုင်ခွင့်များကို ရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ သတင်းသမားတွေရဲ့
အကျိုးစီးပွားကို ကာကွယ်ပေးရုံမျှမက ကျင့်ဝတ်မလိုက်နာတဲ့ သတင်းသမား၊ မီဒီယာသမားတွေကိုလည်း
ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။
ပုဒ်မ ၁၇ မှာကောင်စီရဲ့ လုပ်ငန်းတာဝန်တွေ
ပြဋ္ဌာန်းထားပါတယ်။ ၁၇(က)မှာ သတင်း မီဒီယာကို စောင့်ကြည့်ခြင်းနှင့် အရည်အသွေး မြှင့်တင်ပေးခြင်းဆိုတာ
ပါပါတယ်။ နည်းဥပဒေ ၁၉ (ခ)မှာလည်း ပြဋ္ဌာန်းထားပါသေးတယ်။ ဒါကြောင့် ကောင်စီအနေနဲ့ ပုဒ်မ
၁၇(က)ကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ စတင်ဆောင်ရွက်နေပါပြီ။ သတင်းသမားတွေ လိုက်နာရမယ့်
ကျင့်ဝတ်စည်းကမ်းတွေ၊ သတင်းသမားတွေ သိထားရမယ့် ဥပဒေတွေကို သင်တန်းပေး သွားဖို့ စီစဉ်ထားပါပြီ။
နည်းဥပဒေ ၁၉(ခ)အရ သတင်းမီဒီယာတွေ ကျင့်ဝတ်လိုက်နာခြင်း
ရှိ၊ မရှိကို စောင့်ကြည့် ဖို့၊ သတင်းတု၊ သတင်းမှားတွေကို စောင့်ကြည့်ဖို့၊ ကျင့်ဝတ်နဲ့
စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဖွဲ့ပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထားပြီးပါပြီ။ ကောင်စီရဲ့
အရေးကြီးတဲ့ နောက်လုပ်ငန်းစဉ်တစ်ခုက အငြင်းပွားမှုတွေ တိုင်ကြားမှုအပေါ်မှာ ညှိနှိုင်း
ဖြေရှင်းပေးရတာတွေပါ။ ၂ဝ၁၅-၂ဝ၁၈ ပထမ သုံးနှစ်သက်တမ်းမှာဆိုရင် တိုင်ကြားမှုပေါင်း ၂၂၉
ခု ရှိခဲ့ပါတယ်။ ၂၂ဝ ကျော်ကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ သတင်းသမားတွေ
သတင်းရယူမှု အဆင်ပြေရေးအတွက် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွေ လုပ်ခဲ့ပါတယ်။ ပြည်ထောင်စုအဆင့်
နှစ်ကြိမ် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ရှစ်ကြိမ်လုပ်ပြီးပါပြီ။ ဆက်လုပ်သွားမှာပါ။
အနောက်တံခါးအရေးနဲ့ ကမ္ဘာ့မျက်နှာစာမှာ မြန်မာကို အကျည်းတန်အောင် တွန်းပို့နေချိန် ကာလလည်းဖြစ်၊
ဒီမိုကရေစီ ပုံဖော်ထုဆစ်နေဆဲ ကာလလည်း ဖြစ်နေချိန်မှာ ပြည်တွင်း မီဒီယာတွေကို အားကိုးပါရစေလို့
ပြောဆိုလိုက်တာပဲလို့ မြင်ပါတယ်။
တွေ့ဆုံမေးမြန်း-ရဲခေါင်ညွန့်၊ နန္ဒာဝင်း
No comments:
Post a Comment