Sunday, September 30, 2018

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ရန်ကုန် - မြိတ်လမ်းပေါ်ရှိ ပဲဒက် တံတားဖွင့်ပွဲနှင့် ဝင်းဝတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်



နေပြည်တော် စက်တင်ဘာ ၃၀
လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် တနင်္သာရီ တိုင်းဒေသကြီး ၊ သရက်ချောင်းမြို့နယ်၊ ရန်ကုန်- မြိတ် လမ်းပေါ်ရှိ ပဲဒက်တံတားနှင့် ဝင်းဝတံတား ဖွင့်ပွဲ အခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် တစ်ပြိုင်တည်းကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက် ဖွင့်လှစ်ပေးသည်။

အခမ်းအနား  ပထမပိုင်း ပဲဒက်တံတားဖွင့်ပွဲကို နံနက် ၉ နာရီခွဲတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်        တနင်္သာရီ တိုင်း အတွင်း လမ်းဦးစီးဌာနမှ လမ်းမိုင် ၉၆၉ မိုင် ၅ ဖာလုံ ဖောက်လုပ်ထိန်းသိမ်းထားပြီး လမ်းများကိုလည်း ကတ္တရာ၊ ကွန်ကရစ် (AC) လမ်းများအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက် ဖွံ့ဖြိုးရေး ဦးစီးဌာန မှလည်း ကျေးလက်လမ်းမိုင် ၅၁၃ ဖောက်လုပ်ထိန်းသိမ်းထားပါ ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ၉၀ ရာခိုင်နှုန်းအတွက် ရာသီမရွေး သွားလာ နိုင်သည့် ကျေးလက်လမ်းများရရှိလာရန် နှစ်စဉ်နှစ်တိုင်း အဆင့်မြှင့်တင် ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း။
မြို့ပြနှင့်အိမ်ရာတွေကို စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့် (၃)နှစ်တာကာလတွင် မြို့ပြ စီမံကိန်း များနှင့် စက်မှုဇုန် ၊ အထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ (၆၄)လုံး၊ အခန်း(၆၇၀) ခန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ မြို့ကြီး (၅)မြို့တွင်  မြို့ပြစီမံကိန်း (Town Plan) ရေးဆွဲပြီးဖြစ်ပါကြောင်း။
တံတားဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပေ (၁၈၀)နှင့်အထက် တံတား (၂၂)စင်း တည်ဆောက်ပြီး ဖြစ်ရာ တနင်္သာရီတံတား၊ ပုလုံးတုံးလုံး တံတားအပါအဝင် တံတား(၈)စင်း ဆောင်ရွက် ဆဲဖြစ်ပါကြောင်း။
အခုဖွင့်လှစ်သည့်  ပဲဒက်တံတားသည် ထားဝယ်-မြိတ်လမ်းပေါ်ရှိ အချက်အချာ ကျသည့်  တံတားတစ်စင်းဖြစ်ပြီး (၃၀၀)ပေရှည် (၂)လမ်းသွားတံတားဖြစ်ပြီး ဘိုးပိုင် အုတ်မြစ်ပေါ်တွင် သံကူကွန်ကရစ်  ကိုယ်ထည်၊ တံတား အပေါ် ထည်အဖြစ် သံကူ ကွန်ကရစ်ယက်မအဖြစ် တည်ဆောက်ထားပါကြောင်း၊ ၎င်းတံတားကို တနင်္သာရီတိုင်း ဒေသကြီး ၏  ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ တံတား သစ်များဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးတိုးတက်မှု ပိုမိုလျင်မြန်စေပြီး အချိန်တိုအတွင်း ကူးသန်းသွားလာနိုင်တော့မည် ဖြစ်ပါကြောင်း၊ ပဲဒက်တံတားရေရှည်တည်တံခိုင်မြဲ ရေးအတွက် ဒေသခံပြည်သူများမှ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် ပေးစေ လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က အမှာစကား ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားကြီးဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် တံတား ကြီး ရေရှည်တံတားခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲဒက်တံတားကို ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၊ သရက်ချောင်းမြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ်များရုံး ဥက္ကဋ္ဌ ဦးကြည်ရှိန်နှင့် ပဲဒက် အခြေခံပညာ အထက်တန်းကျောင်း၊ ဒသမတန်းကျောင်းသူ နော်မေသဇင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံတားဖွင့်ပွဲ မုဒ်ဦး ရှေ့တွင် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပဲဒက်တံတားကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်နှင့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံတားကြီးပေါ်မှ ဖြတ်သန်း ကြည့်ရှုပြီး တံတားဖွင့်ပွဲ ပထမပိုင်းကို အောင်မြင်စွာ ကျင်းပပြီးစီးသည်။
ဆက်လက်၍ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၃) မှ တည်ဆောက်ပြီးစီးသော ဝင်းဝတံတားဖွင့်ပွဲကို   အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က တံတားကြီးဖွင့်လှစ်ပေးခြင်း၊ တံတားဆိုင်ရာ အချက် အလက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားကြီးတည်ဆောက်ဖွင့်လှစ်ပေးသည့် အတွက် ကျေးဇူး တင်စကား ပြောကြားသည်။
ထို့နောက် ဝင်းဝတံတားကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ဆက်လက်၍ ဝင်းဝတံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံတားကြီးပေါ်မှ ဖြတ်သန်း ကြည့်ရှု ကြသည်။
ဝင်းဝတံတားသည် ရန်ကုန်- မြိတ်လမ်း (ထားဝယ်-မြိတ် အပိုင်း) မိုင်တိုင်အမှတ် (၆၂.၀) ကီလို မီတာတွင် တည်ရှိပြီး တံတားအမျိုးအစားမှာ အပေါ်ထည် သံကူကွန်ကရစ် ယက်မနှင့် Plate Girder ၊ အောက်ထည် သံကူကွန်ကရစ်နှင့် အုတ်မြစ်ကို (1) မီတာအချင်းနှင့် (1.2) အချင်း ဘိုးပိုင် အုတ်မြစ်တို့ဖြင့် တည်ဆောက် ထားပြီး တံတားအရှည် (၆၂၀)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်း တစ်ဖက်လျှင်(၃)ပေစီပါရှိပြီး ယာဉ်တစ်စီးချင်း  ခွင့်ပြုအလေးချိန်မှာ တန်(၆၀)ဖြစ်ကြောင်း သိရှိ ရသည်။
(သတင်းစဉ်)

No comments:

Post a Comment