Thursday, August 2, 2018

ကိုယ်စီတာဝန်

မောင်မောင်ကျော်

နိုင်ငံတစ်နိုင်ငံတွင် အကြောင်းကိစ္စတစ်ခုပေါ်ပေါက်ပါက အစိုးရလည်း အစိုးရအလျောက်၊ အဖွဲ့အစည်းများလည်း အဖွဲ့အစည်းအလျောက်၊ ပြည်သူများလည်း ပြည်သူအလျောက် ကိုယ်စီကိုယ်စီ တာဝန်ရှိကြပါသည်။


အထူးသဖြင့် ယခုကဲ့သို့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသောအချိန်အခါတွင် ပြည်သူပြည်သား အားလုံးတို့သည် ကိုယ်စီကိုယ်စီ ပိုမို၍တာဝန်ရှိကြပါသည်။

မျက်မှောက်ကာလတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ ထိုဒေသနေ ပြည်သူများ ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပါသည်။ သဘာဝဘေးဆိုသည်မှာ မလွန်ဆန်နိုင်သော သဘာဝတရားဖြစ်ပြီး တားဆီး၍ရနိုင်သော အရာမဟုတ်ပါ။ သဘာဝဘေးကို ကြုံတွေ့ရသောအခါ ဘေးအန္တရာယ်များမှ လွတ်မြောက်ရေး၊ အန္တရာယ်ကျရောက်မှု လျော့ပါးသက်သာရေးတို့ကို အခြေအနေ အချိန်အခါအပေါ် မူတည်၍ ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရပါသည်။

ထိုသဘာဝဘေးကို မည်သူ့တွင်တာဝန်ရှိသနည်းဟု ယိုးမယ်ဖွဲ့၍လည်း ပြော၍ရနိုင်မည် မဟုတ်ပါ။ အများပြည်သူနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ အထူးသဖြင့် အများပြည်သူနှင့်သက်ဆိုင်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပြဿနာများရှိလာသောအခါ အစိုးရကိုသာ အပြစ်တင်ကြသည်မှာ အစဉ်အလာကဲ့သို့ ဖြစ်နေပါသည်။

ပြည်သူ့အစိုးရအနေဖြင့် နှစ်နှစ်တာ၊ သုံးနှစ်တာကာလအတွင်း နှစ်ပေါင်းများစွာ ပြဿနာများကို ဖြေရှင်းနေရသည်မှာ မလွယ်ကူလှ၍ အားမလိုအားမရ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

အမှန်တကယ်တွင် နိုင်ငံတစ်နိုင်ငံအတွက် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်း တစ်ယောက်သည်ပင် ထိုနိုင်ငံကို တဖြည်းဖြည်းနှင့် အောင်မြင်အောင် ထူထောင်ရပါသည်။ ထိုသို့ထူထောင်နိုင်ရန်အတွက် ထိုခေါင်းဆောင်ကောင်းနောက်တွင် ပြည်သူပြည်သားများသည် နောက်လိုက်ကောင်းအဖြစ် ပါဝင်ကြရပါသည်။

ခေါင်းဆောင်ကောင်းများနှင့် ပြည်သူပြည်သားများ တက်ညီလက်ညီ နိုင်ငံကိုတည်ဆောက်ကြမှသာ တိုင်းသစ်ပြည်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ယခုကဲ့သို့သော သဘာဝဘေးပြဿနာများမှာတစ်နှစ်ထက်တစ်နှစ် လျော့ပါးသွားစရာ အကြောင်းရှိမည် မဟုတ်ချေ။ တစ်နှစ်ထက်တစ်နှစ် တိုး၍တိုး၍သာ လာချေတော့မည်။ ထို့ကြောင့် ရင်ဆိုင်ကြုံတွေ့ကြရမည့် သဘာဝဘေးအန္တရာယ်များမှ လျော့ပါးသက်သာရေးအတွက် အစိုးရအနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင် စီမံခန့်ခွဲထားရမည်ဖြစ်သလို စီမံဆောင်ရွက် နေသည်ကိုလည်း တွေ့ရပါသည်။ အစိုးရက မည်မျှပင် စီမံခန့်ခွဲဆောင်ရွက်သော်လည်း ပြည်သူပြည်သားများ၏ ပြုမူနေထိုင်ဆောင်ရွက်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှု၊ တားဆီးကာကွယ်မှု များကို ညီညီညွတ်ညွတ် မဆောင်ရွက်ကြလျှင်၊ ထိုက်သင့်သည့် အတိုင်းအတာအထိ မလုပ်ဆောင်ကြလျှင် အန္တရာယ်များမှာ မလျော့ပါးဘဲ ပိုမိုပြင်းပြင်းထန်ထန် ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် အစိုးရလည်း အစိုးရ၊ ပြည်သူလည်း ပြည်သူ ကိုယ်စီကိုယ်စီ ညီညီညွတ်ညွတ်တာဝန်ယူကြရမည် ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေသည့် သဘာဝဘေးအန္တရာယ်မှာ အတိုင်းအတာတစ်ခုအထိ မကြီးမားသေးဟု ဆိုချင်ပါသည်။ ယနေ့ကာလတွင် ရေကြီးရေလျှံမှု များများစားစားဖြစ်ခဲ့သည့် ပဲခူး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွင် တက်ရေများ ပြန်လည်ကျသွားသည်ကို မြင်တွေ့ရသည်။ ရက်အတန်ကြာ ပိတ်ထားခဲ့ရသော ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ပြန်လည်ပွင့်သွား၍ ကူးသန်းသွားလာနေကြသည်ကို တွေ့ရသည်။ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းရှိ ဘီးလင်း-သထုံလမ်းပိုင်း ရေကျော်စဉ်က ပိတ်မိခဲ့သော မော်တော်ယာဉ်များနှင့် ခရီးသည်များ ရာချီရှိခဲ့သည်။ ခရီးသည်များ လမ်းခုလတ်တွင် ညအိပ်ညနေ နေခဲ့ရသော်လည်း အခက်အခဲများ ကြီးကြီးမားမား မရှိခဲ့ချေ။ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အစစအရာရာ သင့်တင့်လျောက်ပတ်စွာ အဆင်ပြေခဲ့သည်ဟု အဆိုပါခရီးသွားများထံမှ သိရသည်။ အမှန်တကယ်တွင် ရက်ရှည်ကြာစွာ သောင်တင်ခဲ့သော အခြေအနေတွင် အခက်အခဲများ အနည်းအများရှိနိုင်သည်။

ယနေ့အချိန်အခါတွင် နိုင်ငံတစ်ဝန်း၌ ရေဘေးသင့်ပြည်သူ တစ်သိန်းခွဲခန့်၊ အိမ်ထောင်စု သုံးသောင်းကျော်တို့သည် ကယ်ဆယ်ရေးစခန်း သုံးရာကျော်တွင် ယာယီ နေထိုင်လျက်ရှိသည်။ ထို့အတွက် လိုအပ်သည့် စားရေး သောက်ရေးနှင့် လိုအပ်ချက်တို့ကို ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ အလှူရှင်များ၊ လုပ်အားပေးများက တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေသဖြင့် လိုအပ်ချက် ကြီးကြီးမားမား မရှိဘဲ သင့်တင့်လျောက်ပတ်စွာဖြင့် အဆင်ပြေသည်ဟု သိရသည်။ သေဆုံးဒဏ်ရာရမှု အနည်းငယ်ရှိသော်လည်း အခြားဖြစ်စဉ်များ၊ အခြားနိုင်ငံများလောက် မကြီးမားဟုဆိုနိုင်သည်။

အစိုးရအနေဖြင့် လက်ရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကို ကူညီစီမံဆောင်ရွက် ပေးထားပြီး ရေကြီးရေလျှံမှုအခြေအနေ မရှိသော်လည်း မြစ်ချောင်းများနှင့်နီးစပ်ပြီး အန္တရာယ်ရှိနိုင်သော ကျေးရွာများအား ယာယီရွှေ့ပြောင်းနေထိုင်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ပျက်စီးသွားသော လမ်းပိုင်းများအား သက်ဆိုင်ရာတို့မှ အလျင်အမြန် ပြင်ဆင်ပြီး ခရီးလမ်းပန်းသာအောင် ဆောင်ရွက်ပေး ရမည်ဖြစ်သလို ပြည်သူများအတွက် စားဝတ်နေရေးနှင့် ကုန်စည်စီးဆင်းမှု တည်ငြိမ်မှန်ကန်ရေးအတွက် အသက်မွေးဝမ်းကျောင်းပြုသည့် ပြည်သူများက ကိုယ်ကျိုးစီးပွားကို ဦးစားမပေးဘဲ အများအကျိုးအတွက် ရှေးရှုဆောင်ရွက်ပေးကြရန် လိုအပ်သည်။

ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ ထိခိုက်မှု လျော့နည်းသက်သာစေရေးအတွက် မိုးလေ၀သဌာနမှ စဉ်ဆက်မပြတ် အသိပေးနေသော ရာသီဥတုဖြစ်စဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မဖြစ်မီ၊ ဖြစ်စဉ်၊ ဖြစ်ပြီးအခြေအနေမှန်များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံပိုင် သတင်းပြန်ကြားရေး ဌာနများက နေ့စဉ်ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ဖြစ်စဉ်ဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ သတင်းအမှန်ကို ပြည်သူများသိရှိရန် လိုအပ်သည်။ သတင်းမှားများနှင့် လိုသည်ထက်ပို၍ ပုံကြီးချဲ့ထားသောသတင်းများကြောင့် စိုးရိမ်ထိတ်လန့်မှုနှင့် မလိုလားအပ်သော ထိခိုက်မှုများမဖြစ်အောင် သတိထားသင့်သည်။ လက်ရှိအခြေအနေတွင် ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များကိုပြန်လည်ကုစားပြီး နောင်ကြုံတွေ့လာနိုင်သော အန္တရာယ်များကို ညီညီညွတ်ညွတ် ပြင်ဆင်ထားရမည်။

မြန်မာနိုင်ငံတွင် ယနေ့ကြုံတွေ့ခဲ့ရသော ရေကြီးရေလျှံမှုသဘာဝဘေးဖြစ်စဉ်များမှာ အတော်အတန် လျော့ပါးသက်သာသွားပြီဟု ဆိုနိုင်သည်။ ထိခိုက်ခံစားခဲ့ရသော ပြည်သူများအား ပြန်လည်ထူမတ်ပေးနိုင်ရန်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်။ ယခုကဲ့သို့ သဘာဝဘေး ဖြစ်စဉ်တွင် အတိုင်းအတာတစ်ခုအထိ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခြင်းသည် ပြည်သူအားလုံး ကိုယ်စီကိုယ်စီ တာဝန်ကျေပွန်မှုကြောင့်ဟု ဆိုချင်သည်။

မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် မည်သည့်အရေးတွင်မဆို ကိုယ်စီတာဝန်ရှိပါသည်။ ။


No comments:

Post a Comment