Sunday, March 19, 2017

ရုပ်ရှင်တွေကပြောတဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ သမိုင်းကြောင်း၊ လူမှုတန်ဖိုးတွေဟာ လူ့သမိုင်းနဲ့ထပ်တူ ကျန်ရစ်နေတာဖြစ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
၂ဝ၁၇ ခုနှစ်၊ မတ်လ ၁၈ ရက်
ချစ်ခင်လေးစားရပါသောအနုပညာရှင်၊ အတတ်ပညာရှင်၊ ရုပ်ရှင်လောကသားများနဲ့ ဧည့်သည်တော်များရှင်-
ဒီနေ့ ကျင်းပပြုလုပ်တဲ့ အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်တဲ့အတွက် တောင်းပန်စကားဆိုရင်း ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကြွရောက်အားပေးလာကြပါသော ဧည့်သည်တော်များ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်က ကြည့်ရှုအားပေးနေကြတဲ့ ရုပ်ရှင်ချစ်ပရိ သတ်များ အားလုံး မင်္ဂလာအပေါင်းခညောင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

စာပေ၊ ရုပ်ရှင်၊ဂီတ၊ သဘင်၊ သုခုမဆိုတဲ့ အနုပညာတွေဟာ လူ့အဖွဲ့အစည်းတိုင်းကို လွှမ်းမိုးမှု၊ သြဇာသက်ရောက်မှု ကြီးကြီးမားမားရှိနေတဲ့ ပညာရပ်တွေဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင်အနုပညာ လက်ရာတွေဟာ နှစ်ပေါင်းများစွာ ဂန္ထဝင်တွင်ရစ်ခဲ့တဲ့အထိ လူတိုင်းရင်ကို စွဲစွဲမက်မက် ဖြစ်စေနိုင်ပါတယ်။ အခု ၂၁ ရာစု ကမ္ဘာကြီးမှာ ရုပ်ရှင်ဇာတ်ကားတွေဟာ ဖျော်ဖြေရေးသက်သက် မဟုတ်တော့ဘဲ နိုင်ငံတွေရဲ့ ဆော့ဖ်ပါဝါအဖြစ် ရောက်ရှိလာ နေပြီဖြစ်ပါတယ်။ ဒီလိုမျိုးနိုင်ငံတွေရဲ့ ပါဝါအဖြစ် ရောက်ရှိလာရခြင်းအကြောင်းရင်းကို ပြန်ပြီးလေ့လာကြည့်ရင် ယဉ်ကျေးမှု၊ ဆန်းသစ်မှု၊ တီထွင်ဖန်တီးမှု၊ အဆင့်အတန်းမြင့်မားမှု စတဲ့ ဝိသေသလက္ခဏာတွေကို တွေ့ရှိကြရမှာ ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တွေ၊ စကားလုံးတွေ၊ အမူအရာတွေ၊ သတင်းစကားတွေဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ကြန်အင်လက္ခဏာတွေကို ကိုယ်စားပြုနေပြန်ပါတယ်။ ရုပ်ရှင်တွေကပြောတဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ သမိုင်းကြောင်း၊ လူမှုတန်ဖိုးတွေဟာ လူ့သမိုင်းနဲ့ထပ်တူ ကျန်ရစ်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေဟာ လူ့အဖွဲ့အစည်း၊ အထူးသဖြင့် လူငယ်လူရွယ်တွေအပေါ် အထူးပဲ သြဇာကြီးမားတာကြောင့် ရုပ်ရှင်လောကသားတွေရဲ့တာဝန်ဟာ အလွန်ပဲကြီးပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကောင်တွေဟာ လူငယ်တွေရဲ့ စိတ်ကူးထဲက စံပြုပုဂ္ဂိုလ်တွေ ဖြစ်နေတတ်ပါတယ်။ ဇာတ်ကောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ချက်၊ အမူအရာတစ်ကွက်ဆိုရင်ပဲ လူငယ်တွေရဲ့ စိတ်ထဲကို စွဲစွဲထင်ထင် နစ်ဝင်နေတတ်ပါတယ်။
အခုဆိုရင် ကျွန်မတို့နိုင်ငံဟာ ပြည်သူလူထုအတွက် အပြောင်းအလဲတွေကို အကောင်းမွန်ဆုံး ဆောင်ကြဉ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလိုသမိုင်းဝင် အလှည့်အပြောင်း အခြေအနေမှာ အနုပညာရှင်တွေရဲ့ ပံ့ပိုးမှု အမှန်တကယ်ပဲ အရေးကြီးနေပါတယ်။ ပြောင်းလဲတယ်ဆိုတာ လူထုရဲ့စိတ်ဓာတ်ကို ပြောင်းလဲပစ်ရတာဖြစ်ပါတယ်။ စိတ်ဓာတ်တော်လှန်ရေးနဲ့ အပြောင်းအလဲကို ဖော်ဆောင်နေရတာလည်း ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ ပြည်သူတွေအတွက် အနုပညာရှင်တွေရဲ့ တီထွင်ဖန်တီးမှု၊ ဆန်းသစ်တိုးတက်မှုတွေဟာ အရေးကြီးတဲ့ အချိန်အခါကို ရောက်ရှိနေပါပြီ။ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်၊ အမူအကျင့်တွေကို ဆော့ဖ်ပါဝါတစ်ရပ်အနေနဲ့ အနုပညာရှင်တွေက ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။
ရွေးကောက်ပွဲတွေကတစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိလာနိုင်ဖို့ ကျွန်မတို့ရဲ့ အနုပညာရှင်တွေ ကိုယ်ရောစိတ်ပါ အပင်ပန်းခံပြီး တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးဆပ်ခဲ့မှုတွေအတွက်လည်း ကျွန်မတို့အစိုးရက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ယခုလို အခါအခွင့်သင့်ခိုက်မှာ အလေးအနက် ပြောကြားလိုပါတယ်။ ကျွန်မတို့ရဲ့ အနုပညာရှင်တွေအနေနဲ့ ကျွန်မတို့ အစိုးရလက်ရှိကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ စီးပွားရေးတိုး တက်မှု၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်တွေကို ပြည်သူတွေ လျှောက်လှမ်း ရာမှာ များစွာအထောက်အကူ ပေးနိုင်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ တိုးတက်မှုဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုပြီး မြန်မာ့ရုပ်ရှင်လောကရဲ့ အဆင့်အတန်းမြင့်မားမှုဟာ ဒီနိုင်ငံ၊ ဒီပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ဖော်ညွှန်းနေပါတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့တိုင်းရင်းသားတွေ၊ ကျွန်မတို့လူငယ်တွေအတွက် အားလုံးက အများကြီး ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ မတူကွဲပြားခြင်းတွေ ပိုမိုပြီး ကြီးမားလာ၊ ကျယ်ပြန့်လာခဲ့တဲ့ အခြေအနေတွေကို ကျွန်မတို့ ပြန်လည်ပေါင်းစည်းပေးနိုင်ဖို့ ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပျောက်ဆုံးနေတဲ့ ညီညွတ်ရေးကို ပြန်လည်တည်ဆောက်နိုင်ဖို့ ကျွန်မတို့ ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။ မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသတွေမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရရှာတဲ့ ပြည်သူတွေအတွက် (၂၁)ရာစုပင်လုံညီလာခံကို ကျွန်မတို့ အကောင်အထည်ဖော် ကြိုးပမ်းနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်မျိုးစုံ သိမ်းကျုံးလုပ်ကိုင်နေရတဲ့ ကျွန်မတို့ ပြည်သူတွေ အမိနိုင်ငံကို ပြန်လာပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်လုပ်ကိုင်နိုင်အောင် ကျွန်မတို့ ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရဟာ ဒီတာဝန်တွေကို ထမ်းဆောင်ရမှာ မှန်ပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ဒီကနေ့ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ သဘာဝပတ်ဝန်းကျင်ကြီး ယိုယွင်းပျက်စီးလာနေသလို လူသားတွေရဲ့ စိတ်နေစိတ်ထားတွေ ယိုယွင်းပျက်စီးလာနေတာကို အကောင်းဆုံး ဘယ်လိုပြန်လည်ပြင်ဆင်မလဲဆိုတာကို နိုင်ငံတိုင်းနိုင်ငံတိုင်း က ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ထိုက်တန်တဲ့ အမျိုးသားညီညွတ်မှု၊ နိုင်ငံကြီးသား စိတ်ဓာတ်၊ နိုင်ငံကြီးသား အမူအကျင့်၊ နိုင်ငံကြီးသား ယဉ်ကျေးမှုတွေ အရှိန်အဟုန်နဲ့ ဖြစ်ထွန်းလာအောင် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး ကျရာအခန်း ကဏ္ဍကနေ ကြိုးပမ်းသွားကြဖို့ လိုအပ်ပါတယ်။
ရုပ်ရှင်လောကသားတွေ အပါအဝင် စာပေ၊ ဂီတ၊ သဘင်၊ သုခုမ အနုပညာရှင်အားလုံးကို ကျွန်မအနေနဲ့ လေးလေးနက်နက် မေတ္တာရပ်ခံချင်တာ၊ အကူအညီတောင်းခံချင်တာရှိပါတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ တိုးတက်ရေးကို ဝန်းရံပေးကြပါ။ ပြည်သူတွေကြားမှာ ခွဲခြားမှုတွေ၊ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ တိုးတက်ဖြစ်ပေါ်လာအောင်၊ အပတ်တကုတ် ကြိုးစားလိုစိတ်တွေ တိုးပွားလာအောင်၊ စာရိတ္တနဲ့ လုံ့လကို အခြေပြုပြီး နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်အောင်၊ ကျွန်မတို့ နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ စိတ်ဓာတ်တော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်အောင် တတ်နိုင်သမျှ၊ တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီပေးကြပါလို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ နှစ်တစ်ရာပြည့်တော့မယ့် ကျွန်မတို့ရဲ့ မြန်မာ့ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားများအားလုံး အစဉ်တိုးတက်ဆန်းသစ် အောင်မြင်နိုင်ပါစေကြောင်း၊ ကျွန်မတို့ရဲ့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို မြှင့်တင်ပေးနိုင်တဲ့ အနုပညာရှင်တွေဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါတယ်။
အောင်ဆန်းစုကြည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

No comments:

Post a Comment