မောင်တော ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်း လူငယ်များသည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်၍ လူသားချင်းစာနာမှု အကူအညီဖြစ်သည့် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးသည်။
" ကျွန်တော်တို့
UEHRD လူငယ်တွေအနေနဲ့ မောင်တောဒေသကို တတိယအသုတ်အဖြစ် လာရောက်ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့မှာဆိုရင် လူငယ် ၂၃ ဦးပါဝင်ပါတယ်။ ဒါ့အပြင် ဒေသခံလူငယ် ၁၀ ဦးလည်းပါဝင်ပါတယ်။ တစ်နိုင်ငံလုံးက လူငယ်စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ဒီနေ့သွားရောက် ထောက်ပံ့တဲ့ဒေသကတော့ မောင်တော မြောက်ပိုင်းက တမန်းသား အရှေ့ရွာ၊ တမန်းသားအနောက်ရွာ၊ သက်ရွာနဲ့ မင်္ဂလာညွန့်ကျေးရွာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ပထမတစ်ရက်မှာ ထောက်ပံ့ပစ္စည်းပေးမယ့် ကျေးရွာတွေမှာ ကျေးရွာတစ်ရွာချင်းစီအလိုက် မိသားစု အိမ်ထောင်စုစာရင်းတွေ ကောက်ယူပါတယ်။ နောက်နေ့မှာတော့ပစ္စည်းတွေကို ကားနဲ့သယ်လာပြီးကောက်ယူထားတဲ့ စာရင်းအတိုင်း ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်" ဟု နေပြည်တော်မှ UEHRD လူငယ် ကိုရဲရင့်အောင်ကပြောသည်။
အဆိုပါထောက်ပံ့ပေးမှုတွင် Full Unit နှင့် Half
Unit ဟူ၍ နှစ်မျိုးသတ်မှတ်ထားကြောင်း၊ လူတစ်ဦးမှ သုံးဦးရှိသော အိမ်ထောင်စုကို Half Unit သတ်မှတ်ထားပြီး၊ Full Unit အတွက် ဆန်တစ်အိတ်နှင့် ၈ ပြည်၊ ဆီ ၄ ဘူး၊ ဆား ၅၀ သား တစ်ထုပ်၊ ပဲ ၂ ပိသာ၊ ကြက်သွန်တစ်ပိသာ၊ အာလူး ၆ ပိသာနှင့် ငါးသေတ္တာ ၁၃ ဘူး ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ Half Unit
အတွက်
Full Unit ၏ တစ်ဝက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ယနေ့တွင် ကျေးရွာလေးရွာမှ အိမ်ထောင်စု ၁၇၀၊ လူဦးရေ ၉၀၀ ကျော်အတွက်
ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
"ဒီမှာရောင်းချတဲ့ ကုန်ပစ္စည်းကို ဝယ်စားရင်လည်း ကုန်ဈေးနှုန်းကကြီးပါတယ်။ ပြဿနာ မဖြစ်ခင်နဲ့ ပြဿနာဖြစ်ပြီးတဲ့နောက်မှာ ကုန်ဈေးနှုန်းက တက်သွားပါတယ်။ ကျွန်တော်တို့မှာ အသီးအနှံဆိုလည်း စိုက်ဖို့ရာအချိန်မရ။ အခုလို မီးဖိုချောင်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း လာရောက်ထောက်ပံ့တဲ့အတွက် ဝမ်းလည်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်"ဟု တမန်းသားကျေးရွာမှ ဒေသခံဦးမင်းဆွေက ပြောသည်။
အဆိုပါ လူငယ်များအနေဖြင့် မောင်တော ဒေသတွင် ဇန်နဝါရီ ၄ ရက်အထိ နေထိုင်ပြီး ကျေးရွာများသို့ သွားရောက်ကာ ဆက်လက်ကွင်းဆင်း ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာများ၏ လိုအပ်ချက်များကို စာရင်းကောက်ယူပြီး လိုအပ်ချက်များကို
ထောက်ပံ့ကူညီရေး အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် ပင်ဘူးသီးတောင်၌လည်း လူငယ်အဖွဲ့တစ်ဖွဲ့ဖြင့် လူသားချင်း စာနာမှုအကူအညီများပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
မြင့်မောင်၊ ဇေယျာ
ဓာတ်ပုံ နေဝင်းထွန်း
No comments:
Post a Comment