Home

Sunday, December 24, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခရစ္စမတ်အကြို ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားတက်ရောက်

ရန်ကုန် ဒီဇင်ဘာ ၂၄
မြန်မာနိုင်ငံ ဧ၀ံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) ၏ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) အကြို ၀တ်ပြု ဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဧ၀ံဂေလိ အသင်းတော်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများ၊ ခရစ်ယာန်အသင်းတော်များမှ သင်းအုပ်ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားကို မြန်မာနိုင်ငံဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) မှ လူငယ်များက လောက၀မ်းမြောက် ဘုရားကြွလာ ဓမ္မသီချင်းကို သီဆိုဖွင့်လှစ်ကြပြီး သိက္ခာတော်ရ ဆရာ Dr.Dorothy Colney က အဖွင့်ဆုတောင်းသည်။
ထို့နောက် သိက္ခာတော်ရ ဆရာ Dr.Charity Htoo က သမ္မာကျမ်းစာ ဖတ်ကြားကာ သိက္ခာတော်ရ ဆရာ Morris Liana က နှုတ်ခွန်းဆက် မိတ်ဆက်စကား ပြောကြားပြီး Miss Jenifer Ngun Sui Par က အထူးသီချင်းကို သီဆိုချီးမွမ်းသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခရစ္စမတ် နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ခရစ္စမတ်သီချင်းများသီဆိုခြင်း၊ ခရစ္စမတ်ဒေသနာတော်ဟောကြားခြင်း၊ ခရစ္စမတ် အထူးဆုတောင်းခြင်းနှင့် ခရစ္စမတ်လက်ဆောင်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) မှ လူငယ်များက ဓမ္မသီချင်းကို သီဆို၍ သိက္ခာတော်ရ ဆရာ Dr. Aung Mang က ကောင်းချီးပေးဆုတောင်းကာ ခရစ်တော်မွေးနေ့ မိတ်သဟာယ ညစာကို အတူတကွ သုံးဆောင်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment