ရန်ကုန် ဖေဖော်ဝါရီ
၁
ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်အရ
အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်တက္ကသိုလ်
တက္ကသိုလ်စိန်ရတု ခန်းမ၌ ကျင်းပသည်။
ယနေ့ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ
ဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးတင်နိုင်သိန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဋ္ဌေး၊
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်း သားရေးရာနှင့်
ကျေးလက်လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ
ဦးသိန်းဇော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊
ပညာရေး မြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့်
ဒေါက်တာ စိုးမိုးအောင် ဒေါ်စုစုလွင်၊ ဒေါ်နန်းဝါနု၊ ဒေါ်မိမြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဒေါ်ခင်စောဝေ၊
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးဇော်မြင့်ဖေ၊ ဦးခင်မောင်ရီ၊ ဒေါက်တာဗညား
အောင်မိုး၊ ဒေါ်ခင်ဝိုင်းကြည်၊ ဒေါက်တာမြတ်ဥာဏစိုး၊ ဒေါ်နန်းနီနီအေးနှင့် ဦးနု၊ မြန်မာနိုင်ငံလုံး
ဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) မှ ဒေါက်တာသိန်းလွင်၊ ဒေါက်တာတင်လှိုင်၊
ဦးနိုင်နွယ်သိန်း၊ ဒေါက်တာသန့်လွင်မောင်၊ ဒေါက်တာ ဒေါ်ညိုညိုသင်းနှင့် အဖွဲ့ဝင်များ၊
ကျောင်းသားကိုယ်စားလှယ်များ ဖြစ်ကြသည့် မောင်ချစ်ဝင်းမောင်၊ မောင်ပြည့်ဖြိုးကျော်၊
မောင်သန့်ဇင်ထွန်း၊ မောင်ပိုင်ရဲသူ၊ မောင်ဝေမိုးနိုင်၊ မောင်မင်းလွင်ဦး၊ မောင်ရဲဇာနည်ထွန်း၊
မောင်နန်းလင်း၊ မောင်ဇေယျာလွင်၊ မောင်အောင်နေပိုင်၊ မောင်စိုးလှိုင်၊ မောင်မင်းသွေးသစ်၊
မောင်အောင်မှိုင်း ဆန်း၊ မောင်နန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်၊ ဖိတ်ကြားထားသူများ
တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဖွင့်အမှာစကား
ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းနိုင်ရန် မိမိအနေဖြင့် စီစဉ်ဆောင်ရွက်
ပေးခြင်းသာဖြစ်ကြောင်း၊ ယနေ့ရောက်ရှိနေသည့် ဆွေးနွေးဘက်များအနေဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသည့်
ဖြစ်စဉ်တစ်ရပ်ကို ဝိုင်းဝန်းတည် ဆောက်ကြရန် ဖြစ်ပါကြောင်း။
အမျိုးသာပညာရေး ဥပဒေဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးညှိနှိုင်း
အဖြေရှာခြင်းဖြင့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ၎င်းအချက်ကို ပိုပြီးလေးနက်စေရန်
နိုင်ငံတော် သမ္မတ၏ ယနေ့နံနက်တွင် ပြောကြားသည့် အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ သဘောထား
ရပ်တည်ချက်နှင့် မူဝါဒများကို ထင်ဟပ်သည့် ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက်ကို ဖတ်ကြားလိုပါကြောင်း။
သမ္မတကြီးက “အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်ပြီး ကျောင်းသားများရဲ့
လိုလားချက်တွေကို ဆန္ဒ ဖော်ထုတ်ကြတဲ့ ကိစ္စတွေဖြစ်ခဲ့ပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး အတွက် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့အတွက်
ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူများနဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ
ကျောင်းသား အဖွဲ့များနဲ့ အကြိုတွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး
တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ သဘောတူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လက်ရှိကာလဟာ စာမေးပွဲရာသီ
ဖြစ်တဲ့အတွက် ကျောင်းတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး စာမေးပွဲများရွေ့ဆိုင်းရခြင်း၊
ကျောင်းများပိတ်ရခြင်းများ ဖြစ်ပေါ် လာမှာကို ကျောင်းသားမိဘများအနေနဲ့ စိတ်ပူပန်မှုရှိနေတာကိုလည်း
ကြားသိရပါတယ်။ အခုအချိန်မှာဆိုရင် ဆန္ဒပြချီတက်မှု များကို ရပ်တန့်ပြီး ဆွေးနွေးမှုတွေကို
ခိုင်ခိုင်မာမာ စတင်ကြရမှာလည်းဖြစ်ပါတယ်။ ဆွေးနွေး ညှိနှိုင်း ရေးနည်းလမ်းသာလျှင် လက်တွေ့ကျတဲ့
အဖြေဖြစ်တယ်ဆိုတာကို ဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။ ကျောင်းသားများရဲ့ လိုလားချက်တွေဖြည့် ဆည်းနိုင်ရေးအတွက်
ဆက်လက်ဆွေးနွေး လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်များကို ညှိနှိုင်းလုပ်ဆောင်နေပြီလည်း
ဖြစ်ပါတယ်။ စာမေးပွဲများ နီးကပ်လာနေပြီဖြစ်တဲ့ အတွက် ဆန္ဒပြကျောင်းသား အချို့အနေနဲ့
တောင်းဆိုချက်များကို မြန်မြန် ဆန်ဆန် ညှိနှိုင်းကြပြီးတော့ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးကို
အချိန်တိုတိုအတွင်း ဖြည့်ဆည်းဆောင်ရွက်နိုင်မယ့် နည်းလမ်းများ ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့
တိုက်တွန်းပြောကြာလိုပါတယ်”ဟု ပြောကြားခဲ့ပါကြောင်း။
ဤအချက်များအရ နိုင်ငံတော်သမ္မတကြီးကစပြီး မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီတွင်
စိတ်ရင်းစေတနာမှန်များ ရှိနေသည်ကို တွေ့ကြရမှာဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးမှုမှစပြီး
ပူးပေါင်းညှိနှိုင်းအဖြေရှာရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက
ပြောကြားရာတွင် ယနေ့ ဆွေးနွေးပွဲသည် နိုင်ငံတော်အစိုးရ၊ ဥပဒေပြုလွှတ်တော်၊ NNER နှင့်
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသားများပါဝင်သည့် အမျိုးသား
ပညာရေးဥပဒေနှင့် ပတ်သက်၍ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဒီမိုကရေစီပညာရေး
လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကျောင်းသူများ၏ တောင်းဆိုချက် (၁၁) ချက် အပါအဝင်
အမျိုးသားပညာရေးဥပဒေနှင့် သက်ဆိုင်သော အချက်များကို ပြင်ဆင်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေး
ကြခြင်းဖြစ်ကြောင်း၊ အမျိုးသားပညာရေး ရည်မှန်းချက်များကို လွှတ်တော် သို့ ဆက်လက် တင်ပြဆွေးနွေး
သွားမှာဖြစ်ကြောင်း၊ ပညာရေးသည် ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် ဖြစ်သည့်အတွက်
မူဝါဒ၊ ဥပဒေများနှင့် အညီချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာမေးပွဲများ နီးကပ်လာပြီ
ဖြစ်သည့်အတွက် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားပြီး
ဆောင်ရွက်ကြ ရမှာ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ကျေးလက်လူမှုဘဝ
မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က
ဆွေးနွေးပြောကြားရာတွင် ယနေ့ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ
ပြည်သူ့လွှတ်တော်မှ မိမိအပါအဝင် ကိုယ်စားလှယ် (၉) ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ
အမျိုးသား လွှတ်တ်ာမှ ကိုယ်စားလှယ် (၇) ဦး တက်ရောက်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲသည် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်လိုသည့်
ကျောင်းသားများ၏ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကို အေးချမ်းတည်ငြိမ်စွာ ဒီမိုကရေစီနည်းလမ်းကျကျ
ဖြေရှင်းနိုင်ရန်အတွက် ကျင်းပခြင်း ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင်
နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် အစိုးရ၊ လွှတ်တ်ာနှင့်ဒီမိုကရေစီ ပညာရေး
လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စား လှယ်များသည် နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် (၄) ချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြကြောင်း။
ထိုသဘောတူညီချက်မှ ပထမအချက်ဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားများနှင့်
NNER မှ ကိုယ်စားလှယ်များပါဝင်သော ပထမအကြိမ် (၄) ပွင့်ဆိုင် ဆွေးနွေးပွဲကို စတင်ကျင်းပ
ခြင်းဖြစ်ပါကြောင်း၊ ယခု လက်ရှိဖြစ်ပေါ်နေသော ကျောင်းသားလှုပ်ရှားမှုသည် ၂၀၁၄ ခုနှစ်၊
စက်တင်ဘာလ (၃၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် အမျိုးသားပညာရေးဥပဒေကို
ပြင်ဆင်ဖြည့်စွက်လိုရာမှ စတင်အခြေခံလာခြင်း ဖြစ်ပါကြောင်း။
ဥပဒေ၏ သဘောသဘာဝအရ မည်သည့်ဥပဒေမှ ပြီးပြည့်စုံသည်၊ အမြဲတမ်းမှန်ကန်ဆီလျှော်
နေသည်ဟု မရှိနိုင်ကြောင်း၊ လိုအပ်ချက်၊ အားနည်းချက်များတွေ့ရှိပါက ပြင်ဆင်ရမည်သာ ဖြစ်ပါကြောင်း၊
ပြင်ဆင်ရန် သက်မှတ်ပြဋ္ဌာန်းထားသည့် နည်းလမ်းများအတိုင်းသာ ပြင်ဆင်ကြရမှာဖြစ်ကြောင်း၊
နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးအတွက်ဆိုပါက ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည်ဖြစ်ပါကြောင်း။
ကျောင်းသားများ အဆိုပြုထားသည့် (၁၁) ချက်ကိုလည်း ယခုဆွေးနွေးပွဲတွင်
နိုင်ငံတော်တည် ငြိမ်အေးချမ်း ရေး၊ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းရေး ဦးထိပ်ထားပြီး
ဆွေးနွေးပေးကြစေ လိုပါကြောင်း၊ ဥပဒေတစ်ခုကို ချဉ်းကပ်သုံးသပ်ရာတွင် ဥပဒေပြုရေးအဖွဲ့၊
အဆိုပါလုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက် သည့် ပညာရှင်များအဖွဲ့တို့သည်
တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်ချင်းတူညီသည်များလည်းရှိပြီး မတူညီသည်များလည်း ရှိနိုင်ပါကြောင်း၊
တူညီသည့်အချက် များကို ဦးစွာ အကောင်အထည်ဖော်ပြီး မတူညီသည်များကို ဆက်လက် ညှိနှိုင်းဆွေးနွေးအဖြေရှာရန်
ဖြစ်ပါကြောင်း၊ အရေးကြီးသည်မှာ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်၏ အနာဂတ် သာယာလှပရေးတို့ကို
ရှေးရှုရန်ဖြစ်ပါကြောင်း၊ မည်သည့်ပြဿနာကိုမဆို ဒီမိုကရေစီယဉ်ကျေးမှု အရ တည်ငြိမ်အေးချမ်းစွာ
ညှိနှိုင်းဆွေးနွေးခြင်းဖြင့် စုပေါင်းအဖြေရှာရမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့မှလည်း
အမျိုးသားပညာရေး အဆင့်မြင့်မား တိုးတက်ရေးကို လိုလားလျက်ရှိကြပါကြောင်း၊ ယခုဆွေးနွေးပွဲရလဒ်အပေါ်
အခြေခံ ပြီးအမျိုးသားပညာရေး ဥပဒေကြမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့
အတည်ပြုနိုင်ရေး ပြန်လည်တင်သွင်း ကာ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းများနှင့်အညီ အမြန်ဆုံး
အတည်ပြုနိုင်ရေး ကြိုးစားဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ မောင်ဇေယျာလွင်က
ဒီမိုကရေစီ ယဉ်ကျေးမှုနှင့်အညီ တွေ့ဆုံညှိနှိုင်းမှုမှ တစ်ဆင့်အမျိုးသား ပညာရေးဥပဒေ အပါအဝင်
ဆက်စပ်ဥပဒေများကို ရေးဆွဲရာတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်း
အဖြေရှာ သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် NNER မှ ဒေါက်တာသိန်းလွင်က ဒီမိုကရေစီပညာရေးလှုပ်ရှားမှု
ဦးဆောင် ကော်မတီမှတင်ပြ သည့် (၁၁) ချက်အား ရှင်းလင်းဆွေးနွေးကာ ယင်းအချက် (၁၁) ချက်ကို
သဘောတူထောက်ခံပါကြောင်းနှင့် ညှိနှိုင်း ဆောင်ရွက်ပေးရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ
ယနေ့ဆွေးနွေးပွဲတွင် ကျောင်းသား ကိုယ်စားလှယ်များ တင်ပြတောင်းဆိုလာသည့် အချက် (၉) ချက်နှင့်
မူလတောင်းဆိုထားသည့် အချက် (၁၁) ချက်တို့နှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးကာ ရှေ့ဆက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြသည်။
ယနေ့ ဆွေးနွေးမှုတွင် သဘောတူညီချက်များရှိသကဲ့သို့ အချို့အချက်အလက်များ
ကလည်း ဆက်လက် ဆွေးနွေးရမည်ဖြစ်၍ ဖေဖော်ဝါရီ ၃ ရက် (အင်္ဂါနေ့)၊ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ
ပညာရေးဝန်ကြီးဌာန ၌ ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment