စကော့တလန် အခြေစိုက်အကြီးမားဆုံးသမိုင်းဝင် ဗိသုကာကုမ္ပဏီတစ်ခုဖြစ်သည့်
ဆမ့်ပ်ဆန်နှင့် ဘရောင်း ကုမ္ပဏီသည် ဗြိတိသျှတို့တည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏အကြီးမားဆုံး
ဝန်ကြီးများရုံးခေါ် အတွင်းဝန်များရုံး ပြုပြင်ထိန်းသိမ်းရေးအတွက် စီမံကိန်းတစ်ရပ်ကို
ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်ကောင်တွင် တည်ရှိပြီး ယိုယွင်းပျက်စီးနေပြီဖြစ်သည့်
အဆိုပါ ဝန်ကြီးများရုံးခေါ် အတွင်းဝန်များရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရန်ကုန်မြို့ပြအမွေအနှစ်
ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ Yangon Heritage Trust (YHT) ၏ ပထမဦးဆုံးသော အဆောက်အအုံပြုပြင်ထိန်းသိမ်းရေး
စီမံကိန်း မူကြမ်းတစ်ရပ်ကို ဂျိမ်းစ်ဆမ့်ပ်ဆန်နှင့်ဂျွန်ဆန်ဒါးစ် ဆိုသူတို့ကရေးဆွဲထားသည်။
၁၉ဝ၅ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် အဆိုပါအဆောက်အအုံကြီးသည်
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အစိုးရရုံးထိုင်ရာနေရာတစ်ခုဖြစ်ခဲ့သည်။
အစိုးရက မြို့တော်သစ်ဖြစ်သည့် နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီးချိန်တွင် အဆိုပါ အဆောက်အအုံကြီးမှာ
ထီးတည်းကျန်ရစ်ကာ စနစ်တကျပြုပြင် ထိန်းသိမ်းမှု များနှင့် ကင်းကွာခဲ့သည်။ အဆိုပါ အတွင်းဝန်များရုံး သည်
၁၉၄၇ ခုနှစ်က လွတ်လပ်ရေးရရှိရေးအတွက် ဗြိတိသျှဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်သူ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့် ၄င်း၏ ဝန်ကြီးအဖွဲ့ တို့ လုပ်ကြံခံခဲ့ရာ နေရာဖြစ်၍လည်း ပိုမိုထင်ရှားသည်။
ဆမ့်ပ်ဆန်သည် ၂ဝဝ၄ ခုနှစ် ကတည်းက အိန္ဒိယနိုင်ငံရှိ ကိုလိုနီခေတ်
အဆောက်အအုံ ထိန်းသိမ်းရေးစီမံကိန်း တွင် ပါဝင်ခဲ့သူဖြစ်သည်။ ရန်ကုန်မြို့ပြအမွေအနှစ်
ထိန်းသိမ်းရေးအဖွဲ့(YHT) နှင့် အနော်မာကုမ္ပဏီ အုပ်စု အကြား ပူးပေါင်းဆောင်ရွက်သည့်
မြန်မာနိုင်ငံဆိုင်ရာ အဆောက်အအုံထိန်းသိမ်းရာတွင် အဆိုပါ ဝန်ကြီးများ ရုံးကို ထူးကဲကောင်းမွန်စွာ
ပြုပြင်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ဆမ့်ပ်ဆန်က ပြောကြားသည်။ လက်ရှိ အတွင်းဝန်များရုံး
ထိန်းသိမ်းရေး စီမံကိန်းတွင် ပန်းချီပြခန်းတစ်ခုနှင့်ရုံးများ ပြုပြင်ထိန်းသိမ်းရေးနှင့်
အဆင့်မြှင့်တင်ရေးများပါဝင်သည်။
ဗြိတိသျှ ကိုလိုနီခေတ်က စကော့တလန်လူမျိုး အများအပြား မြန်မာနိုင်ငံတွင်
အုပ်ချုပ်ရေးမှူးများနှင့် ကုန်သည်များအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏
အကြီးမားဆုံးရေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီဖြစ်သော ဧရာဝတီ ရေယာဉ်စုကုမ္ပဏီသည် ဂလာ့စ်ဂိုရှိ
ပက်ဒီဟန်ဒါဆင်နှင့်အဖွဲ့များ ကုမ္ပဏီက တည်ထောင်ခဲ့သော စကော့တလန်စီးပွားရေး လုပ်ငန်းကြီးတစ်ခုဖြစ်သည်။
အတွင်းဝန်များရုံး၏ လှေကားများ၊ တံခါးပေါက်များနှင့် လက်ရန်းများရှိ
သံချောင်း၊ သံထည်များကို ဂလာ့စ်ဂို သတ္တုပုံလောင်းစက်ရုံမှ ရယူခဲ့ခြင်းဖြစ်ပြီး သံချောင်း၊
သံထည်အများစုမှာ လာနာ့ခ်ရှိုင်းယား ကုမ္ပဏီ တံဆိပ်ပါရှိ သည်ဟု ဆမ့်ပ်ဆန်နှင့်ဆန်ဒါးစ် တို့ကဆိုသည်။
Herald Scotland သတင်းစာမှ ဆောင်းပါးရှင် Colin Donald ၏
Burma links forged anewကို ဆီလျော်အောင် ဘာသာပြန် ဆိုထားသည်။
No comments:
Post a Comment