Home

Saturday, April 4, 2015

Myanmar Software Showcase 2015 ပြပွဲသို့ လာရောက် လေ့လာကြသူများ၏ ရင်တွင်း စကားသံများ



နည်းပညာ ဆာလောင်မှုနောက် တကောက်ကောက် လိုက်နေသည့် ယနေ့ခေတ် လူငယ်တို့အဖို့ Myanmar Software Showcase 2015 သည် ရေငတ်တုန်း ရေတွင်းထဲကျသကဲ့သို့ ဖြစ်ခဲ့ရသည်ဟု ဆိုရပေလိမ့်မည်။ ပညာရှင်တို့ အဆိုအမိန့်အရ ကာယလုပ်အားထက် ဥာဏလုပ်အားမှာ ပိုမိုထိရောက်သည်ဆိုသည်ကို ၂ဝ ရာစု စက်မှုလုပ်ငန်းများက သက်သေပြခဲ့ပြီ ဖြစ်သည်။





၂၁ ရာစု နည်းပညာခေတ်တွင် ယခင်ကလိုမဟုတ်တော့ဘဲဥာဏ လုပ်အား တစ်နည်းဆိုရသော် နည်းပညာ အသုံးပြုသည့် လုပ်အားက ပိုမိုကြောင်းကို နည်းပညာကို အခြေခံသည့် လူသုံးကုန် ပစ္စည်းများ၏ တန်ဖိုး က သက်သေခံခဲ့ပြီး ဖြစ်သည်။
ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံများသည် တိုင်းပြည်၏ သဘာဝ အရင်းအမြစ်ကို အသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် ပြုလုပ်ခြင်းထက် နည်းပညာကို အခြေခံသည့် တန်ဖိုးမြင့် ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် တိုင်းပြည်၏ စီးပွား ပိုမိုဖွံ့ဖြိုး တိုးတက်မှုများ ရရှိနေသည်ကို တွေ့မြင်နေရသည့် အတွက် မိမိတို့နိုင်ငံအဖို့ အသစ် အသစ်သော နည်းပညာများကို ဖော်ထုတ်နိုင်ရန် လိုပေလိမ့်မည်။
သို့ဖြစ်၍ ပြည်တွင်းကွန်ပျူတာ ပညာရှင်များက ပညာရေးကဏ္ဍတွင် အိုင်စီတီနည်းပညာများကို အပြည့် အဝအသုံးချနိုင်စေရန်၊ အိုင်စီတီ နယ်ပယ်တွင် ထူးချွန်ထက်မြက်သော ပညာရှင်များပေါ်ပေါက်လာစေရန်၊ အိုင်စီတီနည်းပညာကို လေ့လာလိုက် စားကြသော ကျောင်းသားလူငယ် များအတွင်း တီထွင်ဖန်တီးခြင်းများ ပိုမို တိုးတက်လာစေရန်၊ သင်ကြားရေး အထောက်အကူပြု ပရိုဂရမ်များ ထွက်ပေါ်လာစေရန်နှင့် နိုင်ငံ အတွင်းနေရာဒေသ အသီးသီးတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေပြီး အသုံးချမှု နယ်ပယ်ကျယ်ပြန့်လာစေရန် ရည်ရွယ် ကျင်းပခဲ့သည့် ယခုပြပွဲသို့ လာရောက်လေ့လာကြသူများ၏ ရင်တွင်း စကားသံများကို ဖော်ပြလိုက်ရပါသည်။
မဆွေဇင်နှင်း
Network အင်ဂျင်နီယာ၊ 
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ သင်တန်းကျောင်း (လှိုင်)
အခုလိုမျိုးပြပွဲတွေ ဖြစ်လာဖို့ အများကြီး မျှော်လင့်ထားပါတယ်၊ ကျောင်းတွေမှာလည်း ဒီလိုပြပွဲတွေ ဖြစ်လာဖို့ကိုလည်း အများကြီး မျှော်လင့်ထားပါတယ်။ ဘဝမှာလည်း ခုလိုမျိုး နိုင်ငံတော် အဆင့်ပြပွဲကို ကျောင်းသူ တစ်ယောက်အနေနဲ့ ပထမဆုံး တက်ဖူးတာပါ။ ဒါကြောင့် ဒီလိုပြပွဲမျိုးတွေ ဖြစ်လာတာ အလွန်လည်း ဝမ်းသာပါတယ်။ နောက် နောင်မှာလည်း ဒီလိုမျိုးပြပွဲတွေ အများကြီးပြသနိုင်ပြီးတော့ ကျောင်းသူ ကျောင်းသားတွေကို တက်ရောက်ခွင့်ရအောင် ဖိတ်ကြားပေးဖို့လည်း အများကြီး မျှော်လင့်ထား ပါတယ်။
ဒီလိုမျိုးပြပွဲတွေက လက်ရှိ ကျောင်းသား ကျောင်းသူတွေ အတွက် လိုအပ်သလို နောင်မျိုးဆက်သစ်တွေ အတွက်လည်း အလွန်လိုအပ်ပါတယ်။ မနေ့ကလည်း ဖိုရမ်သုံးခု တက်ခဲ့ပါတယ်။ အဲဒီဖိုရမ်တွေမှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပါဝင် ဆွေးနွေးခဲ့ပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာတော့ နိုင်ငံတော် သမ္မတကြီးလည်း တက်ရောက်တဲ့အပြင် ကွန်ပျူတာပညာရှင်တွေ တက်ရောက် ဆွေးနွေးတဲ့ လူငယ်နဲ့ အခွင့်အလမ်းဆိုတဲ့ ဆွေးနွေးပွဲမှာ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့ ဆွေးနွေးခဲ့တဲ့ ဆော့ဖ်ဝဲတွေက ခု လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး အတွက် အလွန်ကိုအရေးကြီး ပါတယ်။
ခုလို ကိုယ်အထင်ကြီး အားကျခဲ့တဲ့ စီနီယာ ပညာရှင်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပေါ့ပေါ့ပါးပါး ပြန်လည်ဝေမျှကြတဲ့ အတွက် ယုံကြည်မှုတွေ တိုးပွားခဲ့ပါတယ်။ နောင်မှာလည်း ခုလိုပြပွဲတွေကျင်းပတဲ့ အခါ ကိုယ်ကိုယ်တိုင် လုပ်ပြနိုင်တဲ့ အခြေအနေရောက်အောင် ကြိုးစား သွားမှာပါ။ ဒီလိုပြပွဲကြီးကို တက်ရောက်ခွင့်ရတဲ့ အတွက် အလွန် ကျေးဇူးတင်ပါတယ်။ နောင်ကျင်းပမယ့် ပြပွဲတွေမှာလည်း ကျောင်းသား ကျောင်းသူတွေကို တက်ရောက်ခွင့် ရအောင် ဖိတ်ကြားပေးဖို့ မျှော်လင့် ပါတယ်။
မောင်အောင်ကောင်းမြတ်
အင်ဂျင်နီယာ
နည်းပညာတက္ကသိုလ် (တောင်ကြီး)
နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာ နိုင်ငံ ကွန်ပျူတာ ပညာရှင်တွေ အကုန်လုံးက စုပေါင်းပြီး ဆော့ဖ်ဝဲ ပြပွဲကြီးကို လုပ်ပေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေအတွက် ဗဟုသုတအများကြီးရပါတယ်။ အဲဒီ လိုလုပ်ပေးလို့ အလွန်ကျေးဇူးတင် ပါတယ်။ နောက်နောင်လည်း ဒီလို ပြပွဲမျိုးတွေ ခဏခဏလုပ်ပေးစေချင် ပါတယ်။
ဒီနေ့ပြပွဲမှာ ဆော့ဖ်ဝဲနဲ့ ပတ်သက်တဲ့ ကုမ္ပဏီအစုံကို တွေ့ရပါတယ်။ နောက်ပြီး ပညာရှင်တွေလည်း လာပြီးဟောပြောပါတယ်။ ကျွန်တော်က Network အင်ဂျင်နီယာဖြစ်လို့ လုံခြုံရေးပိုင်းကို ပိုပြီး စိတ်ဝင်စားပါတယ်။ ဒါကြောင့် လုံခြုံရေးပိုင်း ဆိုင်ရာတွေကိုပဲ ပါဝင်ဆွေးနွေး ခဲ့ပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို တက်ရောက် ခွင့်ရလို့ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေနဲ့တွေ့ခွင့်ရပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေကို သိရှိခွင့်ရတဲ့ အတွက်လည်း ကျွန်တော်တို့ အတွက် အားတက်စရာ၊ အတုယူ စရာတွေ ရရှိခဲ့ပါတယ်။ သူတို့လို အောင်မြင်တဲ့ လုပ်ငန်းရှင် တစ် ယောက်၊ ပညာရှင်တစ်ယောက်ဖြစ် အောင်ကြိုးစားသွားမှာပါ။
မသန္တာအောင်
မဟာတန်း 
မန္တလေး ကွန်ပျူတာတက္ကသိုလ်
ဒီပြပွဲကို ကြည့်လိုက်မယ်ဆိုရင် တိုးတက်နေတဲ့ နည်းပညာတွေကို သိလာရတယ်။ သင်ယူရမယ့်ဟာတွေ ကိုလည်း သိလာရတယ်။ ဗဟုသုတ အနေနဲ့ကတော့ သမီးကရှေ့နှစ်ဆို စာတမ်းလုပ်ရတော့မယ်။ စာတမ်း နဲ့ပတ်သက်ပြီး အင်ဂျင်နီယာ ဆော့ဖ် ဝဲပိုင်းတွေကိုလည်း သိရပါတယ်။ နောက်ထပ်လိုက်ရမယ့် ပညာရပ် တွေကိုလည်း သိလာရပါတယ်။ ဒီ ပြပွဲကြီးက သမီးတို့လို ကျောင်းသား၊ ကျောင်းသူတွေအတွက် များစွာဗဟု သုတရစေပါတယ် ဟုပြောသည်။
မနွယ်နီအောင်၊ သင်တန်းသူ 
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ သင်တန်း
တောင်ငူ နည်းပညာ တက္ကသိုလ် ကနေ ME(EC) နဲ့ ကျောင်းပြီးခဲ့ပါတယ်။ အခုတော့ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာ သင်တန်းကျောင်း (လှိုင်) မှာ Network သင်တန်းပြီးလို့ ဒီကိုလာ တာပါ။ ဒီပြပွဲက အသုံးအများကြီး ဝင်ပါတယ်။ သမီးလိုကျောင်းပြီး သွားတဲ့သူတွေ ဘယ်လိုင်းကို လိုက်လို့ရမယ် ဆိုတာရယ်၊ ဘာတွေလုပ် ရမယ်ဆိုတာ အတိအကျမသိပါဘူး။ ဒီကိုလာလိုက်တော့ သိသွားတယ်။ ကိုယ်ဘယ်လိုင်းကို လိုက်ရမယ်ဆို တာလည်း သိသွားတယ်။ ကိုယ်တတ်တဲ့ ဆော့ဖ်ဝဲနဲ့ ဘယ်အပိုင်းတွေ ရေးလို့ရမယ် ဆိုတာသိသွားတာပေါ့။ သင်ထောက်ကူ အပိုင်းမှာလည်း ကျောင်းမှာ သင်ထားတာနဲ့ အပြင်မှာ ပြတဲ့အပိုင်းတွေ မတူတာတွေ ရှိတယ်၊ အဲဒါတွေ လေ့လာခွင့်ရတာ ပေါ့၊ ဒီပွဲကို နိုင်ငံတော်သမ္မတကြီး တက်ရောက်အားပေးပြီး သမီးတို့နဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်တယ်။ ရောက် တုန်း လေ့လာရေးခရီးလည်း ပို့ပေးမယ်ပြောသွားတဲ့ အတွက် အလွန် ကျေးဇူးတင်ပါတယ်ဟု ပြောပြခဲ့ သည်။
ကိုခန့်၊ ဆော့ဖ်ဝဲရေးသားသူ
ကျွန်တော်တို့ အဓိကရေးသား တာကတော့ ၉ တန်း၊ ၁ဝတန်းတွေ အတွက် သင်ရိုးကုန်သိပ္ပံဘာသာ ရော၊ ဝိဇ္ဇာဘာသာရော ကျောင်းသားတွေ အနေနဲ့ ဖတ်စာအုပ်တင်မကဘဲ မိုဘိုင်း Lap Top တွေနဲ့ပါ စာသင်ပြီးတော့ ဖတ်ရှုလေ့လာ ကျက်မှတ်နိုင်အောင် ပြုစုပေးထား ပါတယ်။ အရင်တုန်းကဆိုရင် ကျောင်းသားတွေ ဖတ်စာအုပ်တွေနဲ့ ကျက်မှတ်ရပါတယ်။ အခုဆိုရင် တယ်လီဖုန်းတွေ၊ အင်တာနက်တွေလည်း ပေါ်လာ တဲ့အတွက် လေ့လာကျက် မှတ်ရတာအရင်ထက်ပိုပြီး အဆင် ပြေသွားပါတယ်။ သင်ထောက် ကူမှာဆိုရင် သင်ရိုးဖ တ်စာအုပ်အပြင် အထောက်အကူ ဖြစ်စေမယ့် အထောက်အထားကို အလွယ်တကူရ စေနိုင်ပါတယ်ဟု ပြောပြခဲ့သည်။

No comments:

Post a Comment