Home

Saturday, April 4, 2015

တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးစွာ အထောက် အပံ့ပေးနိုင်တဲ့ ငြိမ်းချမ်းရေး အချက်ပေးသံ



ရန်ကုန် ဧပြီ ၃
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းကို ပဏာမ သဘောတူညီမှု ရရှိခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် အခြေခံကျသည့် ပထမခြေလှမ်းကို စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့
 



ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်း စတင်နိုင်ခြင်းသည် နိုင်ငံတည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်တော့မည့် အချက်ပေး ခေါင်းလောင်းသံလည်းဖြစ်ရာ ပညာရေး နယ်ပယ်မှ ငြိမ်းချမ်းရေး အချက် ပေးသံအပေါ် ဝမ်းမြောက်ကြိုဆို စကားသံများကို မြန်မာ့သတင်းစဉ်မှ စုစည်းတင်ပြလိုက်ပါသည်။ 
ဒေါက်တာအောင်မင်း
ပါမောက္ခချုပ်
ရန်ကုန်ပညာရေးတက္ကသိုလ်
တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးမူကြမ်းကို လက်မှတ် ရေးထိုးတာကို ကြားသိရတာ တကယ့်ကို မင်္ဂလာရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့ အကောင်းဆုံးသော မင်္ဂလာသတင်း တစ်ခုနဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်တယ်လို့ ယူဆပါတယ်။ နိုင်ငံ တစ်ခုက မငြိမ်းချမ်းဘူးဆိုရင် မတည်ငြိမ်နိုင်ပါဘူး။ မတည်ငြိမ်တဲ့ နိုင်ငံတစ်ခုက ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်လို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ ဖွံ့ဖြိုး တိုးတက်ခြင်းဆိုတာ ဆက်စပ်နေပါတယ်။ 
မြန်မာနိုင်ငံဟာ သဘာဝသယံ ဇာတပေါများတဲ့ နိုင်ငံတစ်ခုဖြစ်ပါ တယ်။ များသောအားဖြင့် သဘာဝ သယံဇာတပေါများတဲ့ နိုင်ငံတွေဟာ ပဋိပက္ခ များစွာရှိတာလည်း ကမ္ဘာ့နိုင်ငံ အသီးသီးမှာ တွေ့ရပါတယ်။ အဲ့ဒီ ပဋိပက္ခကို ဖြေရှင်းတဲ့နည်းမှာ လက်နက်ဆွဲကိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ဖြေရှင်းတဲ့ နည်းနဲ့ အပြန်အလှန် ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးပြီးတော့ ဖြေရှင်းတဲ့ နည်းလမ်းတွေရှိကြပါတယ်။ ဒီမှာမှ အပစ်အခတ်တွေ ရပ်စဲပြီးနောက်မှာ အပြန်အလှန်ပြောဆို ဆွေးနွေးကြတဲ့ အဆင့်ရောက်တော့မှာ ဖြစ်လို့ အလွန်ဝမ်းသာစရာ ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းလာခဲ့မှသာ လျှင် ပညာရေးလည်း တည်ဆောက်လို့ရမှာ ဖြစ်ပါတယ်။ ပညာရေး တည်ဆောက်လို့ရမှာသာ လူတွေဟာ အသိ၊ အတတ်ပညာတွေ ကြွယ်ဝလာပြီး အပြန်အလှန် ဆွေးနွေးပြောဆို ကြရာမှာ အပြန်အလှန်နားလည်မှုတွေ တည်ဆောက်နိုင်ပြီး ယုံကြည်မှုလည်း တည်ဆောက်ပြီး ဖြစ်မှာပါ။ ဒီလို နားလည် ယုံကြည်မှုတွေ ရရှိမှသာလျှင် စုပေါင်း စွမ်းဆောင်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအတွက် စုပေါင်း စွမ်းဆောင်ကြပြီး မကြာတဲ့ ကာလမှာ အရာရာ ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်မှန်းချက်တွေ ရရှိလာမှာပါ။ ဒီ အချက်က အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုကို ဆောင်ရွက်နိုင်ခဲ့တယ် လို့ ရှုမြင် သုံးသပ်ပါတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ဆောင်ရွက်နိုင်ရင် မြန်မာနိုင်ငံကြီးကို အလျင်အမြန် တိုးတက်မှုရအောင် ဆောင်ရွက် နိုင်လိမ့်မယ်လို့ ယုံကြည် မိပါတယ်။ 
ဒေါက်တာလွင်လွင်စိုး
ပါမောက္ခချုပ်
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီ ချက်မူကြမ်းကို လက်မှတ်ထိုးနိုင် တာကို ပညာရေးပိုင်းက တာဝန်ရှိသူ တစ်ယောက်အနေနဲ့ အလွန်ပဲ ဝမ်းသာပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိပြီးတော့ နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထူးကြိုးစားပြီး ဆောင်ရွက် နိုင်တော့မယ် ဆိုရင် ပညာရေး ကဏ္ဍမှာလည်း အရှိန်တစ်ခုနဲ့ တိုးတက်အောင် ဆောင်ရွက်ရင်းနဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကြီးကို ဖန်တီး ပေးနိုင်ဖို့ လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်လို့ အလွန ဝမ်းမြောက်ကြောင်း ပြောချင်ပါတယ်။ 
ဒေါက်တာအောင်သူ
ပါမောက္ခချုပ်
ရန်ကုန်တက္ကသိုလ်
တိုင်းပြည်တစ်ခုမှာ နိုင်ငံရဲ့ အေးချမ်းတည်ငြိမ်မှုက အရေးပါ တယ်။ တိုင်းရင်းသား အားလုံး ညီညွတ် ပြီး ပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူသွားနိုင်တာဟာ ငြိမ်းချမ်းရေး အတွက် အလင်းရောင် တစ်ခုပါပဲ။ နိုင်ငံကြီးတစ်ခုထဲမှာ မဆို ထားနဲ့။ ကမ္ဘာကြီးတစ်ခုလုံးမှာတောင် Global Citizen လို့ခေါ်တဲ့ ကမ္ဘာ့ နိုင်ငံသားဆိုတဲ့ အတွေးအခေါ် အယူအဆတွေ ပေါ်ပေါက်နေတဲ့ အချိန် ကာလကြီးမှာ တို့မြန်မာပြည်ကြီးက လည်း တိုင်းရင်းသားတွေ အားလုံး ဥမကွဲသိုက်မပျက်ဘဲ မြန်မာနိုင်ငံသား အဖြစ် မြန်မာနိုင်ငံရဲ့အကျိုးကို သယ်ပိုး ဆောင်ရွက်ဖို့ရာ ရှေ့ပြေး အလင်းရောင်တန်းတစ်ခုကို မြင်တွေ့ရပြီလို့ မြင်ပါတယ်။ ဒီလိုဆောင်ရွက် နိုင်တာလည်း နိုင်ငံတော် အစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်သလို တိုင်းပြည် အေးချမ်း သာယာရေးနဲ့ တိုးတက်ရေးကို ကြီးစွာ အထောက်အပံ့ပေး နိုင်တဲ့ လမ်းကောင်းတစ်ခုကို စတင် နိုင်ခဲ့ပြီလို့ မြင်ပါတယ်။
ဒေါက်တာမောင်သင်း
ပါမောက္ခချုပ်
မန္တလေးတက္ကသိုလ်
ဒီလို သဘော တူညီမှုရရှိတာ ဝမ်းလည်း ဝမ်းသာတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဘာ့ကြောင့်လဲဆိုရင် နှစ်ပေါင်းများစွာ ကြာလာခဲ့တဲ့ ညီအစ်ကို အချင်းချင်း အထင်အမြင် လွဲမှားမှုတွေကို ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ဖို့ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ရပ်လုံးမှာ နိုင်ငံနှင့်လူမျိုး အကျိုး စီးပွားနဲ့ တိုင်းရင်းသားတွေရဲ့ရှေ့ရေး ကို ရှေးရှု ဆောင်ရွက်ကြတာကို အထူး ကျေးဇူးတင်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဦးစီးဦးဆောင်ပြုခဲ့ကြတဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ တိုင်းရင်းသား အဖွဲ့တွေအားလုံးကိုလည်း သူတို့ ရဲ့ အောင်မြင်မှုအတွက် အထူး ဂုဏ်ယူမိပါတယ်။ ပဏာမ သဘော တူညီမှုတွေကို လက်တွေ့မှာပါ အကောင်အထည် ဖော်နိုင်မယ်လို့ လည်း ယုံကြည်ပါတယ်။ တိုင်းရင်းသားတွေ အားလုံးကလည်း ဒီလို ကောင်းမွန်တဲ့ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းပြီး မြန်မာနိုင်ငံကြီးကို ငြိမ်းချမ်းဖွံ့ဖြိုးတဲ့ နိုင်ငံအဖြစ် သွားနိုင်အောင် ဆက်လက် ဆောင်ရွက်နိုင်ကြပါစေ။ ငြိမ်းချမ်းရေး အတွက် အခြေခံကျတဲ့ ဒီလို ထက်မြက်တဲ့ ခြေတစ်လှမ်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

No comments:

Post a Comment