Home

Saturday, April 4, 2015

လူသတ်မှုကျူးလွန်သူ နှစ်ရက်အတွင်း ဖမ်းဆီးရမိ


နေပြည်တော် ဧပြီ ၃
နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်တွင် လူသတ်မှု ကျူးလွန်၍ မန္တလေးမြို့သို့ ထွက်ပြေး တိမ်းရှောင်သူအား ရဲတပ်ဖွဲ့၏ ကြိုးပမ်း အားထုတ်မှုကြောင့် နှစ်ရက် အတွင်း ဖမ်းဆီးရမိကြောင်း သိရ သည်။

ဖြစ်စဉ်မှာ မတ် ၃ဝ ရက် နံနက် ၈ နာရီက လယ်ဝေးမြို့နယ် အနောက် တောင်အရပ် နှစ်မိုင်ကွာဝေးသော ရုံးတောကျေးရွာ၌ ၎င်းရွာတွင် နေထိုင်သော ဦးထွန်းထွန်းနိုင်သည် ရွာ၏ တောင်ဘက်ကိုက် ၃ဝဝ ခန့် အကွာရှိ V4 လမ်းဘေး ကြက်ဟင်းခါးခင်းအနီး ရေတွင်းဟောင်းထဲတွင် လူသေ အလောင်းတစ်လောင်း တွေ့ရှိကြောင်း လယ်ဝေးမြို့မရဲစခန်းသို့ သတင်းပေးပို့သဖြင့် ဒုရဲမှူးစိုးမင်းသိန်းနှင့် အဖွဲ့ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးရာ သေဆုံးသူ၏ ခန္ဓာကိုယ် ၌ ဘောင်းဘီအိတ်ကပ် အတွင်းမှ ၉/ပမန(နိုင်)၂၆၈ဝ၆၄ မှတ်ပုံတင် ကတ်ပြား တစ်ခု၊ ယာဉ် မောင်းလိုင်စင်တစ်ခု၊ ငွေကျပ် ၈ဝဝဝဝ တို့ တွေ့ရှိရပြီး အဆိုပါ မှတ်ပုံတင်နှင့် ယာဉ်မောင်း လိုင်စင်တို့အရ ပေါင်းလောင်း (၂) လမ်း ပျဉ်းမနား မြို့နေ ထိန်လင်းထွန်း (၂၃ နှစ်)ဖြစ်ကြောင်း သိရသည်။
ထိန်လင်းထွန်းအား ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးမှုအပေါ် ဦးထွန်းထွန်းနိုင်က တရားလို ပြုလုပ် တိုင်တန်းသဖြင့် လယ်ဝေးမြို့မ ရဲစခန်းမှ အဆိုပါအမှုအား အဆင့်ဆင့်တင်ပြ၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့က အမှုမှန် ပေါ်ပေါက်ရေး ဆောင် ရွက်ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ထိန်လင်းထွန်းသည် မတ် ၂၉ ရက် တွင် လယ်ဝေးမြို့ဘက်သို့ ကြွေးတောင်းရန် ပုဗ္ဗသီရိမြို့နယ် အောင်သာယာ ရပ်ကွက်ရှိ အနှိပ်ခန်း တစ်ခုတွင် အလုပ်လုပ်ကိုင်သူ သူရိန်ထွန်း (ခ) ရန်ပိုင်ဖြိုး (၂ဝ နှစ်) အမှတ်(၁) ရပ်ကွက် လယ်ဝေးမြို့နယ်နေသူကို ဆိုင်ကယ် ကယ်ရီ လိုက်ပို့ပေးရန် အငှားခေါ်သွားကြောင်း စုံစမ်းသိရှိ ရသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် သူရိန်ထွန်း (ခ) ရန်ပိုင်ဖြိုး အလုပ် လုပ်ကိုင်သော ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီလမ်းမကြီး အနီးရှိ အနှိပ်ခန်း တစ်ခန်းသို့ သွားရောက် စုံစမ်းရာ မော်တော် ဆိုင်ကယ်တစ်စီး ထားခဲ့ပြီး မန္တလေးမြို့ ကျွဲဆည်ကန်ကားဝင်း မြောက်ဘက် ရွှေအိမ်စည်မိုတယ်တွင် တည်းခိုရန် ထွက်သွားကြောင်း သိရ၍ နေပြည်တော် ရဲတပ်ဖွဲ့မှူး မှုခင်းအကူဌာနမှ ဒုရဲမှူး စိုးညွန့် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မတ် ၃၁ ရက် ညတွင်းချင်း မန္တလေးသို့ သွားရောက် ရှာဖွေရာ ကျွဲဆည်ကန် ကားကြီးဝင်းမြောက် ဘက်ဝင်ပေါက် အနီးရှိ ရွှေအိမ်စည် မိုတယ်အခန်း အမှတ်(၂ဝ၂) တွင် တည်းခိုနေသော သူရိန်ထွန်း (ခ)ရန်ပိုင်ဖြိုးအား ဧပြီ ၁ ရက် မွန်းလွဲ ၁ နာရီက ခေါ်ဆောင် လာကာ လယ်ဝေးမြို့မ ရဲစခန်းတွင် ဆက်လက် စစ်ဆေးခဲ့ကြောင်း။ ၎င်းက မတ် ၂၉ ရက် နံနက် ၁၁ နာရီခန့်က သေဆုံးသူ ထိန်လင်းထွန်းအား လယ်ဝေးမြို့ ရုံးတောရွာတွင် ကြွေးတောင်းရန် မော်တော်ဆိုင်ကယ် ကယ်ရီခေါ်သွားကြောင်း၊ ကြွေးတောင်းသည့် အိမ်တွင်ကြွေးမရ၍ သူရိန်ထွန်းက စောင့်တောင်းရာ အချိန် ၂ နာရီထိ ကြာမြင့်သော်လည်း ထူးခြားမှု မရှိသည့်အတွက် ထိန်လင်းထွန်းက ဆက်လက် မစောင့်နိုင်တော့ကြောင်း ပြောဆိုရာမှ စကားများရန် ဖြစ်စဉ် သူရိန်ထွန်းက အသင့်ပါလာသော ဘောင်းဘီ အိတ်ကပ်အတွင်းမှ အရိုးအသွား ရှစ်လက်မခန့်ရှိ မောင်းချဓားဖြင့် ထိန်လင်းထွန်းအား ဓားဖြင့် ထိုးခဲ့ရာ နေရာတွင်ပင် ပွဲချင်း ပြီး သေဆုံးသွားခဲ့ကြောင်း၊ အလောင်းအား အနီးရှိ ကြက်ဟင်း ခါးခြံအတွင်းရှိ ရေတွင်းဟောင်းထဲသို့ ပစ်ချပြီး နှမ်းရိုးခြောက်များဖြင့် ဖုံးအုပ်ပြီး ဓားကိုတဲအနီး နွားချေးပုံ အတွင်းသို့ ထိုးသွင်း ဝှက်ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုသောကြောင့် လယ်ဝေး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမင်းသန့်၊ လယ်ဝေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး စိုးမင်းသိန်းနှင့်အဖွဲ့က အခင်းဖြစ်ရာ နေရာသို့သွားရောက်ပြီး ပြစ်မှု ကျူးလွန်သူ ရန်ပိုင်ဖြိုးက ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် အရိုးအသွား ရှစ်လက်မခန့်ရှိ သံရိုးတပ် မောင်းချဓားတစ်ချောင်းအား အခင်းဖြစ်ပွားသည့် ယာတဲ မြောက်ဘက်တွင် ကပ်လျက်ရှိသည့် နွားချေးပုံအတွင်း ဝှက်ထားသည်ကို သက်သေများ၏ ရှေ့တွင် လိုက်လံ ပြသသဖြင့် မှတ်တမ်း ဓာတ်ပုံရိုက်၍ ရှာဖွေပုံစံဖြင့် ရေးသွင်း သိမ်းဆည်း ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လယ်ဝေး မြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူကို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရန် အတွက် တရားရုံးသို့ အမြန်ဆုံး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment