Home

Wednesday, April 1, 2015

တနင်္သာရီကမ်းလွန်လုပ်ကွက် M-17 နှင့် M-18 ထုတ်လုပ်မှုအတွက် ခွဲဝေခံစားရေးစာချုပ်ချုပ်ဆို

နေပြည်တော် ဧပြီ ၁
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံမှ Reliance  Industries Ltd. နှင့် မြန်မာနိုင်ငံမှ United National Resources Development Services Co., Ltd တို့သည်  တနင်္သာရီ ကမ်းလွန်လုပ်ကွက် M-17 နှင့်လုပ်ကွက် M-18 တို့အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract) ကို မတ် ၃၁ ရက် ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ  Horizon Lake View ဟိုတယ်၌  လက်မှတ်ရေးထိုး ချုပ်ဆိုကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဒေါက်တာကိုကိုဦး၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ၊ ဒုတိယဝန်ကြီးများ၊ Reliance Industries Ltd. မှ President Mr. Atul Laul နှင့် United National Resources Development Services Co.Ltd. တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် Reliance Industries Ltd. မှ President Mr. Atul Laul တို့မှ နှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။
ဆက်လက်၍ နှစ်ဖက်သဘောတူစာချုပ်များကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးမျိုးမြင့်ဦး၊ Mr. Atul Laul နှင့် United National Resources Development Services Co.Ltd. မှ Chairman ဦးကျော်ခိုင်သိန်းတို့မှ လက်မှတ်ရေးထိုးကာ စာချုပ်များကို အပြန်အလှန်လဲလှယ်ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယခုတနင်္သာရီ ကမ်းလွန်လုပ်ကွက်များဖြစ်သည့် M-17 နှင့် M-18 တို့ လက်မှတ်ရေးထိုးခြင်းသည် ပထမ အကြိမ် ကမ်းလွန် လုပ်ကွက်များ တင်ဒါခေါ်ယူခဲ့ခြင်းအတွက် ဒသမမြောက် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
အဆိုပါစာချုပ်များ လက်မှတ်ရေးထိုးခြင်းမှ Signature Bonus အမေရိကန်ဒေါ်လာ၁၇သန်းနှင့် Data Fee အမေရိကန်ဒေါ်လာ ၁ သန်း ရရှိမည်ဖြစ်သည်။

အဆိုပါ လက်မှတ်ရေးထိုးသည့် Reliance Industries Ltd. ကုမ္ပဏီသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ၊ တူးဖော် ထုတ်လုပ်ခြင်း၊ ရေနံချက်စက်ရုံလုပ်ငန်း၊ ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ရေနံဓာတု ဗေဒပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းတို့တွင် အတွေ့အကြုံကြွယ်ဝကာ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ တို့တွင် တောင့်တင်းခိုင်မာသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment