Home

Wednesday, April 1, 2015

ရန်ကုန်-နေပြည်တော်-မန္တလေး မြန်နှုန်းမြင့်ရထားလမ်းသစ် ဖောက်လုပ်နေမှု ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးအား တရုတ် CREEC ကုမ္ပဏီမှ လာရောက်တွေ့ဆုံဆွေးနွေး

ရန်ကုန် ဧပြီ ၁
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးအား CHINA RAILWAY ERYUAN ENGINEERING GROUP CO. LTD မှ Director of Myammar Department    Senior Engineer Mr. MA ZEMIN နှင့်အဖွဲ့သည် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Myanmar Pease Centre ရှိ အစည်း အဝေးခန်းမသို့ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ရန်ကုန်-နေပြည်တော်- မန္တလေးမြန်နှုန်းမြင့် ရထားလမ်းသစ် ဖောက်လုပ်ပြေးဆွဲရေးကိစ္စနှင့် စပ်လျဉ်း၍ CREEC ကုမ္ပဏီက လေ့လာဆောင်ရွက်ထားသော အဆိုပြုလမ်းကြောင်း၊ ရထားစနစ်၊ ရထားပြေးဆွဲနိုင်မည့် အမြန်နှုန်းထားများ၊ ရထားလမ်း သစ် ဖောက်လုပ်ပါက ကုန်ကျမည့်စရိတ်နှုန်းထားနှင့် ပြန်ရချက်ခန့်မှန်းမှု၊ တည်ဆောက်မည့် အချိန်ကာလတို့ကို Mr. MA ZeMIN နှင့်အဖွဲ့က ရှင်းလင်းအကြံပြုဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အများပြည်သူသွားလာမှု အဆင့်မြှင့်တင် နိုင်ရေးအတွက် ခေတ်မီပို့ဆောင်ရေးစနစ်ကို မလွဲမသွေ ကူးပြောင်းကျင့်သုံးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသော်လည်း ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့်အညီ အနာဂတ်အတွက် ကြိုတင်စီမံ ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးအရှိဆုံး၊ ထိခိုက်မှုအနည်းဆုံး စီမံကိန်းပုံစံကို စဉ်းစားလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါကုမ္ပဏီသည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်းကာ မြန်မာ့ရထား ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိသော ကုမ္ပဏီဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။ 

No comments:

Post a Comment