နေပြည်တော်
စက်တင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
စီစဉ်ကျင်း ပသော “ဘရက်ဆစ် (သို့မဟုတ်) ကွဲကြေမှုများ၏ နိဒါန်းလော” ခေါင်းစဉ်ဖြင့်
ကမ္ဘာရေးရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး စုပေါင်းခန်းမ၌
ကျင်းပသည်။
ဆွေးနွေးပွဲသို့
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှရေးရာကော်မတီ
ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှအမြဲတမ်း
အတွင်းဝန်နှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ကြီးဌာနအသီးသီးမှ စိတ်ပါဝင်စားသူ အရာထမ်း၊
အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ဆွေးနွေးမည့်အကြောင်းအရာမှာ ဘရက်ဆစ်နှင့် ပတ်သက်၍ဖြစ်ပြီးအဆိုပါ
အကြောင်းအရာမှာ ယနေ့ကမ္ဘာတွင် ထင်ရှားနေသည့် အကြောင်းအရာဖြစ်ပြီး နိုင်ငံအများစုနှင့်
သက်ဆိုင်နေပါကြောင်း၊ ကမ္ဘာတွင်နိုင်ငံများပေါင်းစည်းခြင်း၊ ပြိုကွဲခြင်းနှင့် ပတ်သက်၍ သမိုင်းတစ်လျှောက်များပြားစွာ
ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဆိုဗီယက်ပြည်ထောင်စု၊
အမေရိကန်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားနိုင်ငံ၊ ဥရောပသမဂ္ဂ စသည်ဖြင့် အခြေခံ အကြောင်းအမျိုးမျိုး၊
ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ပေါင်းစည်းလာခဲ့ပြီး ပေါင်းစည်းခြင်း အနေအထားမှ တိမ်းစောင်းလာသည့်အခါပြိုကွဲမှု
များ ဖြစ်ပေါ်လာတတ်ပါကြောင်း၊ ယင်းအပေါ် သင်ခန်းစာ
ယူစရာများစွာ ရှိပါကြောင်း၊ စတင်ပေါင်းစည်းသည့်
အကြောင်းအရာများ မတူကြသကဲ့သို့ ပြိုကွဲသည့်အကြောင်း အရာများလည်း မတူညီကြပါကြောင်း၊ ဘရက်ဆစ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ကို
နားထောင်ရင်းမှ မိမိတို့အတွက် သင်ခန်းစာများစွာ ရရှိနိုင်ပါကြောင်း၊ ဆွေးနွေး မှုများကိုနားထောင်ပြီး
ပါဝင်ဆွေးနွေးမေးမြန်း နိုင်ပါကြောင်း၊ ဆွေးနွေးပွဲလုပ်ရသည့်
ရည်ရွယ်ချက်မှာအများ ပါဝင်ဆွေးနွေးစေရန် ဖြစ်သည့်အတွက် အားလုံးပါဝင် ဆွေးနွေး စေလိုပါကြောင်း
စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာရေးရာ
လေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်က “ဘရက်ဆစ် (သို့မဟုတ်) ကွဲကြေမှုများ၏
နိဒါန်းလော” ခေါင်းစဉ်ဖြင့် ဘရက်ဆစ်နှင့် အမေရိကန်၊ ဘရက်ဆစ်နှင့် လန်ဒန်စတော့အိတ်ချိန်း၊
ဘရက်ဆစ်၏အက်ကြောင်း များနှင့် နောက်ဆုံးအခြေအနေများကို သုံးသပ်ဆွေးနွေးပြောကြားသည်။
အကြီးတန်းသုတေသီ
ဦးအေးမောင်ကျော်က “ဗြိတိန်ကဥရောပသမဂ္ဂကနေ ခွဲခွာမယ့် ကိစ္စကို ၂၀၁၆ ခုနှစ်တုန်းက ပြည်သူဆန္ဒခံယူပွဲနဲ့
ဆုံးဖြတ်ထားတယ်။ ထောက်ခံမဲ ၅၁ ရာခိုင်နှုန်းကျော် ထောက်ခံထားကြတယ်။ ဒီကိစ္စက သုံးနှစ်လောက်ရှိပြီ။
ဝန်ကြီးချုပ် လည်း နှစ်ယောက် ပြောင်းသွားပြီး လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အထိ
ဘရက်ဆစ်က မအောင်မြင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥရောပဘက်က တောင်းဆို ချက်နဲ့ အင်္ဂလန်ဘက်က
လိုလားချက်က မကိုက်ညီဘူး။ ယခင်ဝန်ကြီးချုပ်ထရီဆာမေ လက်ထက်တုန်းက သဘောတူညီချက်တွေလည်းရှိတယ်။
ပါလီမန်ကလက်မခံလို့ ထရီဆာမေ ထွက်သွားရပါတယ်။
ဥရောပဘက်က မလျော့ပေးဘူးဆိုရင် လက်ရှိဝန်ကြီးချုပ်
ဘောရစ်ဂျွန်ဆင်က ဆွေးနွေး ညှိနှိုင်း မှုမရှိဘဲ No deal အနေနဲ့ အောက်တိုဘာလ ၃၁ ရက်မှာ
ထွက်သွားမယ် ဆိုပြီး အငြင်းအခုံတွေဖြစ်တယ်။ တချို့ကွန်ဆာဗေးတစ်တွေက No deal ဆိုတာ မကြိုက်တဲ့
အတွက် အတိုက်အခံဘက်ကို ပြောင်းသွားကြတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဖြစ်လာ နိုင်တယ်လို့
ခန့်မှန်းထားကြတယ်။ ရွေးကောက်ပွဲဖြစ်လာရင် ကွန်ဆာဗေးတစ်အနိုင်ရ မလားဆိုတာ မသေချာဘူး။
လေဘာပါတီအနိုင်ရရင်လည်း
ဘရက်ဆစ် အောင်မြင်မလားဆိုတာလည်း မသေချာဘူး။ မသေချာမှုတွေများနေပေမယ့် စောင့်ကြည့်ရမယ့်အချိန်က အောက်တိုဘာလ ၃၁ ရက်ဖြစ်တဲ့ အတွက် မကြာတော့ပါဘူး။
ဒါပေမယ့် ဒီကိစ္စကို ဇန်နဝါရီလအထိ ရွှေ့ဖို့လည်း ရှိပါတယ်။ ဇန်နဝါရီလရောက်ရင် ဘရက်ဆစ်ကိစ္စကို
နောင်တက်လာမယ့် အစိုးရအနေနဲ့ ဥရောပသမဂ္ဂနဲ့ထပ်ညှိရမှာ
ဖြစ်ပါတယ်။ ဒီလို ဘရက်ဆစ်ဖြစ်သွားရင် နိုင်ငံရေးအရ၊ စီးပွားရေးအရ တစ်ကမ္ဘာလုံးကို သက်ရောက်မှုတွေရှိနိုင်ပါတယ်။
ကျွန်တော်တို့ကနိုင်ငံ ငယ်လေးတွေ ဖြစ်တဲ့အတွက် သူတို့ဆီက လေ့လာတဲ့သဘောပါ။ သူတို့ဆီကနေသင်ခန်း
စာရအောင်ပါ။ နိုင်ငံရေးလမ်းကြောင်းတွေ၊ ပါလီမန်စနစ်တွေ ဒါတွေသိရပါတယ်။ ဒါတွေကို ကောင်းတဲ့ဘက်ကနေ
အသုံးချသွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာလည်း အသုံးချလို့ ရပါတယ်”ဟု ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက
ဘရက်ဆစ်နှင့်စပ်လျဉ်းသည့် ဆွေးနွေး မေးမြန်းကြရာ အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်က
ပြန်လည်ရှင်းလင်းဖြေကြား သည်။
ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က
“ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေနဲ့
ပြည်သူတွေကို အသိပညာ ဗဟုသုတ ဖြည့်ဆည်းပေးနိုင်ဖို့ အမြို့မြို့ အနယ်နယ်မှာ ပြည်သူ့ စာကြည့်တိုက်တွေဖွင့်လှစ်ဆောင်ရွက်နေတာအပြင် ပြည်သူ့စကားဝိုင်းတွေကိုလည်း စီစဉ် ကျင်းပနေပါတယ်။ ကျွန်တော်ဌာနမှာရှိတဲ့ သုတေသနနဲ့
သတင်းအချက်အလက်ဌာနခွဲက မြန်မာရေးရာအပြင်
ကမ္ဘာရေးရာ တွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာပြီး စာအုပ်၊ စာစောင်တွေ ထုတ်ဝေနေပါတယ်။ အဲဒီအတွက်
ဌာနတွင်း ဆွေးနွေးပွဲငယ်လေးတွေ အပြင် ယခုလို အများ ပြည်သူပါဝင်တဲ့ ဆွေးနွေးပွဲတွေလည်း
ပြုလုပ်ပါတယ်။ ဒီနေ့ ခေါင်းစဉ်ကတော့ လက်ရှိ
ကမ္ဘာမှာ ဖြစ်ပျက်နေတာကို ရွေးချယ် ထားတာပါ။ ဥရောပ သမဂ္ဂက ဥရောပတိုက်က နိုင်ငံ တွေနဲ့
စုဖွဲ့ထားသလို ကျွန်တော်တို့ နိုင်ငံကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်နေတာ
ဖြစ်လို့ အများကြီး အထောက်အကူ ဖြစ်မှာပါ။ ဆက်လက်ပြီးလည်း နေပြည် တော်နဲ့ ရန်ကုန်မှာ
ဒိထက်ပိုမို ကောင်းမွန်တဲ့ အကြောင်းအရာနဲ့ ဆွေးနွေးပွဲတွေ ထပ်လုပ် သွားမှာပါ” ဟု ပြောကြားသည်။
ဆွေးနွေးပွဲအပေါ်
နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြင့်မိုရ်က “ပုံမှန်အားဖြင့်
အင်တာနက်သုံးရင် ဘရက်ဆစ်ဆိုပြီး တွေ့မြင်နေရ တယ်။ သူတို့ဘရက်ဆစ်ဖြစ်နေပြီ ဒီလောက်ပဲ
သတိထားမိတယ်။ ဘရက်ဆစ်ဆိုတာ ဘယ်လို ကြောင့်ဖြစ်တာလဲ၊ ဘာတွေဖြစ်လာနိုင်သလဲဆိုတာမျိုး
အသေးစိတ် မလေ့လာ ဖြစ်ပါဘူး။ ကျွန်မက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့အတွက်ဒီလို
အကြောင်း အရာတွေ သိထားသင့်တယ်။ နိုင်ငံသားတွေရဲ့ နိုင်ငံတစ်နိုင်ငံအပေါ် ထားရှိတဲ့
စေတနာ၊ နိုင်ငံရေးအပိုင်းကို ဘယ်လိုမြင်ကြသလဲ၊ စီးပွားရေးအပိုင်းကို ဘယ်လိုမြင်ကြ သလဲ
ဆိုတာသိလာရတယ်။ ဆွေးနွေးတဲ့အခါမှာ ရှုထောင့်ပေါင်းစုံကာ မိအောင် ဆွေးနွေး သွားတော့
အများကြီး ဗဟုသတရပါတယ်။ ဆွေးနွေးပွဲမှာ ဘရက်ဆစ်သာ ဖြစ်လာရင် မြန်မာနိုင်ငံအတွက် သွယ်ဝိုက်ပြီး
အကျိုးသက်ရောက်မှုတွေ ရှိလာနိုင် တယ်လို့ သိရပါတယ်။
ဒါပေမယ့် အာဆီယံအဖွဲ့အစည်းအနေနဲ့ဆိုရင် စီးပွားရေး၊ နိုင်ငံရေးအရ နိုင်ငံတကာ ရပ်တည်မှုတစ်ခုရှိတဲ့အတွက်
မြန်မာနိုင်ငံအနေနဲ့ မဟုတ်ဘဲ အာဆီယံအ နေနဲ့ ဘရက်ဆစ်က ဘာတွေအကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာ
မေးမြန်းဆွေး နွေးခဲ့ပါတယ်” ဟု ပြောသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ
ဒုတိယညွန်ကြားရေးမှူး ဒေါ်ဥမ္မာအေးက “ယူကေရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံမှာ
ခွင့်ပြုထားတဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅ ဒသမ ၅၇ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ပို့ကုန်
တင်ပို့မှုမှာလည်း စုစုပေါင်းပို့ကုန် တင်ပို့မှုရဲ့ ၀ ဒသမ ၀၃ ရာခိုင်နှုန်း ရှိနေတယ်။
ဒါကလည်း နည်းတဲ့ပမာဏ တစ်ရပ်လို့ တော့ ပြောလို့မရပါဘူး။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့
Globalization Wave တွေမှာ နိုင်ငံအနေနဲ့ ဘယ်လိုအကျိုးသက်ရောက်မှုကို ဖြစ်လာနိုင်မယ်ဆိုတာကို
ဖြည့်စွက် ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက အဓိက အီးယူဈေးကွက်ကို တင်ပို့နေတဲ့ အထည်ချုပ်
လုပ်ငန်းအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲ၊ ဒါကိုအခြေခံစဉ်းစားပြီး တကယ်လို့
အီးယူက ယူကေ ထွက်ဖြစ်တယ်၊ မထွက်ဖြစ်ဘူးဆိုတဲ့ အခြေအနေအပေါ်မှာ စောင့်ကြည့်နားထောင်ပြီးပြင်ဆင်ဖို့
လိုတယ်လို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။ ဘယ်လို ကုန်ပစ္စည်းမျိုးတွေ၊ ဘယ်လိုလုပ်ငန်းမျိုးတွေ
အပေါ်မှာ ထိခိုက်မလဲဆိုတဲ့ အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ထပ်ပြီးဆောင်ရွက်နေရမှာဖြစ်ပါတယ်”ဟုပြောသည်။
(သတင်းစဉ်)
No comments:
Post a Comment