Home

Thursday, September 19, 2019

အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် ပညာရေး အရာရှိများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ



နေပြည်တော် စက်တင်ဘာ ၁၉
အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် ပညာရေးအရာရှိများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ ရွိုင်ရယ်နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းများ၏ ဘက်စုံအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်းအုပ် ကြီးများ၏ စွမ်းဆောင်ရည် အပေါ်တွင် မူတည်လျက်ရှိပါကြောင်း၊ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ထိရောက်သော ဦးဆောင်မှုများသည် ကျောင်းများ အရည်အသွေး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ကျောင်းစီမံခန့်ခွဲမှုနှင့် ဦးဆောင်မှု စွမ်းရည်မြှင့်တင်ရေးကို လုပ်ငန်းအစီအစဉ် တစ်ရပ်အနေဖြင့် သတ်မှတ်အကောင် အထည်ဖော်ခြင်း ဖြစ်ပါကြောင်း။
၂၀၁၅ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ၏ ပညာရေးဝန်ကြီးများအဖွဲ့၊ ပညာရေး ဆန်းသစ်တီထွင်မှုနှင့် နည်းပညာအတွက် ဒေသဆိုင်ရာဗဟိုဌာန (SEAMEO-INNOTECH) က အရှေ့တောင်အာရှရှိ ကျောင်းအုပ်ကြီးများအတွက် တတ်ကျွမ်းမှု အညွှန်းဘောင်တစ်ရပ်ကို အတည်ပြုခဲ့ပါကြောင်း၊ အာဆီယံဒေသ အတွင်းရှိ စွမ်းဆောင်ရည် မြင့်မားသော ကျောင်းအုပ်ကြီးများတွင် ရှိသင့်ရှိထိုက်သည့် ကျွမ်းကျင်မှုများနှင့် ပင်ကိုယ်အရည်အသွေးများကို ဖော်ထုတ်သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျောင်းအုပ်ကြီးများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်များ မရှိသေးသည့်အတွက် အာဆီယံနှုန်းများနှင့် ချိန်ထိုးကြည့်လျှင် ကွာဟချက်တစ်ခုလည်း ဖြစ်နေပြီး ဖြည့်ဆည်းရန် လိုအပ်ချက် ရှိနေပါကြောင်း၊
အညွှန်းဘောင်များ ရေးဆွဲပြုစုခြင်းသည် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေး ဝန်ထမ်းများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်များ ထားရှိဆောင်ရွက်ရန် ပထမဦးဆုံး ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ အညွှန်းဘောင်များကို အဓိကအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ ရေးဆွဲရန်အတွက် အသုံးပြု မည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် သင့်လျော်သည့် တာဝန်ခံမှုဆိုင်ရာ နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ ရှိလာသောအခါ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်မှုကို လေ့လာကြီးကြပ် စစ်ဆေးအကဲဖြတ်ရန် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ အညွှန်းဘောင်သည် အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် ပညာရေးအရာ ရှိများအတွက် လိုအပ်သော တတ်ကျွမ်းမှု စံနှုန်းများနှင့်အညီ စွမ်းဆောင်ရည် ပြည့်၀စေရေးအတွက် သင့်လျော်သောအစီအစဉ်များ ချမှတ်ဖော်ဆောင် နိုင်ရေးအတွက် အသုံးပြုနိုင်မည့် မူဘောင်တစ်ခုလည်း ဖြစ်ပါကြောင်း၊
ပညာရေး စီမံခန့်ခွဲသူများအနေဖြင့် မိမိတို့၏အတတ်ပညာဆိုင်ရာ အလေ့အထများကို တိုးတက်ကောင်းမွန်စေရန် အားထုတ် လုပ်ဆောင်ရာတွင် ပံ့ပိုးပေးမည့် စာတမ်း တစ်စောင်ဖြည့်ဆည်းပေးခြင်းဖြင့် ပညာရေးစီမံခန့်ခွဲမှု အရည်အသွေး မြှင့်တင်ပေးရန် စသောရည်ရွယ်ချက်များဖြင့် ပြုစုထားပါကြောင်း၊
ဦးဆောင်မှု၊ စီမံခန့်ခွဲမှု၊ သင်ကြားသင်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပင်ကိုယ် အရည်အသွေး ထက်မြက်မှုဟူ၍ ကျွမ်းကျင်မှု နယ်ပယ်အားဖြင့် နယ်ပယ် (၅) ရပ်သတ်မှတ်ထားပါကြောင်း၊ အဆိုပါနယ်ပယ် (၅) ခုတွင် ကျောင်းအုပ်ကြီးများနှင့် ပညာရေး အရာရှိများ၏ စွမ်းဆောင်မှု အရည်အသွေးများဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် ပညာရေးဝန်ကြီး ဌာနအနေဖြင့် အစီအစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် UNICEF ဌာနေကိုယ်စားလှယ် Ms.JuneKunugi က နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ယင်းနောက် အညွှန်းဘောင်စာအုပ်များကို UNICEF ဌာနေကိုယ်စားလှယ် Ms.JuneKunugi က ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ အခြေခံပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် ပညာရေး အရာရှိများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ နောက်ခံအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးဝင်းက အညွှန်းဘောင်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။
အခမ်းအနားသို့ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် အမျိုးသားပညာရေး အဆင့်အတန်း အကဲဖြတ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ အညွှန်းဘောင် ရေးဆွဲပြုစုရေး အဖွဲ့ဝင်များ၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment