ရန်ကုန် ဇွန် ၆
ကင်ဆာရောဂါဖြစ်ပွားပြီး အသက်ရှင်နေထိုင်သူများအား ဂုဏ်ပြုသည့်အနေဖြင့်
(Cancer Survivor Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက
ရန်ကုန်ပြည်သူ့ဆေးရုံကြီး သူနာပြုဆောင်၌ ကျင်းပခဲ့ ကြောင်း သိရသည်။
“ဒီလိုကျင်းပခြင်းအားဖြင့် ကင်ဆာရောဂါဝေဒနာရှင်တွေနဲ့ နှီးနွှယ်ပုဂ္ဂိုလ် တွေအတွက် ခွန်အား သစ်တွေ ရရှိလာနိုင်တဲ့အပြင် သက်ဆိုင်ရာပုဂ္ဂိုလ် တွေအနေနဲ့လည်း ကင်ဆာရောဂါကုသရေးအတွက် လိုအပ်တဲ့အရင်းအမြစ်တွေ၊ ဥပဒေတွေ၊ သုတေသနလုပ်ငန်းတွေကို ပိုပြီးအားပေးအားမြှောက်ပြုဖို့ လိုအပ် တယ်ဆိုတာ သတိမူမိလာကြမှာဖြစ်ပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ဆေးရုံအုပ်ကြီး/ ကုသရေး)မှ ပါမောက္ခချုပ် ဒေါက်တာရီရီမြင့်က ပြောသည်။
ကင်ဆာရောဂါမှာစောစောသိလျှင် ကာကွယ်၍ရကြောင်း၊ ဆရာဝန်၊ ဆရာမများ စည်းရုံး၍ အချင်း ချင်းအသိပညာမျှဝေရန်လိုကြောင်း၊ လူနာများကလည်း အသိဉာဏ် ဗဟုသုတပြည့်ပြီး အချင်းချင်းအား ပေးရန်နှင့် လွဲမှားသည့် အယူအဆများပျောက်ရန် ဖြန့်ဝေပေးဖို့လိုကြောင်း၊ အစိုးရနှင့်မီဒီယာများက လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီထောက်ပံ့ပေးရန်လိုကြောင်း မြန်မာနိုင်ငံကင်ဆာရောဂါ ဆေးပညာအဖွဲ့အစည်းဥက္ကဋ္ဌ ဂုဏ်ထူးဆောင် ပါမောက္ခ (ကင်ဆာရောဂါဆေးပညာဌာန) ပါမောက္ခ ဒေါက်တာစိုးအောင်က ပြောသည်။
“ကင်ဆာဖြစ်ရင်သေတယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆတွေမဖြစ်ဖို့ အခုဆိုရင် ဆေးဝါးတွေအများကြီး တိုးတက်လာပြီ။ ကင်ဆာရောဂါနဲ့ ပတ်သက်ရင် လူအများသိနေတာက ကင်ဆာလို့ ပြောလိုက်တာနဲ့ သေမိန့်ကျ ပြီလို့ထင်ကြပါတယ်။ အဲဒါက မမှန်ဘူးဆိုတဲ့အကြောင်း၊ သေသေချာချာ စနစ်တကျ ကုသ လို့ရှိရင် ပျောက်ကင်းတဲ့အကြောင်း အဲဒါကိုလက်တွေ့ပြချင်တဲ့ အတွက်ကြောင့် ဒီပွဲကိုပြုလုပ်ခြင်း ဖြစ်ပါတယ်”ဟု ပါမောက္ခ ဒေါက်တာ စိုးအောင်က ပြောသည်။
ယနေ့အခမ်းအနားတွင် ကင်ဆာရောဂါသက်သာပျောက်ကင်းသည့် လူနာနှစ်ရာခန့် တက်ရောက်၍ ၎င်းတို့၏အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကြောင်းသိရသည်။
ယနေ့ကျင်းပသည့် (Cancer Survivor Day) နေ့ကို ၁၉၈၈ ခုနှစ် ဇွန်လ ၅ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အားကစားပြိုင်ပွဲ၊ လမ်းလျှောက်ပွဲ၊ အနုပညာပြပွဲများဖြင့် စည် ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ-ဇာနည်မောင်

No comments:
Post a Comment