Home

Sunday, June 9, 2019

(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲ အခမ်းအနား ကျင်းပ



နေပြည်တော် ဇွန် ၈
(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်း များ မော်ကွန်းတိုက် ဦးစီးဌာန၌ ကျင်းပသည်။

ခင်းကျင်းပြသ
အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲအခမ်းအနားကို အဆိုပါ မော်ကွန်းတိုက်ဦးစီးဌာန၌ ဇွန် ၉ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ ခွဲအထိ ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း၊ အမျိုးသား မှတ်တမ်းများ၊ မော်ကွန်းတိုက် ဦးစီးဌာန (နေပြည်တော်) တွင် စာတမ်းဖတ်ပွဲများ၊ အများပြည်သူ များနှင့် ကျောင်းသား လူငယ်များ မျိုးချစ်စိတ်ဓာတ်ထက်သန်စေရန် ရည်ရွယ်၍ မော်ကွန်းပြခန်းများတွင် နိုင်ငံ့ အမွေအနှစ် အထောက်အထား မှတ်တမ်းများကို ခင်းကျင်းပြသသွားမည် ဖြစ်သည်။
စာချုပ်များ ခင်းကျင်းပြသထား
အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်း နှင့်ပတ်သက်၍ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ပြည်သူလူထု ကျောင်းသား ကျောင်းသူများ နိုင်ငံ၏ သမိုင်းအမွေအနှစ်များ လေ့လာနိုင်ရန် ထိန်းသိမ်းထားရှိပြီး ခေတ်အဆက်ဆက် ထင်ရှားသော မော်ကွန်းမှတ်တမ်းများကို ခင်းကျင်း ပြသထားပါတယ်။ အစောဆုံး အနေဖြင့် မဟာဗန္ဓုလစာပေ (၁၈၂၄) ခုနှစ် အထောက်အထားများ ဖြစ်တဲ့ ရန္တပိုစာချုပ်၊ ဒုတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲချုပ်ငြိမ်းစေတဲ့ အင်းဝနှင့်ချုပ်ဆိုသော ငြိမ်းချမ်းရေးစာချုပ်၊ ၁၈၈၃ ခုနှစ် ပြင်သစ်နှင့် မြန်မာဘုရင် ချုပ်ဆိုသောစာချုပ်၊ ဂျာမန်နှင့် မြန်မာဘုရင် တို့ ချုပ်ဆိုသောစာချုပ်၊ တစ်နိုင်ငံလုံး ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်သော အထောက်အထား၊ ၁၉၃၄ ခုနှစ်တွင် ဂျပန်ခေတ် ရွှေရည်စိမ်လွတ်လပ်ရေး ကြေညာ စာတမ်း၊ အောင်ဆန်းအက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ကြေညာစာတမ်း စသဖြင့် စာချုပ်များလည်း ခင်းကျင်းပြသထားပါတယ်။
ရှင်းလင်းဖြေကြား
ဆက်လက်၍ မှတ်တမ်းမော်ကွန်းဖိုင်တွဲများ အနေနဲ့ကတော့ အောက်မြန်မာပြည်တွင် ဗြိတိသျှတို့၏ စီမံခန့်ခွဲမှု တည်ဆောက်ရေး မော်ကွန်းများ၊ ဒုတိယမြန်မာစစ်ပွဲအပြီး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု မော်ကွန်းများ၊ အောက်မြန်မာပြည် ဗြိတိသျှအစိုးရနှင့် မြန်မာမင်းတို့အကြား သံတမန်ဆက်ဆံရေး မော်ကွန်းများ၊ ဗြိတိသျှကိုလိုနီခေတ် မြန်မာပြည်၏ စီးပွားရေး အခြေပြမော်ကွန်းများ၊ ရှမ်း ပြည်နယ်အား ဗြိတိသျှတို့ သိမ်းသွင်းသည့် မော်ကွန်းများ၊ ဗြိတိသျှကိုလိုနီခေတ် ရွှေတိဂုံ ဘုရားနှင့် ပတ်သက် သည့် မော်ကွန်းများ၊ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး တိုင်းရင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု မော်ကွန်းများနှင့် သီပေါမင်းမိဖုရား၊ ဆွေတော် မျိုးတော် တို့နှင့် ပတ်သက်သည့် မော်ကွန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်လည်း ခင်းကျင်းပြသထားသည်ဟု ရှင်းလင်း ဖြေကြားသည်။
သတင်း- မွှေးကြူဇင်
ဓာတ်ပုံ- ထန်းဖုန်

No comments:

Post a Comment