Home

Sunday, June 9, 2019

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး)၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် (ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်) တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ



နေပြည်တော် ဇွန် ၈
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်း လုပ်ငန်းလိုင်စင် မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေးကောက်ခံရယူခဲ့သည့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများကို အရေးယူပေးပါရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သရက္ကန်၊ လယ်အို၊ လက်ပံတို ဒေသများရှိ တရားမဝင် ရေနံချက်ဖိုများမှ ငွေကြေးကောက်ခံရန် တရားမဝင် ညှိနှိုင်းဆွေးနွေးခြင်း၊ သရက္ကန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေမှ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းသည် ငွေကျပ် ၈၈၅၀၀၀၀ ကိုလည်းကောင်း၊ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) သည် ငွေကျပ် ၁၇၆၀၀၀၀ ကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်စဉ် ငွေကျပ် ၇၇၁၄၉၈၀၀ ကိုလည်းကောင်း၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်သန်းဇော်(ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်)သည် ငွေကျပ် ၄၅၀၀၀၀ ကိုလည်းကောင်း အကြိမ်ကြိမ်ခွဲ၍ ရယူခဲ့ခြင်းသည် လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် ငွေကြေးများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး ပေါက်မြို့မရဲစခန်းတွင် ဇွန် ၇ ရက်၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment