Home

Friday, June 14, 2019

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲကျင်းပ



ရန်ကုန် ဇွန် ၁၃
စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများရှိနေ သော နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စာနယ်ဇင်း သမားများအား ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းမှ (၃၇)ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင် များအား ဂုဏ်ပြုပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ (ငြိမ်းချမ်းခန်းမ)၌ ဇွန် ၁၂ ရက်က ကျင်းပသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဖောင်ဒေးရှင်း အလုပ် အမှုဆောင် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က အမှာစကားပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင်များ ဂုဏ်ပြုပွဲဆိုင်ရာ သတင်း ထုတ်ပြန်ချက်ကို ဖတ်ကြားသည်။ ထို့နောက် ထောက်ပံ့ငွေရရှိသူများအား သဘာပတိအဖွဲ့ဝင်များက ထောက်ပံ့ငွေများ ပေးအပ် ခဲ့ပြီး အလှူရှင်များကိုလည်း ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ သည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် ဟံသာဝတီ ဦးဝင်းတင်နှင့် ဘ၀တူ စာနယ်ဇင်း သမား ရှစ်ဦးတို့အား တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီနှင့် NLD လူငယ်ဘုံရိပ်သာအတွက် အလှူ ငွေ ကျပ်သုံး သိန်းအပါအဝင် စုစုပေါင်းငွေကျပ် ၁၉ သိန်း ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
''စားဝတ်နေရေး ခက်ခဲနေတဲ့၊ ကျန်းမာရေးအရ ချို့တဲ့နေတဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေ၊ ဘ၀တူ စာနယ်ဇင်း သမားတွေကို ပုံမှန်ထောက်ပံ့ တယ်။ ဒါ့အပြင် ဖောင်ဒေးရှင်းက ၂၀၁၄ ကစပြီး စေတနာ ဆေးခန်းဆိုတာ လမ်း ၅၀ မှာဖွင့်ပြီးတော့ နိုင်ငံရေးအကျဉ်းသားဟောင်း တွေ၊ သူတို့မိသားစုတွေအတွက် တစ်ပတ်ကို ခြောက်ရက် ဖွင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်လုပ် ပေးနေပါတယ်''ဟု ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ဖမ်းဆီး ထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်း သားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများ၊ အခြား အကူအညီလိုအပ်နေသော ဘ၀တူ စာနယ်ဇင်း သမား များအား တတ်နိုင်သမျှ ကူညီထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် မတ် ၁၂ ရက်က စတင်ထူထောင်ခဲ့ကာ စတင်ချိန်က နှစ်လလျှင် တစ်ကြိမ် ထောက်ပံ့ခဲ့ရာမှ နောက်ပိုင်းတွင် သုံးလလျှင်တစ်ကြိမ် ပုံမှန်ထောက်ပံ့ခဲ့ ကြောင်း၊ ၂၀၁၉ ခုနှစ် မတ် ၁၂ ရက်က ကျင်းပခဲ့သည့် (၃၆)ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲအထိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသားဟောင်းနှင့် ဘ၀တူစာနယ်ဇင်းသမားပေါင်း ၈၆၄ ဦးတို့အား ထောက်ပံ့ငွေ ကျပ် ၂၀၆၈ သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း

No comments:

Post a Comment