နေပြည်တော် ဇွန် ၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း၏ လက်ပံတန်း မြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုတွင် ယခင်ဇီးဖြူကုန်းတိုက်နယ်ဆေးရုံမြေ (၆ ဒသမ ၃၃၆) ဧက အနက်မှ စိုက်ပျိုးရေးဂိုဒေါင် ဆောက်လုပ်ရန်အတွက် ၁၉၇၈-၁၉၇၉ ခုနှစ် စိုက်ပျိုးရေး ဦးစီးဌာနက ရယူခဲ့သော မြေဧရိယာ (၂ ဒသမ ၁၉၉) ဧကအား ယခုဆေးရုံမြေအဖြစ် ပြန်လည်လွှဲ ပြောင်းရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးလှကျော်က ဇီးဖြူကုန်းတိုက်နယ်ဆေးရုံ အတွက် ဇီးဖြူကုန်းအထွက်တိုးစခန်းမြေနေရာများအားလုံး ရလိုသည့် အတွက် ၂၀၁၄ ခုနှစ်မှ စ၍ သက်ဆိုင်ရာ ဌာနများသို့တင်ပြခဲ့ကြ ပါကြောင်း၊ အထွက်တိုးစခန်းမြေနေရာတွင် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ ဂိုဒေါင် ၁ လုံး၊ အုတ်ရေကန်ပျက် ၁လုံး နှင့် အဝီစိတွင်းပျက် ၁ လုံး ရှိပါကြောင်း၊ ယခုအခါ ဦးစီးဌာနပိုင်ဂိုဒေါင် ၁လုံးသာ ရှိပါကြောင်း၊ သို့ဖြစ်၍ ဇီးဖြူကုန်းတိုက်နယ် ဆေးရုံ အနေဖြင့် ဒေသနေပြည်သူလူထုအကျိုးအတွက် တိုးချဲ့ရန် ဆေးရုံမြေနေရာ ရရှိရေး အတွက် ၂ ဒသမ ၁၉၉ ဧက အား လုပ်ထုံးလုပ်နည်း များနှင့်အညီ စွန့်လွှတ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေ ကြားသည်။
ဆက်လက်၍ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ လွိုင်လင်မြို့နယ်၊ တန့်အယ်ကျေးရွာ အုပ်စုရှိ လယ်ယာမြေများ အပြည့်အ၀ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် ရေစီး ရေလာအားကောင်း သည့် နမ့်ပွန်ချောင်းပေါ်တွင် ဖိုင်လုံဆည်နှင့် ကုန်းကျောင်းဆည်တို့ အား တည်ဆောက်ပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုး၏ ခိုင်းနွား၊ နို့စားနွား၊ အသားစားနွားများ မွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မည်ကဲ့သို့ စီစဉ် ဆောင်ရွက်ထားပါသည်နှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ ကြီးအုံကြီးဝနှင့် မုန်းတမံရေ၀ပ်ဧရိယာ ရေကန်ပြင်တွင် ရေချိုငါး စီးပွားဖြစ် မွေးမြူရန်နှင့် သဘာဝငါးမွေးမြူရေးသုတေသန စခန်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးဦးလှကျော်က ရှင်းလင်း ဖြေကြားသည်။
ထီိးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၏ ထီးချိုင့်မြို့နယ် ဧရာဝတီတံတား(ထီးချိုင့်) ၏ ရေလယ်တိုင်များကြောင့် တံတား၏ အထက်နှင့် အောက်ဘက်တို့တွင် သောင်များ ဖြစ်ထွန်းလာပြီး မြစ်ကမ်းအနီးရှိ ကျေးရွာများနှင့် စိုက်ပျိုးမြေများ ကမ်းပါးပြိုတိုက်စား ခြင်းမှ ကာကွယ်ရန် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းခြင်းကို မည်သို့ ဆောင်ရွက်ပေး မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးသည် ပြည်ထောင်စု ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မဖြစ်မနေ ဦးစားပေးဆောင် ရွက်ရန် လိုအပ်သည့်လုပ်ငန်းများအတွက် ရန်ပုံငွေလျာထားတင်ပြတောင်းခံလျက်ရှိပြီး ခွဲဝေရရှိ သည့် ရန်ပုံငွေ အပေါ်မူတည်၍ လိုအပ်ချက် ပြည့်မီစေရန် ကြိုးပမ်းဆောင် ရွက်နေ သောကြောင့် ထီးချိုင့်မြို့နယ် ဧရာဝတီတံတား (ထီးချိုင့်)ရေလမ်းကောင်း မွန်ရေးလုပ်ငန်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေလျာထားတောင်းခံ ထားသည့် စာရင်းတွင်ပါဝင်ခြင်းမရှိသေးသောကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေး ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ပုလော မဲဆန္ဒနယ်မှ ဦးအုန်းခင်၏ ပြည်တွင်းသို့ မော်တော်ကားများ တင်သွင်းရာတွင် ကောက်ခံနေသော အခွန်မျိုးစုံအား သင့်လျော်သော နှုန်းထားသို့ ဖြေလျှော့ပေး ခြင်း၊ မော်တော်ယာဉ်ပိုင်ရှင်တို့အား လမ်းဘေးတွင် ယာဉ်ရပ်နားခ၊ ညအိပ်ရပ်နားခ၊ မောင်းနှင်နေစဉ်လမ်းအသုံးပြုခတို့ကို တိုးမြှင့်ကောက်ခံပြီး ဥပဒေနှင့် မညီသည့် အသုံးပြုသော ယာဉ်နှင့် ယာဉ်အသုံးပြုသူတို့အား ထိရောက်သော အရေးယူခြင်းတို့ ပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြည်တွင်းသို့ မော်တော်ကားများ တင်သွင်းရာတွင် ကောက်ခံနေသော အခွန်မျိုးစုံ အား သင့်လျော်သော နှုန်းထားသို့ ဖြေလျှော့ပေးခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနအနေဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်သော အမိန့်ကြော်ငြာစာကို ထုတ်ပြန် ၍ လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ ဘတ်စ်စကားများနှင့် ထရပ်ကား များကို ခွင့်ပြုပေးလျက်ရှိပါကြောင်း။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်အခွန်ဦးစီးဌာနအနေဖြင့် ပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းမှုကို ကောက်ခံသော အကောက်ခွန်နှုန်းထား များမှာ ယာဉ်အမျိုးအစားကိုလိုက်၍ ယာဉ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အတွင်းသာရှိပြီး အဆိုပါ နှုန်းထားမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအတွင်း ဆွေးနွေးညှိ နှိုင်းသတ်မှတ်ထားသော AHTN( ASEAN Harmonized Tariff Nomenclature 2017) အရ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ကျင့်သုံးခြင်းဖြစ်သဖြင့် လတ်တလောလျှော့ချရန် အစီအစဉ်မရှိသေးပါကြောင်း။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် လက်ရှိ ကောက်ခံနေသော ယာဉ်မှတ်ပုံတင်ခနှုန်းထားများသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုနှုန်းထားများဖြစ်ပြီး နိုင်ငံတော်အတွက် ရသင့် ရထိုက်သော ဘဏ္ဍာငွေများရရှိစေရန် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းပါ လျာထား ချက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရန် အတွက် ရည်မှန်းချက်ဖြင့် စိစစ်ကောက်ခံနေခြင်းဖြစ်ပါကြောင်း၊ ကင်းလွတ်ခွင့်ပြုသင့် ပြုထိုက်သည့် ယာဉ်များကို လည်း ဥပဒေနှင့် အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခ၊ ကနဦးမှတ်ပုံတင်ခ၊ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးများကို ဖြေလျှော့ ပေးရန် အစီအစဉ်မရှိပါကြောင်း။
ယာဉ်ရပ်နားခနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနှင့် ရှမ်းပြည်နယ်တို့တွင် မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ ယာဉ်ရပ်နားခများကို ကောက်ခံလျက်ရှိပြီး တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် ဆိပ်ငယ်ဈေးယာဉ်ရပ်နားခကို ကောက်ခံလျက်ရှိပါ ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ယာဉ်ရပ်နားခကောက်ခံခြင်းမရှိပါ ကြောင်း။
မော်တော်ယာဉ် ညအိပ်ခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် တောင်ကုတ်မြို့နယ်တို့တွင် ညအိပ်ခွန်ကောက်ခံလျက်ရှိပြီး ချင်းပြည် နယ်ရှိ ဟားခါးမြို့တွင် ညအိပ်မော်တော်ယာဉ်ရပ်နားခဒဏ်ကြေးကို ကောက်ခံနိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ညအိပ်ခွန် ကောက်ခံခြင်း မရှိပါကြောင်း။
မော်တော်ယာဉ်မောင်းနှင်နေစဉ် လမ်းအသုံးပြုခတို့ကို တိုးမြှင့်ကောက်ခံခြင်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းဦးစီးဌာနပိုင်လမ်းများပေါ်၌ လက်ရှိကောက်ခံ လျက်ရှိသော လမ်းအသုံးပြုခကောက်ခံနှုန်းထားများသည် ၂၀၁၁ ခုနှစ်က အခြေခံစံနှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါ အချိန်ကာလ နှင့် လျော်ညီသော နှုန်းထား တစ်ခုဖြစ်စေရန် ငွေဖောင်းပွမှုနှုန်း၊ ဘဏ်တိုးနှုန်း ကို အခြေခံတွက်ချက်ပြီး IRR လျော်ညီသော နှုန်းထားတစ်ခုတိုးမြှင့်ရန်အတွက် ADB နည်း ပညာအထောက်အပံ့နှင့် အပြည်ပြည်ဆိုင်ရာဥပဒေ အတိုင်ပင်ခံအဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များအားလုံးနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး တိုးမြှင့်ကောက်ခံရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဥပဒေနှင့် မညီသည့် အသုံးပြုသော ယာဉ်နှင့် ယာဉ်အသုံးပြုသူတို့အား ထိရောက်သော အရေးယူခြင်းတို့ကို ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်း ဥပဒေနှင့်လည်းကောင်း အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ဥပဒေနှင့် မညီသော ယာဉ် တင်သွင်းမှု၊ ထုတ်လုပ်ရောင်းချမှုများကို တားဆီးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အပြင် တရားမ၀င် တင်သွင်းလာသော မော်တော်ယာဉ်များကို နယ်မြေအတွင်းစစ်ဆေးတွေ့ရှိပါက ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးအောင်ကျော်လွင်၏ စေတုတ္တ ရာမြို့နယ်၊ စလင်း- စေတုတ္တရာကားလမ်းမပေါ်ရှိ MPT ဖုန်းတိုင်များ၊ ဖုန်းကြိုးများနှင့် တယ်လီဖုန်း Connection box များမှာ လဲပြိုနေခြင်း၊ မြေပြင်ပေါ်ကျနေခြင်းများ နှစ်နှင့်ချီ၍ ကြာမြင့် စွာ ဖြစ်ပွားနေမှုကြောင့် MPT ဖုန်းလိုင်းများ မကြာခဏ ပျက်နေမှုအား မည်သူက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၏ သံဖြူဇရပ်မြို့ အမှတ်(၃)သုခကာရီ ရိပ်သာ၏ မျက်နှာစာတွင် ပိတ်ကာနေသော မီးရထားနှင့် ကားလမ်းခွဲတံခါးစောင့်၏ သစ်သားတဲကို အခြားလွတ် ကင်းရာ မီးရထားမြေသို့ ရွှေ့ပြောင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၏ ကျွန်းစုမြို့နယ်ဆိပ်ကမ်းရှိ ဆိပ်ခံတံတား နှင့် ဘောတံတား (Jetty) အကြား ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် အထက် (၄၈×၂၀×၆ ဒသမ၅) ပေ တလင်းပေါင်းကူးတံတားအား အသေးစား ၂ စင်း သို့မဟုတ် ကြားခံ (Jetty) သံမဏိဆိပ်ခံတစ်ခု တည်ဆောက်ပေး ရန် အစီအစဉ်ရှိ ၊ မရှိ မေးခွန်းနှင့် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ အန္တရာယ်ရှိ ကုန်ပစ္စည်းများအား ဘေးအန္တရာယ် ကင်းရှင်းစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် သယ်ယူ ပို့ဆောင်ခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီ အရောင်း ဆိုင်များ ဆီဘောက်ဆာ ယာဉ်များတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအား လိုအပ် သော သင်တန်းများကို သင့်လျော်သော ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာနက သင်တန်းများပေးရန် နှင့် အသိအမှတ်ပြု လက်မှတ်ရရှိသူများကိုသာ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြားသည်။
မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေး၏ မက်မန်းမြို့နယ်ရှိ အခြေခံပညာအထက် တန်းကျောင်း(မက်မန်း)တွင် ပေ(၁၀၀×၃၀)နှစ်ထပ်စာသင်ကျောင်းဆောင်(၁)ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း တည်ဆောက်ရေးရန်ပုံငွေ ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း အသစ်ဆောက် လုပ်မည့် ကျောင်းဆောင် ၁၁ ဆောင်၊ အန္တရာယ်ရှိ ကျောင်းဆောင်များအား ဖျက်သိမ်း၍ အသစ်ဆောက်လုပ်မည့် ကျောင်း ၅ ကျောင်း၊ ကျောင်းသားဦးရေအရ တိုးချဲ့ အသစ် ဆောက်လုပ်ရန် ၆ ကျောင်း၊ သိပ္ပံဆောင် ဆောက်လုပ်ရန် ၁ ကျောင်း၊ ဆရာ၊ ဆရာမ ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ၁ကျောင်း၊ စာကြည့်တိုက် ဆောက်လုပ်ရန် ၁ ကျောင်းတို့အတွက် ဦးစားပေးအဆင့်များ ခွဲခြားပြီး ဘဏ္ဍာငွေ ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း။
ထိုသို့ ထည့်သွင်းလျာထားရာတွင် မက်မန်းမြို့နယ် မက်မန်းအခြေခံပညာ အထက်တန်းကျောင်း တွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်သစ် တစ်ဆောင် အသစ်ဆောက်လုပ်ရန် ရန်ပုံငွေ ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက် ရရှိပါက တည်ဆောက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၏ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် အခြေခံပညာ အထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများ ကို အခြားသော အ.ထ.က ကျောင်းများကဲ့သို့ ခွဲဝေ (၁၂)ဦးနှင့် အညီ အမြန်ဆုံး ခန့်ထားပေးရန် အစီ အစဉ်ရှိ၊ မရှိ မေးခွန်း၊ မိုင်းပျဉ်း မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၏ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယန့်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အား လာမည့် ဘဏ္ဍာရေး နှစ်တွင် အသစ်ပြုပြင်ဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ဒေသသင်ရိုးရေးဆွဲနိုင်ရန် တိကျသည့် မူဝါဒ ချမှတ်ပေးခြင်း၊ ပညာရှင်များ၊ ဒေသခံများ ပါဝင်ဆွေးနွေးခွင့်ရရှိနိုင်သည့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်နှင့် အချိန်မီ စာအုပ် ရိုက်နှိပ်နိုင်ရန်အတွက် မည်သို့ စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် ဘုတ်ပြင်း မဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၏ ဘုတ်ပြင်းမြို့ရှိ အခြေခံပညာအထက် တန်းကျောင်းတွင် ဥပဓိရုပ် မကောင်းတော့သည့် န၀ရတ်(ခန်းမ) အဆောက်အဦနေရာ တွင် (၁၅၀×၃၀×၂၂)ပေ အရွယ်အစားရှိ စံကိုက် (၂)ထပ် ပင်မကျောင်းဆောင်တစ် ဆောင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြားသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မ တီဝင် ဒေါ်မြခွာညိုဦးက မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေကြမ်းအား အတည်ပြု ပေးနိုင်ပါရန်တင်သွင်းပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးပါထန်းက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါ ကအမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း တင်သွင်းသည့် အခြေခံပညာ မူလတန်းသင် ဆရာ၊ ဆရာမ ၀န်ထမ်းရွေးချယ်ခန့်ထားရာတွင် တိုင်းရင်းသားဒေသ ကျေးရွာ ကျောင်းများ၏ လိုအပ်ချက်အလိုက် ထိုဒေသခံကျေးရွာရှိ ဘွဲ့ရတိုင်းရင်းသား၊ သူများ ကို ဦးစားပေးခန့်အပ်ရေး မူဝါဒတစ်ရပ် ထည့်သွင်းချမှတ်အကောင်အထည်ဖော် ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမိုးကျော်ဦးက လက်ရှိ စတင်ကျင့်သုံးနေသည့် KG+12 ပညာရေးစနစ်တွင် ယခင်စနစ်ဟောင်း ပညာရေး စနစ်သင်ကြားမှုပုံစံနှင့် ကွဲလွဲပါကြောင်း၊ တန်းစဉ်အလိုက် သင်တန်းတက်ထားသည့် ဆရာ၊ ဆရာမ မဟုတ်ပါက သင်ကြားရေးတွင် အခက်အခဲဖြစ်နိုင်ပါကြောင်း၊ တိုင်းရင်း သားဒေသရှိ ကျောင်းများမှ ဆရာ၊ ဆရာမများ အနေဖြင့် ကျန်းမာရေးကြောင့် သော် လည်းကောင်း၊ အခြားလူမှုရေးကိစ္စကြောင့် သော်လည်းကောင်း၊ ခွင့်ရက်ရှည်ယူသည့် အခါ ယင်းဆရာ၊ ဆရာမများ နေရာတွင် အစားထိုးခန့်အပ်နိုင်မှုမရှိသည့်အတွက် ကလေးများသည် ကျောင်းခေါ်ချိန်အတိုင်း၊ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားရခြင်း မရှိသောကြောင့် ကလေးများ၏ ပညာရည်တိုးတက်မှုကို ထိခိုက်စေနိုင်ပါ ကြောင်း၊ ထို့ကြောင့်သင်ကြားရေးအတွက် အခက်အခဲဖြစ်ပေါ်သည့် ကျောင်းများအား ချက်ချင်း အစားထိုးသင်ကြားနိုင်ရေး မြို့နယ်အလိုက် သီးခြားစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ စည်းဆောင်ရွက်သင့်ကြောင်းကို အကြံပြုလိုပါကြောင်း။
အဆိုပါ တိုင်းရင်းသားဘွဲ့ရလူငယ်များအား ခန့်အပ်သည်ဆိုပါကလည်း လက်ရှိ တိုင်းရင်းသားဘွဲ့ရလူငယ်များသည် ပညာရေးစနစ်ဟောင်းဖြင့် ဘွဲ့ရခဲ့သူများဖြစ်သည့် အပြင် ယခုသင်ကြားနေသည့် KG+12 ပညာရေးစနစ်ဖြင့် နီးစပ်မှုမရှိသည့်အတွက် လက်ရှိပညာရေးစနစ်ပါ မူလတန်းအဆင့်အားလုံးကို သင်ကြားနိုင်ရေးအတွက် အထူး အစီအစဉ်ဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပေးပြီးမှသာ ခန့်အပ်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။
ဆက်လက်၍ ကျိုက်မရော မဲဆန္ဒနယ်မှ ဦးစောကျော်ဝင်းမောင်၊ ဆီဆိုင် မဲဆန္ဒ နယ်မှ ဦးခွန်သန်းထူး၊ ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း၊ သံတောင်ကြီး မဲဆန္ဒ နယ်မှ ဦးစောဗစ်တာခလိုက်၊ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီနှင့် ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းတို့က ဆွေးနွေးသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် ပညာသင်နှစ်အလိုက် လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ D.T.Ed ဒီပလိုမာသင်တန်းသို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် သူများကို ၀င်ခွင့်လျှောက်ထားစေပြီး ၎င်းလျှောက်ထားသူများအား တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်ကြီးစဉ်အရ ရွေးချယ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပညာရေးကောလိပ်များတွင် တက်ရောက်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူများကို လုပ်ငန်းခွင့်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT ၀င်ခွင့်စာမေးခွဲပွဲကို ဖြေဆိုစေပြီး ၎င်းဖြေဆိုသူများအား စာမေးပွဲဖြေဆိုရမှတ်ကြီးစဉ်အရရွေးချယ်ပြီး သက်ဆိုင်ရာပညာရေး ကောလိပ်များတွင် တက်ရောက်ခွင့်ပြုခြင်းကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အလိုက်မှ ဒေသခံများပါ ၀င်ရောက်လျှောက်ထားနိုင်ပြီး ၎င်းအပေါ် ရွေးချယ်ခန့်ထားခြင်းဖြင့် ဆရာ၊ ဆရာမ များ အပြောင်းအရွှေ့လုပ်ငန်းများ ဆောင်ရွက်မှုနည်းပါးသွားခြင်း၊ တိုင်းရင်းသားဒေသများတွင် ဒေသခံ တိုင်းရင်းသားကလေးငယ်များကို တိုင်းရင်းသား ဆရာ၊ ဆရာမများက သင်ကြားပေးခြင်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုအဆင်ပြေ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေး ၀န်ထမ်းများကို ဒေသခံတိုင်းရင်းသားများ ထည့်သွင်းစဉ်းစားပေးသကဲ့သို့ လက်ရှိ အခြေအနေတွင်လည်း အလေးနက်ထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမ များရွေးချယ်ခန့်ထားရာတွင် ဒေသခံဘွဲ့ရ တိုင်းရင်းသား၊ တိုင်းရင်းသူများကို ဦးစားပေးရာ တွင် သတ်မှတ်အခြေခံရှိသူ ဖြစ်ခြင်း၊ သတ်မှတ် ဆရာဖြစ်သင်တန်း များ တက်ရောက်ပြီးသူ ဖြစ်ခြင်း ထို အရည်အချင်းများနှင့်ပြည်စုံသည့်အခါ ဒေသခံ ဘွဲ့ရများကို ဦးစားပေးပြီးဆောင်ရွက်ရန်အတွက် ၀န်ကြီးဌာနအနေဖြင့် စီမံဆောင် ရွက်လျက်ရှိပါသောကြောင့် အဆိုအား လွှတ်တော်မှ အတည်ပြုပေးပါရန် ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြု ကြောင်း ကြေညာ သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ဇွန် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)
No comments:
Post a Comment