Home

Thursday, February 5, 2015

ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ 
ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

တနသာင်္ရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးမိုးမြင့်၏ မြိတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် (၃)ထပ်စာသင်ဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန်နှင့် အမိုး၊အခင်း ပြုပြင်ပေးရန်လိုအပ်လျှက်ရှိသည့် နှစ်ထပ်စာသင် ဆောင်( သဇင်ဆောင် ) ကို ပြုပြင်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က ပညာရေးဝန်ကြီးဌာန အနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ် ဦးစားပေးအစီအစဉ် ကျောင်းအလိုက်တန်းစီဇယားအရ မြိတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အလျားပေ - ၁၂၀ ၊ အနံပေ - ၃၀ ရှိ RCC (၁)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ခေါင်းစဉ်အောက်မှ ငွေကျပ် (၆၄ ဒဿမ ၈၀ ) သန်းကို ခွဲဝေခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းရှိ သဇင်ဆောင် ပြင်ဆင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ် ရန်ပုံငွေ ခေါင်းစဉ်အောက်မှ စိစစ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ ဦးဟာရှိန်းဘွေ၏ ရေ၊ မြေ ရာသီဥတုနှင့် ကိုက်ညီသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ``၀´´ ဥ ခေါ် ဖျံဥ ကို စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချနိုင်ရန် နိုင်ငံတော်မှ စနစ်တကျ စီမံချက် ရေးဆွဲပြီး လက်တွေ့အ ကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍  ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးပေါ်လျှံလွင်က  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးရွာများ၌ “ ၀ ” ဥ စိုက်ပျိုးနိုင်ရေး အတွက် ထောက်ပံ့ငွေများ၊ အတိုးနှုန်း သက်သာသည့် ချေးငွေများဖြင့် စနစ်တကျ ဆောင်ရွက် ပေးရန်လိုအပ်မည် ဖြစ်ပါကြောင်း။ ဒေသထွက် “ ၀ ” ဥများအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာနတို့က အ၀ယ်ဒိုင်များဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ စနစ်တကျစီမံကိန်းများ ရေးဆွဲပြီး သင့်လျော်သည့် မြို့နယ်များ ရွေးချယ် သတ်မှတ်ကာ စနစ်တကျ လက်တွေ့ အကောင်အထည် ဖော်သင့်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးဆလိုင်းခွဲယန် က  “ ၀ ”  ဥ ကို စနစ်တကျ သုတေသနပြုလုပ်ပြီး တိုးချဲ့ စိုက်ပျိုးမည် ဆိုပါက နောင်တစ်နေ့တွင် တိုင်းပြည် ၀င်ငွေတိုးစေမည့် ထုတ်ကုန်သစ်တစ်ခု ဖြစ်နိုင်ပါကြောင်း၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့်  ရွှေ့ပြောင်း တောင်ယာစနစ် လျှော့ချနိုင်ရေး အတွက် ဘက်စုံဥယျာဉ်ခြံ လုပ်ငန်းကို ဆောင်ရွက်ရန် သင့်လျော်ပါကြောင်း၊ ဘက်စုံဥယျာဉ်ခြံ လုပ်ငန်းကို ဆောင်ရွက်မည် ဆိုလျှင် ရေရှည်လုပ်ကိုင် စားသောက်နိုင်သည့် “ ၀ ” ဥ စိုက်ပျိုးရေး လုပ်ငန်းကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့် ငွေကြေး အထောက်အပံ့နှင့် နည်းပညာများ ပံ့ပိုးပေးသင့်ပါကြောင်းဖြင့် ထောက်ခံ ဆွေးနွေးသည်။
ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးညွန့်တင် က “ ၀ ”ဥ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချရာတွင် စိုက်ပျိုး ထုတ်လုပ်သူများ စုပေါင်း၍ အသင်းအဖွဲ့ များ ဖွဲ့စည်း ဆောင်ရွက်လျှင် ပိုမို အဆင်ပြေ နိုင်ပါကြောင်း၊လူမှုစီးပွားကူညီပံ့ပိုးမှု အစီအစဉ် နှင့်လည်း ကိုက်ညီပါကြောင်း၊ ထုတ်လုပ်ပို့ဆောင်သူ အသင်းအဖွဲ့များကိုလည်း ဖွဲ့စည်း ထားရန် လိုအပ်ပါကြောင်းဖြင့် ထောက်ခံ ဆွေးနွေးသည်။ 
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က “ ၀ ” ဥ တင်ပို့မှု အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဇန်န၀ါရီ ၁၆ ရက်အထိ ပင်လယ် ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတို့မှ စုစုပေါင်း တန်ချိန် (၃၅၂၅)တန်၊ အမေရိကန်ဒေါ်လာ ( ၆ ဒဿမ ၄၈၉ ) သန်း တင်ပို့ထားပြီး ဖြစ်ပါကြောင်း။ ဈေးကွက် အသင့်အတင့် ရှိပြီး ဈေးနှုန်းလည်း ကောင်းမွန်သည့်  “ ၀ ” ဥ စိုက်ပျိုး ထုတ်လုပ်မှုကို ယခုထက် တွင်ကျယ်အောင် ၀ိုင်းဝန်း ပံ့ပိုး ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုး ထုတ်လုပ်သူများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိပြီး လူမှုဘ၀မြှင့်တင်ရေးကို ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော် အတွက်လည်း ပြည်ပ၀င်ငွေ တိုးတက် ရရှိလာမည် ဖြစ်သည့် အတွက် ထုတ်လုပ်သည့်ပမာဏအတိုင်း ဈေးကွက်သို့ တင်ပို့နိုင်ရေး အတွက် ဈေးကွက် ချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၊ ပြည်တွင်းပြည်ပ ရောင်းဝယ်ဖောက်ကားသူများ၊ Supply Chain , Value Chain ပိုမို မှန်ကန် လာစေရန် ရည်ရွယ်ချက်ဖြင့် “ ၀ ” ဥ အစု အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ “ ၀ ”ဥ အထူး စိုက်ပျိုး ထုတ်လုပ်သည့် ဒေသများတွင် “ ၀ ” ဥဇုန်များ ဖွဲ့စည်းနိုင်ရေး အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့ များကိုလည်း နိုးဆော်ထားပြီး ဖြစ်ပါကြောင်း၊ “ ၀ ” ဥနှင့် ပတ်သက်၍ အခြောက်ခံခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း စသည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား နည်းစနစ်ကျစွာ ဆောင်ရွက် ပေးနိုင်ပါက “ ၀ ”ဥ  စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချမှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သကဲ့သို့ ဈေးနှုန်းလည်း ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ကုန်သည် လုပ်ငန်းရှင်များ ဈေးကွက် သတင်း အချက်အလက် ရရှိရေး၊ ကုန်သွယ်မှု ဆိုင်ရာ သတင်း အချက်အလက်နှင့် အသိအမြင်များ တိုးပွားလာစေရေး အတွက် ကုန်သွယ်မှု သတင်းဌာန (Trade Centre ) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးလျှက် ရှိပါကြောင်း၊ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၏ အကျိုးစီးပွား မြှင့်တင် ပေးနိုင်ရေးကို ရည်ရွယ်၍ လိုအပ်သည့် ဥပဒေကို ရေးဆွဲခဲ့ပြီး လိုအပ်သည့် နည်းဥပဒေများ မကြာမီ ကာလအတွင်း ရေးဆွဲ ပြဋ္ဌာန်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျှက် ရှိပါကြောင်းဖြင့် ရှင်းလင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့် ပတ်သက်သည့် ထောက်ခံ ဆွေးနွေးချက်များ၊ ပြန်လည် ရှင်းလင်း ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က ထောက်ခံ အတည်ပြုသည်။
ထို့နောက် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးဆလိုင်းခွဲယန်က  အခြေခံပညာ အဆင့် အထက်တန်း ကျောင်းများတွင် ကျောင်း စာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် ကျောင်း စာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလေးထား ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ  လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူသည်။

No comments:

Post a Comment