Home

Thursday, February 5, 2015

အထင်/ အမြင်နှင့် မှတ်ကျောက်



ကေကေ(မဟာဝိဇ္ဇာ)
၂ဝ၁၅ နှစ်ကုန်ပိုင်းတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရှိသောကြောင့် ၂ဝ၁၅ နှစ်သစ်ကို နိုင်ငံရေးနှင့် ဆက်နွှယ်သူတို့က စိတ်ဝင်စားကြသည်။ တကယ်တော့ ၂ဝ၁၄ ကတည်းက ရွေးကောက်ပွဲ အကြောင်း ပြောနေကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ အကြောင်း ပြောတော့ ရွေးကောက်ပွဲ ကော်မရှင် အကြောင်းလည်း ပါလာသည်။ အကောင်းတော့ မဟုတ်ချေ။ အဆိုးမြင် ဝေဖန်မှုနှင့် သံသယ စကားတွေ ဖြစ်၏။

အချို့ကို ကောက်နုတ် ဖော်ပြရလျှင် ၂ဝ၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးဖို့ နိုင်ငံတကာ ခေါင်းဆောင် အချို့က သတိ ပေးသလိုလိုနှင့် ပြောသည်။ ပြည်တွင်းမှ နိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့များကလည်း ဤအချက်ကိုပင် အကြိမ်ကြိမ် ပြောကြသည်။ နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ယောက်က ၂ဝ၁၅ ရွေးကောက်ပွဲကို သတ်မှတ်ချိန် အတိုင်း ကျင်းပပေးရန် ပြောသည်။ ၂ဝ၁၄ ကြားဖြတ် ရွေးကောက်ပွဲကို လုပ်မည်ပြောပြီး မလုပ် ဖြစ်သောကြောင့် ဤစကားကို ပြောခြင်း ဖြစ်သည်ဟု ယူဆရသည်။ ရွေးကောက်ပွဲ ကော်မရှင်ကို ရွေးကောက်ပွဲ တာဝန်ကိုသာ သတ်သတ် မှတ်မှတ် တာဝန်ပေးရန် လွှတ်တော် အမတ် တစ်ယောက်၏ အသံကိုလည်း ကြားလိုက်ရသည်။ တပ်မတော်သားတွေသည် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၌ ဝင်ရောက် တာဝန် ထမ်းဆောင်လျက် ရှိသည်ကိုလည်း အမြင် မကြည်စွာဖြင့် မီဒီယာများတွင် ရေးသားကြသည်။ ၂ဝ၁၅ ရွေးကောက်ပွဲ၏ တရားမျှတမှုကို မည်မျှ အာမခံ နိုင်မည်နည်းဟု ပြည်ပ အသံလွှင့်ဌာန တစ်ခုက စာရေးသူကို မေးဖူးသည်။ အဆိုးဆုံးကား ...  တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု မယုံကြည်၍ ရွေးကောက်ပွဲ ကော်မရှင် တစ်ခုလုံး နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုကြခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်သည် ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းလိုက်သော ကော်မရှင်အသစ် ဖြစ်သည်။ ဒီမိုကရေစီ အစိုးရက ခန့်အပ်လိုက်သော ရွေးကောက်ပွဲ ကော်မရှင်အသစ် လက်ထက်တွင် ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တစ်ကြိမ်သာ ကျင်းပပေးခဲ့ဖူးပြီး တစ်ကြိမ်ဆို ဆိုသလောက် မှတ်ကျောက် အတင်ခံပြီး ဖြစ်လေသည်။
၁-၄-၂ဝ၁၂ ရက်နေ့တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်ကို ၂၉-၁၂-၂ဝ၁၁ ရက်တွင် ကြေညာခဲ့သည်။ ထိုအချိန်အထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မပေါ်ပေါက်သေးပေ။ ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်မည့် နောက်ဆုံးရက် ၃၁-၁-၂ဝ၁၂ မတိုင်မီ ၅-၁-၂ဝ၁၂ ရက်တွင် ယင်းပါတီအား မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်းဖြင့် ရွေးကောက်ပွဲ ဝင်ရန် အချိန်မီစေသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ(င)ကို ပယ်ဖျက်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ နည်းဥပဒေကိုလည်း လိုအပ်သလို ပြင်ဆင်ပေးခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ စနစ်တကျ ကျင်းပပေးခဲ့သည်။ လုံခြုံရေး အခြေအနေအရ ကျင်းပ မပေးနိုင်သော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် သုံးခုမှလွဲ၍ လွှတ်တော် (၃)ရပ်၏ လစ်လပ်နေရာ ၄၅ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၄၃ နေရာ အနိုင်ရရှိ ခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် လူပြောသူပြော များခဲ့သော ကြိုတင်မဲကို ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ ကော်မရှင်က ဟာကွက်များကို ထိန်းချုပ် ပြင်ဆင် နိုင်ခဲ့သောကြောင့် လေသံပင်ထွက်မလာတော့ပေ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် လောင်းများက တစ်ခုထက်ပိုသော မဲဆန္ဒနယ်များတွင် အခြားပါတီများမှ ကိုယ်စားလှယ် လောင်းများထက် ကြိုတင်မဲ အရေအတွက် ပိုမို ရရှိခဲ့ကြောင်း တွေ့ရသည်။ ကြိုတင်မဲသည် မဲဆန္ဒရှင်ကို အခွင့်အရေး မဆုံးရှုံးစေသကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် လောင်းကိုလည်း အကျိုးရှိစေသည်။ ကြိုတင်မဲ ဆိုသည်မှာ စနစ်တကျ ဆောင်ရွက်လျှင် ကြောက်စရာ မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ဤစနစ်အတိုင်း လုပ်ဆောင်မည် ဖြစ်သောကြောင့် ပူပင်စရာ မလိုချေ။
ယင်းကြားဖြတ် ရွေးကောက်ပွဲ၌ မဲပေးနေစဉ် အတော အတွင်းမှာပင် မဲဆန္ဒနယ် အချို့၌ မဲလက်မှတ်များကို ဖယောင်း သုတ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူ တစ်ယောက်က ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခြင်း၊ သတင်းဖြန့်ခြင်း ပြုလုပ်၏။ တိုင်ကြားချက် အရ ထိုမဲဆန္ဒနယ်၏ ရွေးကောက်ပွဲမှာ တရားမျှတမှု မရှိကြောင်း ကြေညာ၍ ရလဒ်များကို ပယ်ဖျက်လိုက်လျှင် ရသည်။ သို့သော် ရွေးကောက်ပွဲ ကော်မရှင်သည် ကြားပါတီများ ပါဝင်သော အဖွဲ့များဖြင့် စစ်ဆေးစေပြီး တိုင်ကြားချက် မမှန်ကန်ကြောင်း သက်သေထူကာ ရလဒ်များကို လက်ခံ အတည်ပြုပေးခဲ့သည်။ သို့ဖြင့် ဖယောင်း သုတ်သည် ဆိုသော မဲဆန္ဒနယ် အားလုံးတွင် အနိုင်ရခဲ့ကြသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် လောင်းများသည် မနစ်နာတော့ချေ။ ဤသည်မှာ ရွေးကောက်ပွဲ ကော်မရှင်၏ တရားမျှတစွာ ဆောင်ရွက်ပေးမှု တစ်ခု ဖြစ်ပါသည်။
ထို့ပြင် သံတမန်များကို ရွေးကောက်ပွဲအား ကြည့်ရှု လေ့လာ ခွင့်ပြုခဲ့သည်။ ပြည်တွင်း အဖွဲ့အစည်း တစ်ခုက ၄င်းတို့ အစီအစဉ်ဖြင့် စောင့်ကြည့် လေ့လာသည်ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က မပိတ်ပင်ခဲ့။ ၄င်းအဖွဲ့သည် စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို လွတ်လပ်စွာ ဖြန့်ဝေခဲ့ပါသည်။ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ တွင်လည်း ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲထက် ပိုမို ကျယ်ပြန့်စွာ ပြည်တွင်း ပြည်ပ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို ဖိတ်ခေါ်သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ မိမိလုပ်ငန်းကို လာရောက် အကဲဖြတ်ရန် ဖိတ်ခေါ်ခြင်းမှာ ကိုယ့်လိပ်ပြာကို ကိုယ်လုံ၍ တရားမျှတမှုကို အာမခံ နိုင်သောကြောင့် ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင် လက်ထက်တွင် ပထမဦးဆုံး ကျင်းပခဲ့သော အဆိုပါ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် အသိအမှတ်ပြုခဲ့ကြောင်း မမေ့လျော့သင့်ပေ။
ရွေးကောက်ပွဲ ကော်မရှင်သည် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း အလားတူ တရားမျှတစွာ ကျင်းပပေးနိုင်ရန် ၂ဝ၁၈ ခုနှစ်အထိ အကျုံးဝင်သော မဟာဗျူဟာ စီမံချက်တစ်ခုကို ရေးဆွဲကာ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင် အကောင်အထည် ဖော်နေသည်။ ဤမဟာဗျူဟာစီမံချက်ကို ပွင့်လင်း မြင်သာစေလိုသော သဘောဖြင့် နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများထံ စောစီးစွာ ချပြ ဖြန့်ဝေထားကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ အနေဖြင့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ ကော်မရှင်၏ ကြိုတင် ပြင်ဆင်မှု ပန်းတိုင်များကို လည်းကောင်း၊ ၄င်းတို့နှင့် ပူးပေါင်း လုပ်ဆောင်မည့် လုပ်ငန်းများကို လည်းကောင်း သိထားပြီး ဖြစ်ပါသည်။ ယနေ့ ရွေးကောက်ပွဲ ကော်မရှင် သွားနေသော လမ်းကြောင်းမှာ ၄င်းစီမံချက် အတိုင်းပင် ဖြစ်သည်။
၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ကော်မရှင်အဖွဲ့ဝင် ၁၇ ဦး အပါအဝင် အရာထမ်း ၄ဝ၊ အမှုထမ်း ၄၆ ဦးဖြင့် ကျင်းပပေးခဲ့သည်။ နောင်ငါးနှစ် တစ်ကြိမ် ကျင်းပမည့် ရွေးကောက်ပွဲများ စနစ်တကျ ကျင်းပပေး နိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အတွက် ဖွဲ့စည်းပုံရေးဆွဲ တင်ပြကာ ခွင့်ပြုပါက ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများဖြင့် စုစည်း ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြ၍ အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက် တောင်းခံ ဆောင်ရွက်သည့် အင်အား ဖြည့်တင်းခြင်းမှာ စီမံချက်ပါ လုပ်ငန်းတစ်ခု ဖြစ်သည်။ ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲတို့တွင် ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းဟူ၍ လုံလောက်အောင် မရှိသောကြောင့် အခြား ဝန်ကြီးဌာနတို့မှ တွဲဖက်ထားသော ဝန်ထမ်းများ၊ အငှား ရုံးအသုံးအဆောင် ပစ္စည်းများဖြင့် အလုပ်လုပ်ခဲ့ကြသည်။ ရွေးကောက်ပွဲ ပြီးသောအခါ တွဲဖက် ဝန်ထမ်း အများစုသည် မိခင်ဌာနသို့ ပြန်သွားကြ၏။ ရွေးကောက်ပွဲ ပြီးသွားပြီ ဖြစ်သဖြင့် အလုပ်မရှိတော့ဟု လူတိုင်းနီးပါးက ထင်ကြသည်။ အမှန်မှာ မဲစာရင်းကို UP DATE ဖြစ်အောင် ပုံမှန်ပြင်နေရခြင်း၊ ပုံမှန် ရုံးလုပ်ငန်းရှိခြင်း၊ တိုင်ကြားလာသော နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း စသော အလုပ်တွေက နှစ်လုံးပေါက်ရှိသည်။ ဝန်ထမ်း ချို့တဲ့သောအခါ လုပ်ငန်း အဆက်ပြတ်ခြင်း၊ နှောင့်နှေးခြင်း၊ အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ ၂ဝ၁၅ ရွေးကောက်ပွဲကို အောင်မြင် ချောမွေ့စွာ ကျင်းပနိုင်ရန် ယင်းအားနည်းချက်ကို ဦးစွာပြင်ဖို့ လိုအပ်သည်။
သို့ဖြစ်၍ ရွေးကောက်ပွဲ ကော်မရှင်သည် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ ရုံးလုပ်ငန်းကို ထိထိမိမိနှင့် စနစ်တကျ လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်း အင်အား စုဆောင်း ဖြည့်တင်းခြင်း၊ ပရိဘောဂ၊ ရုံးသုံးစက်ကိရိယာ ပစ္စည်းနှင့်ယာဉ်များ ဝယ်ယူ ဖြည့်တင်းခြင်းကို ဦးစားပေးခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က သူ့အလုပ် သူလုပ်နေသည်ကို ဘေးက ဝေဖန်လာကြသည်။ အထူးသဖြင့် တပ်မတော် အရာရှိအချို့ ပခုံးပြောင်း တာဝန် ထမ်းဆောင်လာသော အခါ ပါတီတစ်ခုအတွက် နိုင်ငံရေး အခင်းအကျင်း ကူညီ လုပ်ဆောင်ပေးနေသည့် သဘောမျိုး၊ မီဒီယာမှ တစ်ဆင့် သံသယ ဝေဖန်ချက်တွေ၊ စွပ်စွဲမှုတွေ အတောမသတ် ထွက်ပေါ်လာခဲ့ပါသည်။
ဝန်ကြီးဌာနများမှ မရနိုင်သော ရုံးအကူနှင့် စာရေးနေရာများအတွက် ယခုမှ ရုံးအလုပ် စလုပ်မည့် အရပ်သားများကို ခေါ်ယူ ခန့်အပ်ထားခြင်းမှာ အကြောင်း မဟုတ်ချေ။ မြို့နယ်/ ခရိုင်/ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးအသီးသီး၏ တာဝန်ခံရာထူးများ ဖြစ်ကြသော ဦးစီးအရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ရာထူးနေရာ အတွက်မူ ရုံးလုပ်ငန်း မလုပ်ဖူးသေးသော အပြင်လူတွေကို တိုက်ရိုက် ခန့်အပ်ခြင်းထက် ဝန်ကြီးဌာနများမှ ရုံးလုပ်ငန်း အတွေ့အကြုံရှိပြီး သူများကို လုပ်ငန်း ကူးပြောင်း ခန့်အပ်ခြင်းက ပိုမို လျော်ကန် သင့်မြတ်ကြောင်း ဝေဖန်သူတွေ သိနိုင်လောက်ပါသည်။ ထို့ကြောင့် ဝန်ကြီးဌာနများမှ လုပ်ငန်း အတွေ့အကြုံ ရှိပြီးသူများကို ဦးစွာ ဆက်သွယ် အကြောင်း ကြားခဲ့သော်လည်း ထင်သလောက် မရခဲ့ပေ။ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပေးသော တပ်မတော် အရာရှိများကိုသာ ပထမပိုင်းတွင် ခန့်အပ်ခဲ့ရသည်။ (မှတ်ချက်။ ၄င်းတို့၏ အဓိက တာဝန်မှာ ရုံးလုပ်ငန်း ဖြစ်သည်။ ရွေးကောက်ပွဲ အလုပ်ကို နိုင်ငံတော် အစိုးရထံမှ  ခံစားခွင့်မယူသော စေတနာ့ဝန်ထမ်းများ ဖြစ်သည့် အများယုံကြည် လေးစားသူ ပုဂ္ဂိုလ်အဖွဲ့က ဦးဆောင်သွားမည် ဖြစ်သည်။) သို့သော်လည်း ရုံးတာဝန်ခံ အရာရှိနေရာကို ဖွဲ့စည်းပုံ အပြည့်မခန့်အပ်နိုင်သေး။ ဆက်ခန့်လျှင် ဝေဖန်ကြဦးမည်လား မသိ။
ရွေးကောက်ပွဲ ကော်မရှင်သည် ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲကဲ့သို့ မှတ်ကျောက် တင်ခံနိုင်မည့် အခြား ကြားဖြတ် ရွေးကောက်ပွဲ တစ်ခုကို ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင် လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် လျာထားခဲ့သည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကို ရပ်ကျေး ကော်/ခွဲများအား ပြန်လည် စိစစ်ဖွဲ့စည်းထားရန် မဲစာရင်းကို Pilot Project အတိုင်း မလုပ်ဘဲ၊ ၂ဝ၁၂ ကြားဖြတ် မဲစာရင်းအတိုင်း ပြုစုရန်စသည်ဖြင့် ညွှန်ကြားထားပြီး ဖြစ်သည်။ ဤသို့ ၂ဝ၁၄ ကြားဖြတ်ကို နိုဝင်ဘာ လကုန်တွင် လျာထားခြင်းမှ အာဆီယံ ထိပ်သီးညီလာခံကို အောက်တိုဘာ (၁၄/၁၅) ရက်တွင် ကျင်းပမည်ဟု သိထားခဲ့သောကြောင့် ဖြစ်သည်။ အာဆီယံ ထိပ်သီး ညီလာခံရှေ့တွင် ဆီးဂိမ်း အားကစားပွဲ၊ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ခံမှု စီမံချက်ရှိသဖြင့် အောက်တိုဘာလထက် စော၍ ကျင်းပရန်လည်း မဖြစ်နိုင်။ နိုဝင်ဘာ တစ်လသာ လွတ်နေ၏။ သို့သော် မမျှော်လင့်ဘဲ အာဆီယံ ထိပ်သီး ညီလာခံကို နိုဝင်ဘာ (၁၄/၁၅) ရက်သို့ ပြောင်းရွှေ့ လိုက်သော အခါ ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ကာလနှင့် ဒက်ထိ ဆုံသွားသည်။ ဤတိုက်ဆိုင်မှုသည် လုပ်ပေးချင်လွန်းသော ကြားဖြတ် ရွေးကောက်ပွဲကို ပယ်ဖျက် လိုက်ရသည့် အဓိက အကြောင်းပြချက် ဖြစ်သည်။ ကြားဖြတ် ရွေးကောက်ပွဲကို ဒီဇင်ဘာလသို့ နောက်ဆုတ်ပြီး လုပ်ပေးပါက ဖြစ်နိုင်သည် ဆိုသော်ငြား ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် ၂ဝ၁၅ နှစ်ဆန်းပိုင်းအထိ ကူးပြောင်း ရောက်ရှိသွားမည် ဖြစ်သဖြင့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် စီမံချက်အရ ဆောင်ရွက်နေသည့် ပြင်ဆင်ရေး လုပ်ငန်းများ လစ်ဟာသွားနိုင်ခြင်း၊ ထိုအချိန်က မပြတ်မသား ဖြစ်နေသေးသော အချိုးကျ ရွေးကောက်ပွဲ စနစ်အတွက် ကော်မရှင် အပိုင်းမှ ပြင်ဆင်ချိန် လျာထားရခြင်း စသည့်အခက်အခဲများ ရှိနေပေသည်။ ကော်မရှင်သည် နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့ ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အကျိုးအပြစ် တင်ပြကာ သဘောထား ရယူခဲ့သည်။ အများစုက ကြားဖြတ် ရွေးကောက်ပွဲ မလုပ်ရန် လက်ခံသဖြင့် ကြားဖြတ် ရွေးကောက်ပွဲကျင်းပရန် ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ မည်သို့ဆိုစေ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကိုမူ လွှတ်တော် သက်တမ်း အကူးအပြောင်း အတွက် လိုအပ်ချက် ဖြစ်ရကား မဖြစ်မနေ ကျင်းပပေးလိမ့်မည်ဟု ယုံကြည်စေလိုသည်။
ရှေ့တွင် ရေးခဲ့သလို ရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေက အပ်နှင်းထား သောကြောင့် နိုင်ငံရေးပါတီများကို ကြီးကြပ်ရန် တာဝန်ရှိသည်။ တာဝန်သာ ပေးထားသည်။ စစ်စစ်ပေါက်ပေါက် လေ့လာကြည့်လျှင် ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများကို သို့မဟုတ် ပါတီဝင်များကို နစ်နစ်နာနာ ဖြစ်အောင် ဘာတစ်ခုမှ လုပ်ပိုင်ခွင့်မရှိချေ။ တစ်ခုတော့ ရှိ၏။ မှတ်ပုံတင်ခွင့် ပြုနိုင်သောကြောင့် မှတ်ပုံတင်ကို ပြန်လည် ပယ်ဖျက်နိုင်သော လုပ်ပိုင်ခွင့်ကတော့ ရှိသည်ပင်။ ရှိသာ ရှိသည်။ ဤလုပ်ပိုင်ခွင့်ကို တစ်ကြိမ်တစ်ခါမှ အသုံးမပြုခဲ့ပါ။ လွှတ်တော်ဥပဒေ အခန်း ၁၃ တွင် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်၊ ဒဏ်ငွေ တစ်သိန်းမှသည် အများဆုံး ထောင်ဒဏ်သုံးနှစ်၊ ဒဏ်ငွေ သုံးသိန်းအထိ ပြစ်ဒဏ်ချနိုင်သော ပုဒ်မများကို ပြဋ္ဌာန်း ထားသော်လည်း ရဲအရေးပိုင်သော အမှုများ ဖြစ်သည့် အတွက် စွဲချက်တင် စစ်ဆေး၍ အပြစ်ထင်ရှားလျှင် တရားရုံးက အပြစ်ပေးမှာ ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်ပါတီ၊ ဘယ်သူ့ကိုမှ ထောင်မချနိုင်၊ ဒဏ်ငွေ မတပ်နိုင်ပေ။ ရွေးကောက်ပွဲ ကော်မရှင် လုပ်နိုင်တာက ခေါ်ယူ သတိပေးတာ၊ ညွှန်ကြားချက် ထုတ်တာလောက်ပါပဲ။ ဒါတောင် မလိုက်နိုင်သော ပါတီတွေ ရှိလေသည်။ ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲ ကာလတုန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန် ပေးသဖြင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တစ်ခုက နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ယောက်ကို သတိပေး ဆွေးနွေးရန် ခေါ်ယူရာ အနှီပုဂ္ဂိုလ် မလာချေ။ ကော်မရှင် အဖွဲ့ခွဲလည်း ဘာမျှမတတ်နိုင်ပေ။ ဤသည်ကိုပင် ရွေးကောက်ပွဲ ကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ပေးထားသည်မှာ များလွန်းသည်ဟု ဆိုလျှင် အံ့သြစရာပင်တည်း။
တကယ်တော့ ဝေဖန်မှု၊ ဆွေးနွေးမှုနှင့် ဆန္ဒပြမှုတို့သည် တစ်ဖက်သတ် မကျသင့်ဟုယူဆသည်။ နိုင်ငံရေးပါတီတွေ ဘက်ကလည်း ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင်က အခါအားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များကို သိရှိသင့် လိုက်နာသင့်သည်။ သို့မဟုတ်က ညွှန်ကြားချက်တွေ၊ စည်းကမ်းချက်တွေ (တာဝန်အရ) ဟောတစ်ခု ဟောတစ်ခု လာနေပေမည်။ ဒါတွေ မကြာခဏ လာဖန်များလာတော့ နားပူလာသည်ထင့်။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ ရွေးကောက်ပွဲ ကော်မရှင်ကို ပုလိပ်ကြီးကဲ့သို့ မြင်လာတော့သည်။ နိုင်ငံရေး ပါတီတစ်ရပ်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို လက်ခံ ကျင့်သုံးရမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစား လိုက်နာရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်း ထားသည်ကိုလည်း အလေးအနက် ထားသင့်သည်။ ပါတီ စတင် တည်ထောင်ခဲ့ချိန်မှ စ၍ ဥပဒေများကို လေးစား လိုက်နာမည် ဖြစ်ကြောင်း ဝန်ခံချက်များ လက်မှတ်ထိုး ထားကြသည်။ နားပူမခံနိုင်ပါဘူး။ ကျောပူတာပဲ လိုက်ချင်သည် ဆိုလျှင်ဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံမှ နိုင်ငံရေးပါတီများကို ကြီးကြပ်ခြင်း တာဝန်ကို ရုပ်သိမ်းပေးဖို့ ဥပဒေပြု အဖွဲ့အစည်းများကို တိုက်တွန်းသင့်လှသည်။ ထိုအခါတွင် ပါတီများ မှတ်ပုံတင်ခြင်းသည် အသင်းအဖွဲ့ဆိုင်ရာ ဝန်ကြီးဌာနနှင့် သက်ဆိုင်ပြီး ကြီးကြပ်ခြင်းသည် တည်ဆဲဥပဒေ အတိုင်းသာ နာခံဖို့ရှိသည်။ ဖောက်ဖျက် ကျူးလွန်က တရားရုံးတွင် ရင်ဆိုင် ပြစ်ဒဏ်ကျခံနိုင်သည်။ ရွေးကောက်ပွဲ ကော်မရှင် အတွက်လည်း ပခုံးတစ်ဖက်တွင် ဝန်ပေါ့သွားသဖြင့် ရွေးကောက်ပွဲ တာဝန် တစ်ခုတည်းကိုသာ စုံပခုံးဖြင့် နိုင်နိုင်နင်းနင်း ထမ်းရွက်ရပါလျှင် အဘယ်မျှ ကောင်းခြိမ့်မည်နည်း။
မည်သို့ပင်ဆိုပါစေ လုပ်ငန်းပိုင်း ဆိုင်ရာ ကိစ္စများတွင်မူ ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများသည် ကင်းကွာ၍ မရချေ။ သတိပြုမိပါလျှင် ယနေ့ ရွေးကောက်ပွဲ ကော်မရှင်သည် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင်ဖြစ်စေ၊ နည်းဥပဒေ ပြင်ဆင်ရာတွင် ကျင့်ဝတ် (ethics) ရေးဆွဲရာတွင် ဖြစ်စေ တစ်ဖက်သတ် မလုပ်ဘဲ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းကာ အကြံဉာဏ် တောင်းလေ့ရှိခြင်း၊ အကြံပြုချက်များကို အလေးထား လက်ခံခြင်းဟူသော ဆက်ဆံရေး ယဉ်ကျေးမှုပုံစံ အသစ်တစ်ခုကို ကျင့်သုံးလျက် ရှိကြောင်း တွေ့ရပေမည်။ ဥပမာအားဖြင့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးကို ကျပ်ငါးသိန်းမှ သုံးသိန်းသို့ လျှော့ချပေးခြင်း၊ မဲဆွယ် စည်းရုံး ကာလကို ရက်ပေါင်းသုံးဆယ်မှ ခြောက်ဆယ်သို့ တိုးမြှင့်ပေးခြင်း၊ မဲဆန္ဒရှင် ပညာပေးရေးနှင့် စောင့်ကြည့် လေ့လာရေး လုပ်ငန်းကို အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့် နှစ်ခုစလုံးကိုဖြစ်စေ၊ ကြိုက်နှစ်သက်ရာ တစ်ခုကိုဖြစ်စေ ဆောင်ရွက်ခွင့်ပြုခြင်း စသည်တို့သည် ဆက်ဆံရေး ယဉ်ကျေးမှု ပုံစံသစ်၏ ရလဒ်များဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥ ပဒေ၊ နည်းဥပဒေများကို နိုင်ငံရေး ပါတီများသို့ အခမဲ့ တစ်စုံစီ ဖြန့်ဝေပေးခဲ့သည်။ ထို့အပြင် ဥပဒေနှင့် နည်းဥပဒေ အားလုံး ပါဝင်သော စီဒီတစ်ချပ်ကိုလည်း လိုအပ်သလို ပွားယူနိုင်ရန် နိုင်ငံရေး ပါတီတိုင်းကို ပေးထားပြီး ဖြစ်သည်။ ရည်ရွယ်ချက်မှာ နိုင်ငံရေး ပါတီဝင်များသည် ဥပဒေ၊ နည်းဥပဒေများကို သိရှိပြီး ဥပဒေ၏ အကာကွယ်ကို ရယူရန်၊ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာ ကျင့်သုံးရန်နှင့် အကယ်၍ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များက ဥပဒေနှင့်မညီခဲ့လျှင် ထောက်ပြနိုင်ရန် ဖြစ်သည်။ တစ်ဖန် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုလည်း ဖော်ပြပါ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များကို ထုတ်ဝေ ပေးထားသည်။ ကော်မရှင် အဖွဲ့ခွဲဝင်တို့ အနေဖြင့်လည်း ဥပဒေနှင့်အညီ တာဝန် ထမ်းဆောင်ကြစေရန် ဖြစ်သည်။ လိုအပ်နေသေးသည်မှာ မဲဆန္ဒရှင် ပြည်သူများလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လေ့လာ သိရှိနိုင်ရန် ယင်းစာအုပ်များကို ဆိုင်တင် ရောင်းချပေးရေး၊ အောက်ခြေ ကော်မရှင် အဖွဲ့ခွဲများကို သင်တန်း ပေးရေးနှင့် ၄င်းတို့သည် စေတနာ့ ဝန်ထမ်းများ ဖြစ်သဖြင့် သင့်တင့် လျောက်ပတ်သော ထောက်ပံ့မှု (Incentive) ချီးမြှင့်ရေးတို့ ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်၏ ဤဆောင်ရွက်ချက်များကို တရားမျှတသော ရွေးကောက်ပွဲကို ကြည့်ရှုသည့် Fair play များအဖြစ် ရှုမြင်နိုင်သည်။
အချုပ်အားဖြင့် ရွေးကောက်ပွဲ ကော်မရှင်သစ်၏ ဆောင်ရွက်ချက်များကို ပြန်ကြည့်လျှင် ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးခဲ့ခြင်း၊ မဟာဗျူဟာ စီမံကိန်း (၂ဝ၁၄-၂ဝ၁၈) ချမှတ်ခြင်း၊ ရှေ့ပြေး အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ထို့နောက် ယင်းစမ်းသပ်မှုကို အခြေခံလျက် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကို မျှော်မှန်းကာ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့်ကွန်ပျူတာထဲသို့ အချက်အလက် ထည့်သွင်းခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည် ဖော်နေခြင်း၊ ၄င်းလုပ်ငန်းမှတစ်ဆင့် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို Online တွင် ကြည့်ရှုနိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ခြင်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မကြာခဏတွေ့ဆုံကာ နည်းဥပဒေ ပြင်ဆင်ရေး၊ ကျင့်ဝတ် ရေးဆွဲရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်း မြင်သာစွာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရှေ့ပြေး အခြေခံမဲဆန္ဒရှင် စာရင်းပြုစုရာတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပထမအကြိမ် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း၊ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် ပညာပေးရေးကို အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ၊ ရုပ်ရှင်ဂီတ အနုပညာရှင်များ၊ မီဒီယာများ၊ အထူးသဖြင့် တိုင်းရင်းသား ပြည်နယ်များတွင် BRIDGE 
(Building Resources in Democracy, Governance and Election) သင်တန်းဆင်း ဆရာများ၏ အားဖြင့် ကျယ်ပြန့်စွာ လုပ်ဆောင်ရန် စီမံလျက်ရှိခြင်း၊ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကို အကဲခတ်လေ့လာ ဆန်းစစ်နိုင်ရန် ရေရှည်/ရေတို နိုင်ငံတကာ လေ့လာသူများနှင့် ပြည်တွင်း စောင့်ကြည့် လေ့လာသူများကို ဖိတ်ခေါ်သွားမည် ဖြစ်ခြင်း၊ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် IFES, EU, DIPD, ANFERL, NDI, IRIစသည့် နိုင်ငံတကာ အထောက်အကူပြု အဖွဲ့အစည်းများနှင့် လည်းကောင်း၊ ဆွစ်ဇာလန်သံရုံးနှင့် လည်းကောင်း ပူးပေါင်း ဆောင်ရွက်လျက် ရှိခြင်း အစရှိသည့် အခိုင်အမာ ပြသနိုင်သော လုပ်ဆောင်ချက်များကို ထင်ထင်ရှားရှား တွေ့ရမည်ဖြစ်သည်။
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကို အထင်မျှဖြင့် အဆိုး မဝေဖန်သင့်ချေ။ အမြင်ဖြင့်သာ အကောင်းအဆိုး ပိုင်းခြားမှု ပြုသင့်ပေသည်။ ထို့အတူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကို လုပ်ငန်း မှတ်ကျောက် မတင်ရသေးဘဲ အမွမ်း မတင်သင့်ချေ။ လက်တွေ့ မှတ်ကျောက် တင်ပြီးမှသာ ချီးမွမ်းခြင်း၊ ရှုတ်ချခြင်း ပြုသင့်ပေသည်။

No comments:

Post a Comment