Home

Thursday, February 5, 2015

အထင်ကရသူရဲကောင်း



 
ပထမ မြန်မာနိုင်ငံတော်ကို ပုဂံခေတ်တွင် အနော်ရထာမင်းကြီးက စုစည်း တည်ထောင်ခဲ့သည်။ ဒုတိယ မြန်မာနိုင်ငံတော်ကို တောင်ငူခေတ်တွင် ဘုရင့်နောင် မင်းတရားကြီးက စုစည်း တည်ထောင်ခဲ့သည်။ တတိယမြန်မာ နိုင်ငံတော်ကို ကုန်းဘောင်ခေတ်တွင် အလောင်း မင်းတရားကြီးက စုစည်း တည်ထောင်ခဲ့သည်။

အလောင်းမင်းတရားကြီး စုစည်း တည်ထောင်ခဲ့သော မြန်မာနိုင်ငံတော်ကို ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက် သီပေါမင်း လက်ထက် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်နေ့တွင် နယ်ချဲ့တို့က အပြီးအပိုင် သိမ်းပိုက်ခဲ့ရာ နှစ်ပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့ပေသည်။ မြန်မာတို့ သူ့ကျွန်ဘဝသို့ ရောက်ရှိခဲ့ချိန်တွင် မျိုးချစ်စိတ်ဓာတ် ထက်သန်သော မြန်မာမျိုးချစ်များက ရရာ လက်နက်စွဲကိုင်ပြီး ပြန်လည် တွန်းလှန်ခဲ့သော်လည်း အားမတန်သဖြင့် မာန်လျှော့ခဲ့ရသည်။ သို့သော် ဒုတိယကမ္ဘာစစ် ကာလတွင် မြန်မာ နိုင်ငံတော်ကြီးကို ပြန်လည် စုစည်း၍ ကျူးကျော်သူ နယ်ချဲ့တို့အား တိုက်ထုတ်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်း စွမ်းဆောင်ခဲ့သော လွတ်လပ်ရေး ဗိသုကာဟု ခေါ်ဆိုထိုက်သည့် ပုဂ္ဂိုလ်မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းအား စတုတ္ထ မြန်မာနိုင်ငံတော်ကြီးအား ပြန်လည် စုစည်း တည်ထောင်ခဲ့သူဟု တင်စား ခေါ်ဆိုကြပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်တန်းဒေသ ပင်လုံမြို့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အခိုင်အမာ ဖော်ညွှန်း ပြသနိုင်ခဲ့သော ပင်လုံ စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ရှမ်း၊ ချင်း၊ ကချင် အစရှိ သည့် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်လျက် လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ကရင်၊ ကရင်နီ (ကယား) တိုင်းရင်းသား ကိုယ်စားလှယ်များက လေ့လာသူ အဖြစ် တက်ရောက်ခဲ့သည်။ ထိုပင်လုံစာချုပ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး၏ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး မော်ကွန်း မှတ်တိုင် ဖြစ်ခဲ့သည်။ ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် ကမ္ပည်း မော်ကွန်းတင်စေခဲ့သည်။
မြန်မာနိုင်ငံသမိုင်းတွင် ပြည်ထောင်စုနေ့ အဖြစ် မော်ကွန်းတင်ခဲ့သည့် ထိုနေ့ မတိုင်ခင်ကာလ ၃၂ နှစ်အကြာ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် (စနေနေ့)တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြည်ထောင်စုကမ္ပည်း မော်ကွန်းအား ဦးဆောင် ရေးထိုးမည့် ပုဂ္ဂိုလ်တစ်ဦးကို မြန်မာနိုင်ငံ မြေလတ် ဒေသ နတ်မောက်မြို့တွင် အဖ ရှေ့နေ ဦးဖာ၊ အမိ ဒေါ်စုတို့က မွေးဖွား သန့်စင်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာ့သမိုင်းတွင် နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ဟု အထင်အရှား ပေါ်ထွန်းလာခဲ့သည်။
ထိုနေရာတွင် အဆိုပါ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ဟု သတ်မှတ်ထားသည်မှာ လွန်စွာ လျော်ကန် သင့်မြတ် လှပါပေသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံသမိုင်းအား အထင်အရှား ရေးထိုးနိုင်မည့် မြန်မာမျိုးချစ် ကလေးငယ် တစ်ဦးအား ထိုနေ့တွင် နတ်မောက် မြို့၌ မွေးဖွားခဲ့သဖြင့် မြန်မာတို့အနေဖြင့် ကလေးများနေ့ကို ဂုဏ်ယူ ဝင့်ကြွားဖွယ် အသိအမှတ် ပြုကြမည် ဖြစ်သည်။
နတ်မောက်မြို့တွင် မွေးဖွားခဲ့သော မောင်အောင်ဆန်းမှာ သူ့ကျွန်မခံလိုသူ မင်းကြီး ရွှေလရောင်ဘွဲ့ခံ မြန်မာ့ တော်လှန်ရေး ခေါင်းဆောင် ဗိုလ်မင်းရောင်၏ မြေး ဖြစ်သည်။ ဘမျိုးဘိုးတူ နယ်ချဲ့ကို ရဲရဲဝံ့ဝံ့ တွန်းလှန်မည့် ကလေးငယ် မောင်အောင်ဆန်းသည် ငယ်စဉ်ကတည်းက မဟုတ်မခံ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူ ဖြစ်သည်။ မောင်အောင်ဆန်း ဇာတာအမည်မှာ စနေသား ဖြစ်၍ ထိန်လင်းဟု မှည့်ခေါ်ထားသော်လည်း အစ်ကိုဖြစ်သူကို အောင်သန်းဟု အမည်ပေးထားသဖြင့် ညီငယ်ဖြစ်သူ ထိန်လင်းကိုလည်း အောင်ဆန်းဟုသာ မှည့်ခေါ်လိုက်ကြသည်။
မောင်အောင်ဆန်း အသက် ခုနစ်နှစ်အရွယ်သို့ ရောက်သည့် ၁၉၂၂ ခုနှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းတွင် စတင် ပညာ သင်ကြားခဲ့ရသည်။ အောင်ဆန်းသည် ငယ်စဉ် ပညာ သင်ကြားရာ၌ အတန်းတိုင်းတွင် ပထမရသည်။ ကျောင်းတွင် ပြုံးရွှင်ရယ်မော နောက်ပြောင်ခြင်း မရှိ၊ အမြဲတမ်း ရှုသိုးသိုးနှင့် နေတတ်ပြီး မုသား စကားမပြော၊ ကျောင်းသား ချင်းလည်း ရန်ဖြစ်လေ့မရှိ။ သို့နှင့် ၁၉၂၈ ခုနှစ်တွင် ဦးသောဘိတကျောင်းမှ ဆဋ္ဌမတန်း အောင်မြင်လေသည်။
သတ္တမတန်း တက်ရမည့် (၁၃) နှစ်သား အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် ပြောင်းရွှေ့ ပညာ သင်ကြား ခွင့်ပြုရန် မိဘများအား ပူဆာလေသည်။ ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အစ်ကိုကြီး ဦးဘဝင်းမှာ ကျောင်းဆရာ ဖြစ်နေသည်။ မိဘများ အနေဖြင့် မြို့ရွာခြား၍ သားငယ်အား ပို့မထားလိုချေ။ သားငယ် အောင်ဆန်းမှာ အသက် (၁၃) နှစ်သာရှိသဖြင့် ငယ်သေးလှသည်။ ထို့ကြောင့် သားငယ်၏ ကျန်းမာရေးမှ အစ မိဘများက ပူပန်မိသဖြင့် နတ်မောက်တွင်ပင် ပညာသင်ကြားရန် အဖ ဦးဖာက ပြောသည်။ မိခင်ဒေါ်စု က နားချသည်။ ခေါင်းမာတတ်သော အောင်ဆန်းမှာ မိဘများ ဖျောင်းဖျသည်ကို လက်မခံ၊ ရေနံချောင်း အမျိုးသားကျောင်း မနေရလျှင် ထမင်းမစားတော့ဟု ဆိုလာလေသည်။ ထိုအခါ မိဘများမှာ သားငယ်အား အလျှော့ပေး၍ ရေနံ ချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် ပညာသင်ရန် ခွင့်ပြုရတော့သည်။
ရေနံချောင်း အမျိုးသား ကျောင်းတွင်လည်း မောင်အောင်ဆန်း၏ ပညာရည် မှတ်တမ်းမှာ ထိပ်တန်းတွင်ပင် ရှိသည်။ ၁၉၃၂ ခုနှစ်တွင် ထိုကျောင်းမှပင် ဆယ်တန်း အောင်လေသည်။ မောင်အောင်ဆန်းသည် တောက်မည့်မီးခဲ တရဲရဲ ဟုဆိုရမည်။ ဆယ်တန်းကို မြန်မာဘာသာနှင့် ပါဠိဘာသာ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ အောင်ဆန်း၏ ထက်မြက်သော ပညာစွမ်းသည် အနာဂတ် မြန်မာနိုင်ငံ ခရီးအတွက် လင်းလက်နေသည်။ ထိုနှစ်တွင်ပင် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားရသည်။ မောင်အောင်ဆန်း ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားချိန်သည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး အတွက် အချိန်အခါကောင်း ဖြစ်သည်။ ကျောင်းသား လူငယ် မျိုးချစ်များမှာ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား လွတ်မြောက်ရေး အားမာန်များ နိုးကြားစအချိန် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် အမျိုးသားရေး စိတ်ဓာတ် ထက်သန်သော ကျောင်းသားကြီးများနှင့်လည်း ဆုံတွေ့ ပေါင်းဖက်ခဲ့ရသည်။ စီနီယာကျသော နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်ရှိသူ ကျောင်းသားကြီးများနှင့် လက်တွဲခဲ့ရခြင်း သည်လည်း မောင်အောင်ဆန်း အတွက် တွန်းအားတစ်ရပ် ဖြစ်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မောင်အောင်ဆန်း ဥပစာတန်း အောင်သည်။ အတတ၊ ရှုသိုးသိုး မျက်နှာပေါက်နှင့် စကားနည်းသော မောင်အောင်ဆန်းကို လူသိနည်းသည်။ ကျောင်းသား အများစုက လူ့ခွစာ၊ ဘုသမားဟု ထင်မှတ်ကြသည်။ ကျောင်းသား အများစုက မည်သို့ပင် ထင်မှတ်ကြသည် ဖြစ်စေ မောင်အောင်ဆန်းမှာ တက္ကသိုလ်မှ ပေးအပ်သော စည်းရုံးရေး တာဝန်ကို ထမ်းဆောင်ခဲ့ရာမှ ကျောင်းသားထုနှင့် ရင်းနှီး ကျွမ်းဝင်ခဲ့သည်။ တက္ကသိုလ်တွင် အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ လုပ်သည်။ အယ်ဒီတာ ကိုအောင်ဆန်းက ညိုမြနှင့် ပေါင်းပြီး နယ်ချဲ့တို့ကို သရော်သည့် ဆောင်းပါးတို့ကို အိုးဝေမဂ္ဂဇင်းတွင် ထည့်သွင်း ဖော်ပြခဲ့သောကြောင့် ကိုအောင်ဆန်း ကျောင်းထုတ်ခံရသည်။
တက္ကသိုလ် ကျောင်းသားဘဝ ကိုအောင်ဆန်းမှာ ခက်ခဲ ကြမ်းတမ်းလှသည်။ အဆောင်သို့ပင် မပြန်ဘဲ တက္ကသိုလ်တွင်ပင် ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုအိပ်သည်။ အိပ်ပြန်လျှင်လည်း ခေါင်းအုံးမရှိ၊ ဖျာမရှိ၊ စောင်မရှာ၊ စာအုပ် သုံးလေးအုပ်ကို ခေါင်းအုံးပြီး ကွေးကွေး အိပ်တတ်သည်။ ကိုအောင်ဆန်း တစ်ယောက် ဖြစ်ကတတ်ဆန်း အိပ်တတ်ပုံကို ကရုဏာသက်၍ စောင်၊ ခေါင်းအုံး၊ ဖျာပေးလာလျှင်လည်း လက်မခံတတ်ချေ။ ကိုအောင်ဆန်းမှာ စကားအပိုမပြော၊ မကြွားမဝါ၊ ပြောသည့်အတိုင်း လုပ်ပြီး လုပ်သည့် အတိုင်းလည်း ပြောတတ်သည်။ ထိုသို့တက္ကသိုလ် ကျောင်းသားဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ရင်း ၁၉၃၇ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံ၊ ဥရောပရာဇဝင်၊ အင်္ဂလိပ် ဘာသာစာပေတို့ဖြင့် ဘီအေစာမေးပွဲကို အောင်မြင်ခဲ့သည်။
ထိုအချိန်တွင် တို့ဗမာအစည်းအရုံးကလည်း ကိုအောင်ဆန်းအား လွတ်လပ်ရေး တိုက်ပွဲဝင်ရန် နှိုးဆော်လျက် ရှိသည်။ ၁၉၃၈ ခုနှစ်တွင် ဥပဒေ ကျောင်းသား ကိုအောင်ဆန်းသည် တက္ကသိုလ် ကျောင်းပရဝဏ်ကို ကျောခိုင်း လိုက်သည်။ သူသည် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်ရန် အပြောကျယ်သော နိုင်ငံရေး ပင်လယ်ကို ခရီးနှင်တော့သည်။ ဤနေရာတွင် တို့ဗမာအစည်းအရုံး နာယကကြီး သခင် ကိုယ်တော်မှိုင်း၏ စည်းရုံး ကြိုးပမ်းမှုကြောင့် ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းမှ တို့ဗမာ အစည်းအရုံး ခေါင်းဆောင် သခင် အောင်ဆန်း ဖြစ်လာသည်။ ထိုနှစ်တွင်ပင် မြန်မာ့နိုင်ငံရေး သမိုင်း၌ အရေးအကြီးဆုံး လှုပ်ရှားမှုကြီး ဖြစ်လာသည်။ မြန်မာ့နိုင်ငံရေး လှိုင်းတံပိုးကြီးမှာ အံ့မခန်း ရှိတော့သည်။ ၁၉၃၉ ခုနှစ်တွင် သခင်အောင်ဆန်းအား မြန်မာ့ လွတ်လပ်ရေး အတွက် ပြည်ပသို့ သွားရောက်၍ အကူအညီယူရန် စေလွှတ်ခြင်း ခံရသည်။
၁၉၄ဝ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့တွင် သခင် အောင်ဆန်းနှင့် သခင် လှမြိုင်တို့သည် မြန်မာ့ လွတ်လပ်ရေး အတွက် ဟိုင်လီသင်္ဘောဖြင့် အမွိုင်မြို့ (တရုတ်ပြည်)သို့ စတင် ထွက်ခွာခဲ့သည်။ ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထို့နောက် မတ်လ ၁ဝ ရက်နေ့တွင် လူငယ် စစ်ပညာသင် (၃ဝ) ရဲဘော် သုံးကျပ်ကို ပထမအသုတ် ခေါ်ယူလျက် ဂျပန်နိုင်ငံသို့ ပြန်သွားခဲ့သည်။ ထို့နောက် စစ်ပညာများ သင်ကြားလျက် ရဲဘော် သုံးကျိပ်တို့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ လက်မောင်းသွေး ဖောက်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် သစ္စာဆိုခဲ့ကြသည်။ ထိုနေ့တွင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကြီးကို ဗန်ကောက်မြို့၌ သမိုင်းဝင် ဖွဲ့စည်းခဲ့သည်။
၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သခင်အောင်ဆန်း (ဗိုလ်တေဇ) ခေါင်းဆောင်သော မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကြီးသည် သုံးရောင်ခြယ် အလံတော်ကြီးကို လွှင့်ထူလျက် ရန်ကုန်မြို့ကို ချီတက် သိမ်းပိုက်ခဲ့သည်။ ထိုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် သူနာပြု ဆရာမလေး မခင်ကြည်နှင့် ရန်ကုန်မြို့တွင် အိမ်ထောင်ပြုခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဖက်ဆစ် တော်လှန်ရေး တိုင်းကြီး ၁ဝ တိုင်းကို ခွဲဝေ တာဝန် ပေးအပ်ကြသည်။ ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက် နေ့တွင် မြန်မာ့ ကာကွယ်ရေး တပ်မတော်၏ တော်လှန်ရေး တပ်ထွက်ပွဲကို ရွှေတိဂုံစေတီတော် အနီး မြေကွက်လပ်တွင် ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် မြင်းစီး တက်ရောက်၍ တော်လှန်ရေး မိန့်ခွန်းကို တိုတိုပြတ်ပြတ် မိန့်ကြားခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာ့ ကာကွယ်ရေး တပ်မတော်က ဖက်ဆစ်တို့အား မြန်မာပြည် တစ်ဝန်းလုံးတွင် တော်လှန် တိုက်ထုတ်နိုင်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး၏ အုတ်မြစ်ဖြစ်သော အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ အဖွဲ့ လန်ဒန်မြို့သို့ ထွက်ခွာသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် အရေးပါသော အောင်ဆန်း- အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုစာချုပ်တွင် ရွေးကောက်ပွဲ ကျင်းပရေး၊ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေး၊ နယ်စပ်ဒေသ တိုင်းရင်းသားများ ရေး၊ မြန်မာ့ လွတ်လပ်ရေး ကြေညာရေး စသော အရေးကြီးသည့် အချက်များ ပါဝင်သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး တိုင်းရင်းသား ခေါင်းဆောင်များ စုပေါင်းပါဝင် လက်မှတ် ရေးထိုးခဲ့သည့် သမိုင်းဝင် ပင်လုံစာချုပ်ကို မော်ကွန်းတင်ကာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အခိုင်အမာ ပြဆိုနိုင်ခဲ့သည်။ ထို့နောက် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဗိုလ်ချုပ် အောင်ဆန်းက တင်သွင်း၍ ယင်းဥပဒေကို ညီညီ ညွတ်ညွတ် ထောက်ခံ အတည် ပြုခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ ရှေ့၌ ပြည်သူလူထုအား ဗိုလ်ချုပ်အောင်ဆန်းက နောက်ဆုံး မိန့်ခွန်း ပြောကြားခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား မသမာသူ လူတစ်စု၏ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ယင်းတို့မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားတန်ဖိုး မြတ်နိုးထားရာ အကြောင်းအရာ အကျဉ်းဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ငယ်စဉ် ကလေးဘဝမှ ကွယ်လွန်ချိန်အထိ ဗိုလ်ချုပ် ဖြတ်သန်း ခဲ့သော ဘဝပုံရိပ်၊ လွတ်လပ်ရေး အတွက် ကြိုးပမ်း အားထုတ်ပုံများကို မကြာမီ ကျရောက်မည့် ဖေဖော်ဝါရီလ ၁၃ ရက် ကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ယနေ့ လူငယ်လူရွယ်များ အောက်မေ့ သတိရစေလိုရင်း ဖြစ်ပါသည်။
ဗိုလ်ချုပ်၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းမှု၊ မျိုးချစ် စိတ်ဓာတ် ထက်သန်ပြီး ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင် တွန်းလှန်ခဲ့မှု၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့မှုနှင့် လွတ်လပ်ရေး တောင်းဆိုရာတွင် ထိပ်တိုက် ရင်ဆိုင်မှု နည်းလမ်းများ ကိုရှောင်ရှား၍ အမျိုးသား နိုင်ငံရေး အင်အားစုများ ပါဝင်အောင် စေ့စပ်ညှိနှိုင်း အဖြေရှာပြီး လွတ်လပ်ရေး ရရှိအောင် ဦးဆောင် ကြိုးပမ်း ဆောင်ရွက်နိုင်မှု များကို သုံးသပ်သိရှိပြီး ''အောင်ဆန်း စိတ်ဓာတ်၊ အောင်ဆန်း သတ္တိ၊ အောင်ဆန်း ဇွဲမာန်''တို့ကို အတုယူ အားကျ စံပြုစေလိုသော စေတနာများ တိုးပွား စေလိုသောကြောင့် ဖြစ်ပါသည်။ ။
အညတရ

No comments:

Post a Comment