Home

Thursday, February 5, 2015

ပြည်သူ့ရင်ပြင် ညနေခင်းမှ (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ပွဲတော်

မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက် မတူကွဲပြားစွာဖြင့် ပြည်ထောင်စုကြီးအတွင်း အတူတကွ စုစည်း နေထိုင်ကြပြီး ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ အမျိုးသားရေးပွဲတော်များကို အစဉ်လာမပျက် ဆင်နွှဲလေ့ရှိသည့်အပြင် ယုံကြည်ရာ ဘာသာကိုလည်း လွတ်လပ်စွာဖြင့် ကိုးကွယ်ခွင့်ရရှိကြသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား လူမျိုးပေါင်းစုံအနက်မှ မွန်တိုင်းရင်းသား၊ မွန်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားနှင့် မွန်ရိုးရာ ယဉ်ကျေးမှု ပဒေသာ ကပွဲကို ယနေ့ ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် တွင် တတိယအကြိမ်မြောက် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အမျိုးသားရေး စိတ်ဓာတ်နိုးကြားသော မွန်လူမျိုးများစုစည်းကာ ၁၉၄၆ ခုနှစ်က လူထုအစည်းအဝေး တစ်ရပ်ကျင်းပပြီး အဆိုပါအစည်းအဝေးမှ သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ်၊ အေဒီ ၉၇၃ ၊တပို့တွဲလပြည့်ကျော် (၁)ရက် တနင်္လာနေ့တွင် မွန်ဘုရင် သမလ၊ဝိမလ ညီနောင်နှစ်ပါးတို့သည် သိကြားမင်း၏ အကူအညီဖြင့် ဟံသာဝတီပဲခူးမြို့ကို စတင်တည်ထောင်သည့်နေ့ကိုမှတ်ယူပြီး နှစ်စဉ် တပို့တွဲလပြည့် ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ထိုအချိန်မှ စ၍ မွန်အမျိုးသားနေ့အခမ်းအနားကို မွန်တို့နေထိုင်ရာ ဒေသအသီးသီး၌ ကျင်းပလာခဲ့ရာ ယနေ့တိုင်ပင်ဖြစ် သည်။
''ရန်ကုန်မြို့မှာနေတဲ့ မွန်အမျိုး သားတွေကို တစ်နေရာတည်းမှာ တစုတစည်းနဲ့ တစည်းတလုံး တည်းဖြစ်အောင် တွေ့စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။တစ်ယောက်နဲ့ တစ်ယောက် အမြဲ ထိတွေ့နေမှ ဆုံစည်းနေမှ စည်းလုံး ချစ်ခင်မှုပိုရမယ်လေ။ ဒါ့ကြောင့် တစ်နှစ်တစ်ခါ ဆုံစည်းဖြစ်အောင်လုပ် တာပါ''ဟု (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဖေတင်က ပြောသည်။
မွန်တိုင်းရင်းသားတို့သည် ဘီစီ ၂ဝဝဝ၊ လွန်ခဲ့သောနှစ်ပေါင်း ၄ဝဝဝ ကျော်ကတည်းက မြန်မာနိုင်ငံအတွင်း ရောက်ရှိလာကြပြီး မြန်မာနိုင်ငံ အနှံ့အပြား နေထိုင်ခဲ့ကြကြောင်း သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ရေးသားသည့် ခေတ်ဟောင်း ရာဇဝင် အရသိရသည်။
မွန်လူမျိုးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် လည်း တခြားသောတိုင်းရင်းသားများ နှင့် အတူတကွ ပူးပေါင်း၍ တိုက်ပွဲဝင်ခဲ့ကြရာတွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ ဘာသာ သာသနာအရာ တွင်လည်း မြန်မာနိုင်ငံ၏ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံစေတီ တော်ကြီး တည်ထားကိုးကွယ်ရန် မွန်ညီနောင်နှစ်ဦးဖြစ်သော တဖုဿ နှင့်ဘလ္လိက ညီနောင်နှစ်ပါးက မြတ်စွာ ဘုရား၏ ဆံတော်ရှစ်ဆူကို သယ် ဆောင်လာခဲ့ကြောင်း သမိုင်းမှတ်တမ်း များအရ သိရသည်။
စာပေယဉ်ကျေးမှုအရလည်း မွန်ပညာရှိများက အေဒီ ၅ ရာစုခန့်က အိန္ဒိယတောင်ပိုင်းမှ ပလ္လဝအက္ခရာ ကိုအခြေခံပြီး ကိုယ်ပိုင်စာပေကိုယ်ပိုင် အက္ခရာအဖြစ် တီထွင်အသုံးပြုခဲ့ကြ ကြောင်း အဆိုပါအခမ်းအနားမှသိရ သည်။
မွန်အမျိုးသားနေ့ အခမ်းအနား တွင် မွန်ရိုးရာအစားအသောက်များ၊ အဝတ်အစား အသုံးအဆောင်များကို ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချထား သည့်အပြင် ခင်းကျင်းပြသထားသည့် မွန်နောက်ခံသမိုင်းကြောင်းပြခန်း ကလည်း စိတ်ဝင်စားဖွယ်ကဏ္ဍတစ်ခု ဖြစ်နေပြန်သည်။ ထို့ပြင် မွန်ပြည်နယ်မှ နာမည်ကျော် ဇာတ်အဖွဲ့နိုင်ငံတော် ရွှေတံဆိပ် (၂) ဆုရှင် ဆာန်ညီဆာန် မွန်ဇာတ်အဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ ကြည့်ရှုသူများ အကြိုက်တွေ့နေခဲ့သည်။
ပြည်သူ့ရင်ပြင်အတွင်း ညတစ်ည၏ အေးချမ်းသာယာ လှပမှုနှင့်အတူ မွန်တိုင်းရင်းသားတို့၏ စည်းချက်ညီစွာ တီးခတ်လိုက်သော တေးဂီတသံစဉ်များ၊ အလှည့်ကျ ကပြဖျော်ဖြေနေသော မွန်တိုင်းရင်းသား၊ တိုင်းရင်းသူတို့၏ အကအလှများက ကြည့်ရှုနေသူများ၏ ရင်တွင်းသို့ အေးချမ်းပျော်ရွှင်မှုများနှင့်အတူ မွန်တို့၏ အနုပညာထဲတွင် စီး မျောနေအောင် ဖမ်းစားထားနိုင် ပေသည်။
မွန်အမျိုးသားနေ့ ကျင်းပရာ အခမ်းအနားသို့ မွန်တိုင်းရင်းသူ၊ တိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှု ဝတ်စုံများ ဝတ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ ဆင်နွဲကြသည့်အပြင် အခြား တိုင်းရင်းသားများလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်ကို တွေ့မြင်ခဲ့ရသည့်အတွက် တိုင်းရင်း သားများပေါင်းစုစည်းသည့်ပွဲဟု ဆိုရမလိုပင်ဖြစ်သည်။
''အခုလို တိုင်းရင်းသားရိုးရာ ပွဲတော်အသီးသီးကို အေးအေးချမ်းချမ်း ကျင်းပနိုင်တာ ငြိမ်းချမ်းရေးကြောင့်ပေါ့၊ ငြိမ်းချမ်းမှုမရှိရင် တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မှာမဟုတ်ဘူး။ မတူတာတွေကို အတူဆုံးဖြစ်အောင် ညှိနှိုင်း လုပ်ဆောင်ကြမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။နိုင်ငံတော်မှာ လည်းအခုဆို ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေလုပ်နေတာ ဝမ်းသာစရာပေါ့ဗျာ''ဟု မွန်တိုင်းရင်းသား ဦးနိုင်စိုးအောင်က ပြောသည်။
ငြိမ်းချမ်းခြင်းသည် ပျော်ရွှင်ခြင်းကို ပေးစွမ်းနိုင်သည် ဆိုသည့်အတိုင်း လူမျိုးပေါင်းစုံ စုစည်းနေထိုင်ပြီး မတူကွဲပြားသော ဓလေ့စရိုက်များ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အထိမ်းအမှတ် ပွဲတော်များ၊ သဘာဝ အလှအပများနှင့် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့် ပြည်ထောင်စု မြန်မာနိုင်ငံကြီးအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုး အသီးသီးတို့သည် မိမိတို့၏အခက်အခဲများ ပြဿနာများ ရင်ဆိုင်ကြုံတွေ့ လာသည့်အခါ တိုင်းရင်းသားအချင်းချင်း အတူတကွ လက်တွဲပူးပေါင်း အဖြေရှာခြင်းဖြင့် မြန်မာနိုင်ငံသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ထာဝစဉ် တင့်တယ်နေမည်သာ ဖြစ်ပါကြောင်း မွန်အမျိုးသားနေ့ အခမ်းအနားမှ ရေးသားလိုက်ရပါ သည်။


No comments:

Post a Comment