၁၈၂၄ခုနှစ်၊
၁၈၅၂ ခုနှစ် နှင့် ၁၈၈၅ ခုနှစ်တို့တွင် နယ်ချဲ့အင်္ဂလိပ်တို့က သယံဇာတမျိုးစုံ၊ ပတ္တမြားကျောက်သံ၊
စပါးကောက်နှံ အဆီအနှစ်ွင်္ကြယ်ဝသည့် မြန်မာနိုင်ငံကို သိမ်းပိုက်ရန် သုံးကြိမ်ကျူးကျော်တိုက်ခိုက်ခဲ့သည်။
မြန်မာတို့ကလည်း သူ့ကျွန်မခံ၊ တွန်းလှန်တိုက်ခိုက်ကာ သမိုင်းပြောင်ခဲ့ကြသည်။
တိုင်းရင်းသားဖြစ်သူတို့၏
မျိုးချစ်၊ ပြည်ချစ်စိတ်၊ ဇာတိသွေးဇာတိမာန်၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုများဖြင့်
လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့ကြသည်။
လွတ်လပ်ရေးကို
လက်တွေ့ကာယကံမြောက် မရမနေကြိုးပမ်းကြသော ၂ဝ ရာစု၏ ပထမတစ်ဝက် ကုန်လုအံ့အချိန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကို
ရိုးသားဖြောင့်မတ်တည်ကြည်စွာ စွန့်လွှတ်စွန့်စား နှလုံးရည်၊ လက်ရုံးရည်ဖြင့် ထူးခြားထက်မြက်စွာ
ဦးဆောင်ခဲ့သူမှာ သခင်အောင်ဆန်း၊ ဦးအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ မြန်မာနိုင်ငံကို
လွတ်လပ်ရေးမလွှဲမရှောင်သာ ပြန်ပေးရခါနီးအချိန် နယ်ချဲ့သမားသည် ဧရာဝတီမြစ်ဝှမ်း မြေပြင်လွင်ပြင်
တစ်လျှောက် (ယနေ့ တိုင်းဒေသကြီးခုနစ်ခု)ကိုသာကွက်ပြီး လွတ်လပ်ရေးပေးမည်၊ တိုင်းရင်းသားများ၏
တောင်တန်းဒေသများသည် ကိုယ့်ကိုယ်ကိုယ် မအုပ်ချုပ်တတ်သေးဟု တစ်ဖက်တွင် အကြောင်းပြု၊
အခြားတစ်ဖက်တွင် တိုင်းရင်းသားများအား ဗမာနှင့်အတူ လွတ်လပ်ရေးမယူဘဲ ဗြိတိသျှတို့ လက်အောက်မှာ
ဆက်နေရန် မက်လုံးမျိုးစုံပေးပြီး သွေးထိုးသွေးခွဲနေခဲ့ပေသည်။
၁၉၄၇
ခုနှစ် ဇန်နဝါရီလတွင် ဗြိတိသျှလေဘာပါတီ အစိုးရဝန်ကြီးချုပ် (နန်းရင်းဝန်)အက်တလီ၏ ဖိတ်ကြားချက်အရ
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့သွားရောက်၍ မြန်မာ့လွပ်လပ်ရေး
ဆွေးနွေးကာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုတော့ မည့်အချိန်တွင် ဗြိတိသျှအရာရှိများ၏
သွေးခွဲ၊ သွေးထိုးမှုဖြင့် စော်ဘွား အချို့က ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းတောင်တန်းကို
ကိုယ်စားမပြုဟု လန်ဒန်သို့ ကြေးနန်းရိုက်သည်။
ဗြိတိသျှတို့က
ဗိုလ်ချုပ်ကို ဗမာမြေပြန့်လွတ်လပ်ရေးကိုသာယူရန်၊ တောင်တန်းဒေသချန်ခဲ့ရန် စော်ဘွားတို့၏
ကြေးနန်းကိုပြကာ ဈေးဆစ်သည်။ ဗိုလ်ချုပ်က နိုင်ငံတစ်ဝန်း (ဗြိတိသျှတို့ ၁၈၈၅ ခုနှစ်တွင်
သိမ်းယူသွားသော နယ်နိမိတ်အားလုံး) လွတ်လပ်ရေးပေးရန် တောင်းဆိုသည်။ ရှမ်းတိုင်းရင်းသား
မျိုးချစ်လူငယ်များက တောင်ကြီးမြို့တွင် လူအင်အားသိန်းနှင့်ချီ၍ တက်ရောက်သော လူထုအစည်းအဝေးပွဲကြီး
ကျင်းပကာ ရှမ်းပြည်သူတစ်ရပ်လုံးသည် ဗမာနှင့်အတူ (အားလုံးနှင့်အတူ) လွတ်လပ်ရေးယူမည်၊
နယ်ချဲ့ဗြိတိသျှ အစိုးရအနေဖြင့် ယခုအချိန်မှစပြီး ရှမ်းပြည်နယ်က ထွက်သွားတော့ဟု ဆုံးဖြတ်ကြေညာကာ
ဗိုလ်ချုပ်အောင်ဆန်းတို့ ကိုယ်စားလှယ်အဖွဲ့အား ရှမ်းလူထုက ထောက်ခံကြောင်း လန်ဒန်သို့
ကြေးနန်းရိုက်ပို့ခဲ့သည်။
သို့ဖြင့်
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဗိုလ်ချုပ်သည်
ဘိလပ်မှအပြန် တောင်တန်းဒေသ များသို့ ကိုယ်တိုင်သွားရောက်ကာ တိုင်းရင်းသားတို့၏ လွတ်လပ်ရေး
ဆန္ဒ သဘောထားများ လေ့လာစူးစမ်းသည်။ စည်းရုံးသည်။ သုတေသီစာရေး ဆရာစံအောင်ရေးသားသည့်
''ညီညွတ်ရေး အရေးတော်ပုံ'' စာအုပ်၊ စာမျက်နှာ ၆၈ တွင် အောက်ပါအတိုင်းဖော်ပြထားသည်ကို
ဖတ်ရှုကြပါဘိ -
''ထိုအခါ
နန်းရင်းဝန်အက်တလီက (၎င်းတို့ကြို၍ မူလစီစဉ်ထားသော ပင်လုံညီလာခံအစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းအား
ဖိတ်ကြားရန် အစီအစဉ်လုံးဝမပါရှိ၊ မသက်ဆိုင်ဘဲ ဗြိတိသျှဘုရင်ခံတက်ရောက်ပြီး နယ်ခြား
ဒေသ ပြည်နယ်များသမဂ္ဂ အကောင်အထည်ဖော်ရေးအတွက် စီစဉ်ထားသော အစည်းအဝေးဖြစ်နေ၏) လာမည့်ဖေဖော်ဝါရီလထဲတွင်
စော်ဘွားများ ပင်လုံမြို့တွင် ညီလာခံအစည်းအဝေး ပြုလုပ်ရန် စီမံထားသည်ဟု သိရှိရ ကြောင်း၊
ဦးအောင်ဆန်းအနေဖြင့် ထိုအစည်းအဝေးတွင် မျက်နှာစုံညီ တက်ရောက်ပြီး ဆုံးဖြတ်ကြပါရန်
ပြောကြားရင်း ဗိုလ်ချုပ်အောင်ဆန်းအား နန်းရင်းဝန် အက်တလီက ဖိတ်ကြားလိုက်တော့၏။ အခြေအနေကား
စက္ကန့် တိုင်း၊ မိနစ်တိုင်းတွင် မမျှော်လင့်ဘဲ ပြောင်းလဲလျက်ရှိ၏။ နယ်ချဲ့သမားတို့သည်
¤င်းတို့အတွက် ကြိတ်၍ စီစဉ်အကွက်ချထားသော ပင်လုံအစည်းအဝေးသည် ဗိုလ်ချုပ်အောင်ဆန်းအတွက်
ပင်လုံအစည်းအဝေးအဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားရလေတော့သည်။''
ဗြိတိသျှတို့သည်
မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက် နယ်ချဲ့သိမ်းပိုက်စဉ်က အလောင်းမင်းတရားကြီး စုစည်းခဲ့သော
တတိယမြန်မာနိုင်ငံတော် နယ်နိမိတ်တစ်ခုလုံးကိုသိမ်းယူပြီး လွတ်လပ်ရေးပေးရန် မြန်မာတစ်ပြည်လုံး
အွုံကြွတောင်းဆို(ရာဇသံပေး)ခဲ့သဖြင့် ဆုံးဖြတ်ခဲ့ရသည့်တိုင် နိုင်ငံတော်ကို ပိုင်းစိတ်ခွဲခြမ်းပြီး
မြေပြန့်ဗမာများကိုသာကွက်၍ လွတ်လပ်ရေးပေးရန်၊ တိုင်းရင်းသားဒေသများခြွင်းချန်ခဲ့ရန်
အကွက်ချစီစဉ်ခဲ့သည်။ ရှမ်းစော်ဘွား အချို့ကို သိမ်းသွင်းကာ ဗမာနှင့်သွေးခွဲပေးခဲ့သည်။
တောင်ကြီးမြို့ ရှမ်းလူထု အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်ကြောင့်သာ ၎င်းတို့ စီစဉ်ထားသော
ပင်လုံ စော်ဘွားညီလာခံသို့ ဗိုလ်ချုပ်အား ဖိတ်လိုက်ရခြင်းဖြစ်သည်။
ပင်လုံတွင်သွေးခွဲခံ
စော်ဘွားများနှင့် ဗိုလ်ချုပ်ထိပ်တိုက်တွေ့စေချင်ပုံလည်းရသည်။ ထိုမျှမက တိုင်းရင်းသားတို့
ဆန္ဒကိုမေးမြန်းစုံစမ်းရန် ရီးစ်ဝီလျံနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ တိုင်းရင်းသားစုံဆန္ဒကို
တွေ့ဆုံမေးမြန်းခဲ့သည်။ မေးမြန်းရာ၌ ဗြိတိသျှအလိုကျ ''ဗမာနှင့်အတူ လွတ်လပ်ရေးမယူလိုပါ''ဟူသော
အဖြေရရန် ရေလာမြောင်းပေး မေးခွန်းများ ပေးခဲ့သည်။ ရိုးသား၍ ကျွန်ဘဝအနိဋ္ဌာရုံကို လက်တွေ့ခံစားနေရသည့်
တိုင်းရင်းသားတိုင်းက ''
ဗမာနှင့်အတူ
လွတ်လပ်ရေး ယူမည်''ဟု တူညီစွာဖြေကြားခဲ့ကြသည်။
လွတ်လပ်ရေးကြိုးပမ်းမှုတပ်ဦးဖြစ်သော
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး)အဖွဲ့ချုပ်က
လည်း တိုင်းရင်းသားခေါင်းဆောင်စုံ၊ တောင်တန်းဒေသစုံ ကိုယ်စားပြုသော ပင်လုံညီလာခံဖြစ်အောင်
မျိုးချစ် ရှမ်းလူငယ်များ၏ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့၊ အမြော်အမြင်ကြီး၍ နယ်ချဲ့သွေးခွဲမခံသော
စော်ဘွားကြီးများနှင့် ပူးပေါင်းကာ ပင်လုံညီလာခံကိုကျင်းပဦးဆောင်ခဲ့သည်။
ဗြိတိသျှအစိုးရ၏
တောင်တန်း ဒေသဆိုင်ရာ မဟာမင်းကြီး စတီဗင်ဆင်သာမက လန်ဒန်မှစေလွှတ်လိုက်သော ကိုလိုနီဆိုင်ရာ
အတွင်းဝန် ဘော့တွမ်(မ်)လေတို့ပါ ပင်လုံညီလာခံသို့လာရောက်၍ စော်ဘွားများကို သွေးခွဲကြသည်။
ပင်လုံညီလာခံကို ဗိုလ်ချုပ်တို့ လိုလားသည့် အတိုင်း ဖြစ်မလာစေရန် သွေးထိုးကြသည်။ ယင်းတို့၏
အောက်ဖော်ပြပါ ပြောကြားခဲ့သော စကားလုံးများကို ကြည့်ကြပါတော့၊ အများဆုံးပြောသူမှာ တောင်တန်း
ဒေသမင်းကြီး စတီဗင်ဆင်ဖြစ်သည်-
''အောင်ဆန်းဟာ
ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ဖွဲ့စည်းတဲ့ ကွန်မြူနစ်ဖြစ်တယ်။ ဗမာနဲ့ပေါင်းပြီး
လွတ်လပ်ရေးယူရင် သူတို့အစိုးရဖြစ်အောင် ရှမ်းပြည်နဲ့ တောင်တန်းဒေသအားလုံးကို အုပ်ချုပ်မယ်။
စော်ဘွား ဒူဝါတွေကို ဖြုတ်ပစ်မယ်။ သီးခြားလွတ်လပ်ရေးယူပြီး ဗြိတိသျှဓနသဟာယအဖွဲ့ထဲမှာ
(ခင်ဗျားတို့)နေရင် ဘေးကင်းတယ်။ လိုတဲ့အကူအညီ အားလုံးပေးမယ်။ အလို ရှိရင် ငွေသိန်းပေါင်းငါးဆယ်နဲ့
လက်နက်ငယ်တွေပေးထားမယ်။ ခင်ဗျားတို့ကို ရုတ်တရက်ဖြုတ်မချပေမယ့် ဗမာတွေရဲ့ အုပ်ချုပ်စိုးမိုးမှုအောက်မှာ
ဆယ်အိမ် ခေါင်းသာသာအဆင့် ရောက်သွားမယ်။ စိတ်ကူးမလွဲနဲ့၊ ဗမာနဲ့ပူးပေါင်းပြီး လွတ်လပ်ရေးယူရင်
မပြင်နိုင်တဲ့အမှားဖြစ်မှာပဲ''။
''ဗမာတွေက
ခင်ဗျားတို့ကိုလိုက်လျောလှချည်လား၊ ဒါလောက်လွယ်တာက အကြောင်းတစ်ခုတော့ရှိမယ်။ အရမ်းမလုပ်ဘဲ
စဉ်းစဉ်းစားစားလုပ်ကြရင် ကောင်းမယ်။ ဗိုလ်ချုပ်ရုပ်ကို ကြည့်ပါလား။ ဂျပန်စိတ် မပျောက်သေးဘူး။
တော်တော်ကြာ ခင်ဗျားတို့ဖက်ဆစ်လက်အောက် ရောက်သွားမှာပဲ''
လန်ဒန်မှလာသော
ဘော့တွမ်(မ်)လေက ''နိုင်ငံရေးကိစ္စနှင့်ပတ်သက်သော စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင်
အစစအရာရာ ဆင်ခြင်တိုင်းထွာပါ။ နောင်ရေးအတွက် ရှည်ရှည်ဝေးဝေးစဉ်းစားပါ။ စာတစ်ပိုဒ်၊
စကားတစ်လုံး လိုသွားပါက ချည်ပြီး၊ တုပ်ပြီး ဖြစ်နေတတ်သည်။ မလှုပ်မရှားနိုင်ဖြစ်ပြီး
နစ်နာ တတ်သည်''ဟု သွေးထိုးပြန်၏။
ထိုအခါ
ကချင်ကိုယ်စားလှယ် ဆမားဒူဝါဆင်ဝါးနောင်က ''ငါတို့ တိုင်းရင်းသား အချင်းချင်းအပေးအယူလုပ်ပြီး
ဆွေးနွေးရာမှာ ဘယ်ခွေးဝဲစားမှ နားထောင်နေစရာ မလိုဘူး''ဟု ဒေါသတကြီး ပြောပစ်လိုက်သည်။
၁၉၄၆
ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရှမ်းပြည်ရောက် ဗိုလ်ချုပ် အောင်ဆန်းသည် တောင်ကြီးမြို့
ဘောလုံးကွင်းအတွင်းကျင်းပသော မြို့လုံး ကျွတ်လူထုအစည်းအဝေးတွင် ရှမ်းပြည်ဒေသ၏ သဘာဝအလှအပတို့ကို
ခံစားရင်း ဤသို့မိန့်ကြားခဲ့ခြင်းဖြင့် တိုင်းရင်းသားများအပေါ်ထားရှိသော လွတ်လပ်ရေးစေတနာဆန္ဒကို
ဖော်ပြခဲ့သည်-
''အဲ
- အခုလို မိုးကောင်းကင်ပြာပြာနဲ့ တောင်တန်းပေါ်က ချယ်ရီပန်းတွေ ကလည်းပွင့်ဆိုတော့ ခင်ဗျားတို့
ရှမ်းပြည်ကို ဂျပန်ကလည်းကြိုက်တာပဲ၊ အင်္ဂလိပ်-အမေရိကန်ကလည်း ကြိုက်မှာပဲ။ ဘယ်သူဘာပဲပြောပြော
ကျုပ်တို့ ကတော့ တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင်ယူမယ်။ လွတ်လပ်ရေးပေးရင် ပေး၊ မပေးရင်ချမှာပဲ။
ခင်ဗျားတို့ကိုလည်း ကျုပ်တို့နဲ့အတူ လွတ်လပ်စေ ချင်တယ်''။
၁၉၄၇
ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ပင်လုံညီလာခံဆက်လက် ကျင်းပသည့်နေ့ ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည်
ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံရာ၌ ဗိုလ်ချုပ်က
ဤသို့ မိန့်ကြားခဲ့သည်-
''ကျုပ်တို့နဲ့တကွ
ဘိလပ်သွားကိုယ်စားလှယ်ကြီးများသည် ဘုရင်၏အမှုဆောင်ဝန်ကြီးများအဖြစ်ဖြင့် ဖိတ်ခေါ်ခြင်းခံရသည့်အလျောက်
တောင်တန်း နယ်များကို မြန်မာနိုင်ငံ အုပ်ချုပ်ရေးနယ်နိမိတ်အတွင်း သွတ်သွင်းထိုက် သည်ဟု
ဘုရင်ခံ၏ အမှုဆောင်ဝန်ကြီးများအဖြစ်(မိမိတို့) တိုက်တွန်းပြောဆို ခဲ့သည်။ ယခုအချိန်တွင်
တောင်တန်းနယ်များ၏ လွတ်လပ်ရေးသည် လွတ်လပ်ရေးကို လိုလားခဲ့သော်ရယူနိုင်သည့်အခြေသို့
ဆိုက်ရောက်နေ သဖြင့် လက်တွင်းသို့ ရောက်နေပြီဟုဆိုရမည်ဖြစ်သည်။
မလိုချင်ရင်လည်း
မယူဘဲနေနိုင်ပါသည်။ ယခု(ဗြိတိသျှ)ပါလီမန်မှ စေလွှတ်လိုက်သော ကိုယ်စား လှယ် မစ္စတာဘော့တွမ်(မ်)လေသည်
ထိုမေးခွန်းကို တောင်တန်းဒေသ ခေါင်းဆောင်များအား မေးမြန်းရန်ရောက်လာပြီဖြစ်သည်။ တောင်တန်းဒေသ
ပုဂ္ဂိုလ်များသည် အတိုင်ပင်ခံအဖွဲ့ဖြင့် အုပ်ချုပ်မှုကို လိုလားသလား၊ သို့မဟုတ် အခြားနည်းဖြင့်
အုပ်ချုပ်လိုသလားဟူ၍ ဆုံးဖြတ်ကြရမည်ဖြစ်သည်။ အတိုင် ပင်ခံအဖွဲ့ဖြင့် အုပ်ချုပ်သော နည်းမှာ
အသုံးမကျသောနည်းမျိုးသာဖြစ်သည်။
ဗမာလူမျိုးများနှင့် တောင်တန်းဒေသနေ အမျိုးသားများမှာ
ရင်းချာသော ညီအစ်ကိုမောင်နှမများဖြစ်သည့်အလျောက် ညီမျှသော အဆင့်အတန်းရရှိစေ မှုအတွက်
စေတနာထားပါသည်။ မိမိတို့နှင့်တန်းတူဖြစ်သော အုပ်ချုပ်ရေး မျိုးရရှိစေမှုအတွက် ဖဆပလသည်
မဲဆန္ဒရှင်များ၏များရာ အင်အားစုကို ဧကန်ရမည်မှာ သေချာနေသည်။ ထိုအခါ ဖဆပလသည် တောင်တန်းဒေသနေ
အမျိုးသား(တိုင်းရင်းသားများ)၏အကျိုးစီးပွားကို ကာကွယ်ပေးမည့် အက် ဥပဒေရေးဆွဲမည်ဖြစ်ပါသည်။''
ပင်လုံညီလာခံကို
ဦးစီးဦးကိုင်၊ သဘာပတိအဖြစ် စော်ဘွားအများစုက လေးစားကြရသော၊ ရှမ်းပြည်မြောက်ပိုင်း
နမ့်ဆန်၊ ပလောင်တောင်ပိုင် စော်ဘွားကြီး စဝ်ခွန် ပန်းစိန်က ဗိုလ်ချုပ်မိန့်ခွန်းပြောကြားပြီး
ဤကဲ့သို့တောင် တန်းဒေသများကိုယ်စား မိန့်ကြားခဲ့လေသည်-
''ဗိုလ်ချုပ်က
ရှင်းရှင်းနဲ့ဘွင်းဘွင်းကြီး ပြောဆိုသွားသဖြင့် ကျေးဇူး ဥပကာရ အထူးတင်ရှိပါသည်။ နိုင်ငံတို့သည်
လွတ်လပ်ရေးကို တမ်းတကြ သည်မှာလည်း ထူးခြားဆန်းပြားသော အလုပ်မျိုးမဟုတ်သည့်အလျောက် ဓမ္မတာအတိုင်း
မိမိတို့လည်း လွတ်လပ်ရေးကို လိုလားပါသည်။ တောင်တန်း ဒေသများက လွတ်လပ်ရေးကို လိုလားခဲ့သည်မှာ
အတော်ပင်ကြာခဲ့ပါပြီ။ အင်္ဂလိပ်များ လွှမ်းမိုးနေသည့်အတွက် ဘာကိုမှ မလုပ်မကိုင်နိုင်ခဲ့ကြပါ။
အင်္ဂလိပ်များ
ဖိနှိပ်နေသည့်အတွက် တိုးတက်မှုများကိုမလုပ်နိုင်အောင် ရှိခဲ့ပါသည်။ ကျွန်ုပ်တို့ အတိုင်ပင်ခံကောင်စီကိုလက်ခံမည်
မဟုတ်ပါခင်ဗျား''
တောင်ပိုင်စော်ဘွားကြီး၏
တောင်တန်းဒေသအားလုံး လွတ်လပ်လို သောဆန္ဒ တင်ပြချက်သည် ပင်လုံညီလာခံအောင်မြင်ရေး အခြေခံအကြောင်း
တရားဖြစ်သည်။ နယ်ချဲ့တို့ သွေးထိုး၊ ကလန့်နေသည့်ကြားမှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကြီးကို
တိုင်းရင်းသားစုံခေါင်းဆောင်များ လက်မှတ်ရေးထိုး ထုတ်ပြန်ကာ (၁)နယ်ချဲ့တို့အား တုန်လှုပ်သွားစေခဲ့သည်၊
(၂)တိုင်းရင်းသားစုံ သွေးစည်းညီညွတ်မှု မှတ်ကျောက်တင်ခဲ့သည်၊ (၃)လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော
မြန်မာပြည်ထောင်စုကြီးခမ်းနား ထည်ဝါစွာ မားမားမတ်မတ် ပေါ်ထွန်းရပ်တည်လာခဲ့သည်၊ (၄)စစ်မှန်သော
မျိုးချစ်စိတ်ဓာတ် (ဝါ) နိုင်ငံချစ်စိတ်ဓာတ် (ဝါ) ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်အားကောင်းလာစေခဲ့သည်။
၁၉၄၆
ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ရွှေတိဂုံအလယ်ပစ္စယံ)
စတုတ္ထနေ့တွင် ဗိုလ်ချုပ် အောင်ဆန်း မိန့်ကြားခဲ့သော အောက်ပါဝံသာနုရက္ခိတတရားသည် ပင်လုံ
ညီလာခံ၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် နောင်နှစ်စဉ်ကျင်းပသော ပြည်ထောင်စု နေ့များအတွက်
လမ်းညွှန်ချက်တစ်ရပ် ဖြစ်ခဲ့ပေသည်-
''လူမျိုးဆိုသည်မှာ
သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးကပ်ကပ်အကျိုးချင်း ထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ
တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထား ရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။
အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထား ရမည်ဖြစ်သော်လည်း
စင်စစ်မှာ အေးအတူ ပူအမျှ၊ ကောင်းတူဆိုးဖက်ပူးပေါင်းလျက် နေထိုင်လိုသော အစဉ်အလာဆန္ဒပေါ်တွင်
ဝံသာနုရက္ခိတ တရားသည် တည်နေပေသည်''
ဗိုလ်ချုပ်အောင်ဆန်းအား
လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်း ဆောင်၊ သားကောင်းအာဇာနည်အဖြစ် မြန်မာတို့က အသိအမှတ်ပြုကြသည်။
နယ်ချဲ့သမားက နိုင်ငံကို ပိုင်းစိတ်ခွဲခြားကန့်သတ်လိုသော မသမာလုပ်ရပ် ကို ပင်လုံညီလာခံ၊
ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓာတ်ဖြင့် လွတ်လပ်သော ပြည်ထောင်စုကြီးကို တိုင်းရင်းသားစည်းလုံးမှုဖြင့်
ဦးဆောင်တည်ဆောက် ခဲ့သည့် ပြည်ထောင်စု၏ ဖခင်ကြီးလည်းဖြစ်ပေသည်။ ယခုအခါ ဗိုလ်ချုပ်အကြောင်း
စာအုပ်ရာပေါင်းများစွာ ထုတ်ဝေထားကြသဖြင့် ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိကို အထူးမတင်ပြတော့ပါ။
-
ဗိုလ်ချုပ်သည် ပကတိရိုးသားဖြူစင် ဖြောင့်မတ်သည်။
-
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို နှစ်နှစ်ကာကာချစ်၍ ပြည်ထောင်စု ဝံသာနု ရက္ခိတ တရား(ဝါ)
တိုင်းရင်းသားစုံ မျိုးစောင့်တရားကို ရှင်သန်စေခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို
(နယ်ချဲ့သွေးခွဲမှုကြားမှ)ရအောင် တည်ဆောက်ရယူခဲ့သည်။
မြန်မာနိုင်ငံကို
ကျူးကျော် ကျွန်ပြု၊ ဖိနှိပ်ချုပ်ချယ်၊ နိုင်ငံပိုင်မြန်မာတို့၏ ဓနဥစ္စာ သဘာဝသယံဇာတ၊
ထွက်ကုန်မှန်သမျှ သိမ်းကျုံးနှိုက်ယူ ကုပ်သွေးစုပ်သောနယ်ချဲ့ကို အလွန်မုန်းတီးစက်ဆုပ်သော
နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးကို
ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ကျွန်နံ့ဟောင်နေသော ဒိုမီနီယံမျိုး မဖြစ်စေရ၊ Vassal ခေါ်
ကိုယ့်အစိုးရနှင့်ကိုယ် နေရသော်လည်း နိုင်ငံခြားတိုင်းပြည်တို့၏ သြဇာကို နာခံနေရသည့်
ကျွန်တစ်ပိုင်း ဟန်ပြလွတ်လပ်ရေးမျိုး မဖြစ်စေရ၊ ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာဖန်တီးနိုင်သော၊
အမှီအခိုကင်းသော လုံးဝလွတ်လပ်ရေးIndependence ကိုသာ မရမနေ အသက်စတေးပြီး ရအောင်ယူခဲ့သည်။
လွတ်လပ်လာမည့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဥပဒေပြုရေး၊ စီးပွားရေးတို့တွင်
နိုင်ငံခြားသား လွှမ်းမိုးခြင်း မရှိစေရ၊ ယုတ်စွအဆုံး နိုင်ငံခြားသားတစ်ဦး ခံစားရရှိနေသော
အကျိုးကျေးဇူးများကို တစ်ဆင့်ခံစားနေသူများပင် လွှတ်တော်အမတ်များ ဖြစ်မလာစေရဟူသော အမျိုးသားကာကွယ်ရေးမူကို
၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇၄ တွင် သူကိုယ်တိုင် ရေးသားထည့်သွင်းခဲ့သည်။
နိုင်ငံလူဦးရေ၏
လူများစုကြီးဖြစ်ပြီး ဆင်းရဲတွင်းနက်နေသော တောင်သူ လယ်သမား၊ အလုပ်သမား၊ ဆင်းရဲသားပြည်သူတိုင်း
အလုပ်လုပ်ခွင့်၊ မိမိတို့ လုပ်ကိုင်သော ကာယ၊ ဥာဏ၊ ဝီရိယ၊ စွမ်းအားအတိုင်း ခေါင်းပုံဖြတ်ခြင်းမရှိစေဘဲ
ဆင်းရဲတွင်းမှ လွတ်မြောက်စေမည့် ဆင်းရဲသားကောင်းစားရေးဝါဒ(ဗိုလ်ချုပ်မိန့်ခွန်းပါအသုံးအနှုန်း)
အရ ဆိုရှယ်လစ်ဇင် ခေါ် ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရန် သန္နိဋ္ဌာန်ချခဲ့သူဖြစ်သည်။
ပြည်ပ
သြဇာမခံ၊ ပြည်ပနယ်ချဲ့များကို ပြတ်သားစွာ ဆန့်ကျင်ပြီး မြန်မာ့လွတ်လပ်ရေးရယူပေးရင်း
နယ်ချဲ့လက်ပါးစေ (ဂဠုန်ဦးစောနှင့်အဖွဲ့)၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဗိုလ်ချုပ်သည်
ပြည်သူကိုယုံခဲ့သည်။
ထို့ကြောင့်
ပြည်သူ့ရန်သူ နယ်ချဲ့လက်ပါးစေတို့၏ လုပ်ကြံသည်ကို ခံလိုက်ရသည်။
ခရစ်နှစ်
ပြက္ခဒိန်၏ ပထမလ ဇန်နဝါရီ ၄ ရက်နေ့သည် မြန်မာတို့၏ အထွတ်အမြတ်လွတ်လပ်ရေးနေ့၊ ဒုတိယလ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာတိုင်းရင်းသားအားလုံး အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့
စုစည်းခဲ့သော မြန်မာ(ပြည်ထောင်စု)ကြီးတစ်ခုလုံး လွတ်လပ်ရေးကို ရယူရန် တိုင်းရင်းသားစုံ
သွေးစည်းသောနေ့၊ ပြည်ထောင်စုနေ့ထူးနေ့မြတ်ဖြစ်သည်။
ဖေဖော်ဝါရီလ
၁၃ ရက်နေ့သည်ကား လွတ်လပ်ရေးဗိသုကာ၊ ပြည်ထောင်စု ဗိသုကာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ကြိုးပမ်းတည်ဆောက်သူ အမျိုးသားခေါင်းဆောင်ကြီး အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့မင်္ဂလာ
ရက်မြတ်ဖြစ်သည်။ ယခု ၂ဝ၁၅ ခုနှစ်သည်ကား (၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့၊ (၆၈) နှစ်မြောက်
ပြည်ထောင်စုနေ့နှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း၊ သခင်အောင်ဆန်း
(ခေါ်) မောင်ထိန်လင်း၏ နှစ်(၁ဝဝ)ပြည့် မွေးနေ့ဖြစ်ပေသည်။ ဗိုလ်ချုပ်ကို မွေးဖွားပေးခဲ့သော
နတ်မောက်မှ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့ မိဘနှစ်ပါး၊ နယ်ချဲ့အင်္ဂလိပ်က ရာထူးပေးသည်ကို လက်မခံဘဲ
သူ့ကျွန်မခံ တွန်းလှန်တိုက်ခိုက်သဖြင့် အင်္ဂလိပ်တို့၏ ခေါင်းဖြတ်သတ်ခံခဲ့ရသည့် (ဗိုလ်ချုပ်အောင်ဆန်းကို
နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသားရေး ဇာတိမာန်၊ လွတ်လပ်ရေးစိတ်ဓာတ်၊ သူ့ကျွန်မခံ
စိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိအမွေပေးခဲ့သော)မင်းကြီး ရွှေလရောင်ဘွဲ့ခံ ဗိုလ်မင်း ရောင်တို့ကိုလည်း
မြန်မာ့သမိုင်းမှ မှတ်တမ်းပြု ကျေးဇူးတင်နေကြမည် ဖြစ်ပါသည်။
ဗိုလ်ချုပ်၏
တစ်သက်စွဲ လိုက်နာအပ်သော မိန့်ခွန်းကောက်နုတ်ချက်အချို့ တင်ပြရင်း၊ (၆၈) နှစ်မြောက်
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရင်း နှစ်(၁ဝဝ)ပြည့် မွေးနေ့ရှင် ဗိုလ်ချုပ်ကို ဂါရဝပြု ဦးခိုက်လိုက်ပါသည်-
''လွတ်လပ်ရေးဟာ
ပေးလို့ရတဲ့ ကိစ္စမျိုးမဟုတ်၊ ယူတတ်မှ၊ ယူနိုင်တဲ့ အင်အားရှိမှ တကယ်ရမှာပဲ။ ဒါကြောင့်
အခုတော့ဖြင့် လက်ငင်းလိုချင်တာတွေ အခြေခံရပြီ။ ရှေ့ဆက်ပြီး လွတ်လပ်တဲ့ နိုင်ငံထူထောင်ဖို့ဟာ
ဗြိတိသျှအစိုးရရဲ့ လက်ထဲမှာ မရှိဘဲနဲ့ ကျုပ်တို့တိုင်းသူပြည်သားတွေရဲ့ လက်ထဲမှာပဲရှိတယ်''
(၄-၂-၄၇ ရက်နေ့ အသံလွှင့်မိန့်ခွန်း)
''ကျွန်တော်တို့ဟာ
ဘယ်သူ့ကိုမှ နိုင်ငံရေးအတိုက်အခံသမားတွေကို နှိပ်စက်ညှဉ်းပန်းခြင်းမလုပ်ဘူး။ သို့သော်လည်း
ဒီစည်းကမ်းချက်တွေက လွန်လာပြီးတော့ ကိုးရိုးကားရား တိုင်းပြည်အချိန်မဲ့အောင်လုပ်ရင်
ဒါ...ကျွန်တော်တို့ ကြည့်မနေနိုင်ဘူး။ ကျွန်တော်တို့အဖွဲ့က အတိုက်အခံသမား တွေကို တရားသဖြင့်
လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆူပူခွင့် အဲဒီ အခွင့်အရေးပေးတာကို အသာယူပြီး
မတရားလုပ်ရင်တော့ ကျွန်တော်တို့ သေသေချာချာချရမှာပဲဆိုတာ ကျွန်တော်ပြောချင်တယ်''။
''ကျွန်တော်တို့
ဖဆပလအစိုးရကို အသရေပျက်မှုဖြစ်စေတဲ့ စကားမျိုးက လွဲလို့ရှိရင် ဟုတ်တာ မဟုတ်တာ အပထားလို့
တရားဥပဒေအတွင်းမှာ ခင်ဗျားတို့က ကျွန်တော်တို့ကို ဆဲချင်သလို ဆဲနိုင်တယ်။ ဝေဖန်ချင်သလို
ဝေဖန် နိုင်တယ်။ မှန်မှန် မမှန်မှန် သို့သော်လည်း တရားဥပဒေက လွန်မြောက် (ကျော်လွန်ဆန့်ကျင်)လာတဲ့
ကိစ္စမျိုးဆိုရင် သည်းခံပြီး မနေနိုင်ဘူး။ နောက်ပြီးတော့ကာ ရထားတဲ့အာဏာကို ခင်ဗျားတို့လက်ထဲ
ပြန်ရောက် အောင် ပရိယာယ်မျိုးတွေကို လုပ်ရင်တော့ ချရဦးမှာပဲဆိုတာ ကျွန်တော် ပြောချင်တယ်။
အဲဒီတော့ အတိုက်အခံသမားတွေကို ကျွန်တော် တိတိလင်းလင်းပြောချင်တာက ညစ်ပတ်မယ်လို့တော့
မကြံကြပါနဲ့။
တရားသဖြင့်
ကျွန်တော်တို့လက်က အာဏာကိုလုနိုင်တဲ့ နည်းလမ်းအမျိုးမျိုးကို တွေ့ပြီးတော့ လုနိုင်ရင်လု၊
ယူနိုင်ရင်ယူ ကျွန်တော်တို့ အခွင့်အရေးပေးမယ်။ သို့သော်လည်း ညစ်ပတ်တယ်ဆိုပြီးတော့ တိုင်းပြည်မှောက်မှားအောင်
မတရားတာတွေကို လျှောက်ပြီးလုပ်နေမယ်၊ လူတွေကို အရမ်းမဲ့ သပုပ်လေလွင့် အကြည်ညိုပျက်အောင်၊
အသရေပျက်အောင် လုပ်မယ်ဆိုလို့ရှိရင် တော့ဖြင့် ကျွန်တော်တို့ သည်းခံပြီး မနေဘူးဆိုတာ
တိတိလင်းလင်း ပြောချင်တယ်''။
''နောက်ပြီးသတင်းစာတွေကို
ကျွန်တော်ပြောချင်တယ်။ သတင်းစာ တွေဟာ ဒီအစိုးရလက်ထက်နဲ့ အရင်တုန်းက တခြားအစိုးရလက်ထက်ကို
သေသေချာချာ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လို အစိုးရဆိုတာလည်း အထူးပြောနေစရာမလိုပါဘူး။
အဲဒီတော့ကာ ကျွန်တော် တို့ကို ထောက်ခံအားပေးချင်တဲ့ သတင်းစာတွေလည်း အားပေးချင်ရင် အားပေးကြ၊
ဒီလိုမဟုတ်လို့ ကျွန်တော်တို့ကို ဝေဖန်ပြီးတော့ အတိုက်အခံ လုပ်ချင်ကြတဲ့ သတင်းစာတွေဆိုရင်လည်း
သဘောအတိုင်းပဲ။ ဒီလိုမှ မဟုတ်လို့ ကျွန်တော်တစ်ခါတုန်းကပြောလို့ အင်မတန်ပဲ မကျေမနပ်ဖြစ်တာ
လိုပဲ၊ ''ဆိတ်လစိ''လုပ်ချင်ကြတဲ့ သတင်းစာတွေလည်း လုပ်ချင်လုပ်ကြပါ။
သို့သော်
တစ်ဦးနဲ့တစ်ဦး အကြည်ညိုပျက်စေတဲ့ စကားမျိုး၊ တိုင်းပြည်ဆူပူ အောင် လှုပ်ရှားအောင်
လှုံ့ဆော်တဲ့ စကားမျိုး၊ ဖက်ဆစ်အစီအမံလို လုံးဝ တစ်ခါတည်း လိမ်လည်လှည့်ဖြားရေးသားတဲ့
အရေးအသားမျိုးဆိုရင် ကျွန်တော်သည်းခံမှာ မဟုတ်ဘူးဆိုတာ တိတိလင်းလင်းပဲ သတိပေးပါရစေ။''
(၁၇-၄-၄၇ နေ့ နှစ်သစ်ကူး မိန့်ခွန်းမှ)
ဗိုလ်ချုပ်ကို
နိုင်ငံရေးအမြတ်ထုတ် အသုံးချရုံ မချကြဘဲ ဗိုလ်ချုပ်၏စိတ်ဓာတ်၊ ဗိုလ်ချုပ်လမ်းစဉ်၊ ဗိုလ်ချုပ်ရိုးသားမှုမျိုးကို
ထက်ကြပ်မကွာ ခြေရာ နင်း အမွေခံထိုက်ကြစေကုန်သောဝ်။ ။
တက္ကသိုလ်မြတ်သူ

No comments:
Post a Comment