Home

Saturday, February 10, 2018

၂၀၁၈ ခုနှစ်၊ အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အာရှ စက်ဘီး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသော ၂၀၁၈ခုနှစ်၊ အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်း စက်ဘီးပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲ ပွဲစဉ်များအား ယနေ့နံနက် (၈)နာရီတွင် စတင်ကျင်းပရာ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အာရှစက်ဘီးအဖွဲ့ချူပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ပထမပွဲစဉ်အဖြစ်  Individual Men Elite (၄၂) ကီလိုမီတာပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင် နိုင်ငံများမှ အားကစားသမား(၁၅)ဦးသည်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှ  စတင်တာလွှတ်ပြီး ဝဏ္ဏ သိဒ္ဓိအဝိုင်းမှ လွှတ်တော်လမ်းကြောင်း၊ ထိုမှတစ်ဆင့် ကြာပန်းအဝိုင်းမှ ရာဇသင်္ဂဟ လမ်းကြောင်း၊ အင်ကြင်းပန်း အဝိုင်းထိလည်းကောင်း ထိုမှပြန်လှည့်၍ မင်းသီဟ လမ်းကြောင်းမှ တဆင့် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းသို့ ပန်းဝင်စေခဲ့သည်။ ပြိုင်ပွဲတွင် ဟောင်ကောင်နိုင်ငံ အားကစားသမားမှ စံချိန် (၄၉)မိနစ် (၅၃)စက္ကန့်ဖြင့် ပထမ၊ ကိုရီးယားနိုင်ငံ အားကစားသမားမှ စံချိန် (၄၉)မိနစ် (၅၆) စက္ကန့်ဖြင့် ဒုတိယ၊ အီရန်နိုင်ငံ အားကစားသမားမှ စံချိန်(၅၀) မိနစ်(၅၂)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း  ဆွတ်ခူး ရရှိခဲ့သည်။
ဒုတိယပွဲစဉ်အဖြစ် Individual Men Junior (၁၀၆)ကီလိုမီတာပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင် နိုင်ငံများမှ အားကစားသမား (၄၆)ဦးသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှ  စတင်တာ လွှတ်ပြီး သပြေကုန်း အဝိုင်း၊ ကံ့ကော် အဝိုင်းထိုမှတဆင့် လေဆိပ်၊ ရာဇသင်္ဂလမ်းအတိုင်းမှ အင်ကြင်း ပန်းအဝိုင်း၊ မင်္ဂလာအဝိုင်း၊ ခွာညိုပန်းအဝိုင်းမှ ကြာပန်းအဝိုင်း ၊ ဝဏ္ဏသိဒ္ဓိ အဝိုင်းမှ တဆင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ပန်းဝင်စေခဲ့ပါသည်။ ပြိုင်ပွဲတွင် ဂျပန်နိုင်ငံ အားကစားသမားမှ စံချိန်(၂)နာရီ (၃၂.၃၈)စက္ကန့်ဖြင့် ပထမ၊ ဖိလစ်ပိုင်နိုင်ငံ အားကစားသမားမှ စံချိန်(၂)နာရီ (၃၂.၄၉)စက္ကန့်ဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံ အားကစားသမားမှ စံချိန်(၂)နာရီ (၃၃.၀၁)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။
မွန်းလွဲပိုင်းပွဲစဉ်အဖြစ် Individual Women Junior (၇၀) ကီလိုမီတာပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင် နိုင်ငံများမှ အားကစားသမား(၂၇)ဦးသည်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှ  စတင်တာ လွှတ်ပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ညိုကားလမ်းအတိုင်း သပြေကုန်းအဝိုင်းထိ လည်းကောင်း၊ ထိုမှတဆင့် ရာဇသင်္ဂဟလမ်း အတိုင်း ပျဉ်းမနား၊ တပ်ကုန်းအမှတ်(၁)လမ်းအတိုင်း ဗုဒ္ဓဂါယာအထိလည်းကောင်း၊ ထိုမှပြန်လှည့်၍ တပ်ကုန်း၊ ပျဉ်းမနားလမ်း အမှတ်(၁)မှ အင်ကြင်းပန်း အဝိုင်းမှတဆင့် ရာဇဌာနီလမ်းမှ ဇေယျအောင် မြေလမ်းအတိုင်း ဝဏ္ဏသိဒ္ဓိအဝိုင်း တို့မှတဆင့် ပျဉ်းမနား၊ တောင်ညိုလမ်းသို့ ပန်းဝင်စေခဲ့ သည်။ ပြိုင်ပွဲတွင် ဟောင်ကောင်နိုင်ငံ အားကစားသမားမှ စံချိန် (၁)နာရီ (၅၉)မိနစ် (၄၀)စက္ကန့်ဖြင့် ပထမဆုကိုလည်းကောင်း၊ ဂျပန်နိုင်ငံ အားကစားသမားမှ စံချိန် (၁)နာရီ (၅၉)မိနစ် (၄၀)စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ ကာဇက်စတန် နိုင်ငံ အားကစားသမားမှ စံချိန် (၁)နာရီ (၅၉)မိနစ် (၄၀)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း ဆွတ်ခူး ရရှိသွားသည်။
ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရရှိသောနိုင်ငံများအား အားကစားနှင့် ကာယပညာ ဦးစီးဌာနတာဝန်ရှိသူများ၊ အာရှစက်ဘီးအဖွဲ့ချုပ်အထွေထွေ အတွင်း ရေးမှူး Mr.Onkar Singh မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်း၊ ဂျော်ဒန်နိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ Dr. Kalar ၊ Techanical Delegate မစ္စတာဟာရာရီ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌများမှ ဆုများချီးမြှင့်သည်။
၂၀၁၈ခုနှစ်၊ အာရှတာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲသို့ အိမ်ရှင်မြန်မာ အပါအဝင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ပောဒီးယား၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ အီရန်၊ U.A.E ၊ ဘာရိန်း၊ မွန်ဂိုလီးယား၊ ဂျော်ဒန်၊ တာဂျစ်စတန်၊ ကာဇက်စတန်၊ မကာအို နှင့်ဆီးရီးယားနိုင်ငံ တို့မှ စုစုပေါင်းပြိုင်ပွဲဝင် ကစားသမား (၄၁၅) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၂ ရက် အထိ ဝဏ္ဏသိဒ္ဓိ စက်ဘီးကွင်းတွင် နေ့စဉ်နံနက် (၈)နာရီမှ စတင်တာ လွှတ်ကစား မည်ဖြစ်ပါသဖြင့် စက်ဘီး အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment