Home

Friday, March 4, 2016

အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးနှင့် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး ဆွေးနွေး



နေပြည်တော် မတ် ၎

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၂ ရက်မှ ၃ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ စီးပွား ရေးဝန်ကြီးများနှင့် အီးယူကုန်သွယ်မှု ကော်မရှင်အစည်းအဝေး နှင့် ဆက်စပ် အစည်း အဝေးများသို့ တက်ရောက်သည်။


အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ စီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန် ရှိသူများ၊ အီးယူကုန်သွယ်မှု ကော်မရှင်နာနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် မတ် ၂ ရက် ည ၇ နာရီ မိနစ် ၂၀ တွင် အာဆီယံ စီးပွား ရေးဝန်ကြီးများ၏ အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင်  အာဆီယံ စီးပွားရေးအသိုက်အဝန်း ၂၀၁၅ တည်ထောင်နိုင်မှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ်များ၊ ၂၀၁၆ ခုနှစ်တွင် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းပုံစံ ၂၀၂၅ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များမှ  သတ်မှတ် ထားသည့် အချိန်အတွင်း လုပ်ငန်းအစီအစဉ် ရေးဆွဲရေး ကိစ္စရပ်များ၊ Trans-Pacific Partnership (TPP) အဖွဲ့ဝင် အာဆီယံနိုင်ငံများ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံစီးပွားရေးဝန်ကြီးများ၏ အမေရိကန်ခရီးစဉ်အတွင်း ကျင်းပခဲ့သည့် အာဆီယံ-အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲကောင်စီ (ASEAN-US TIFA Joint Council Meeting) အစည်းအဝေးရလဒ်တို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မတ် ၃ ရက်တွင် (၂၂) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးကို ကျင်းပရာ အာဆီယံအလှည့်ကျဥက္ကဌ  တာဝန်ယူသည့် လာအို ပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံက ၂၀၁၆ ခုနှစ်တွင် ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် (၈) ရပ်ကို ဆွေးနွေးအတည်ပြုခြင်းနှင့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာစေရေးအတွက် အဖွဲ့ဝင်နိုင်ငံ များအကြား ဆွေးနွေးညှိနှိုင်းမှုများ ထိရောက်မှုရှိစေရန် တွေ့ဆုံဆွေးနွေးမည့် ယန္တရားပုံစံအပေါ် လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။        

ထို့နောက် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ၏ အေအီးစီ ၂၀၂၅ အကောင် အထည်ဖော်မှုအတွက် ထောက်ခံ အကြံပြုချက်များ၊ ပြည်သူဗဟိုပြု ကဏ္ဍများအတွက် ချဉ်းကပ် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ၂၀၁၆ ခုနှစ် လာအိုနိုင်ငံ၏ ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် (၈) ရပ်အား ထောက်ခံအားပေးမှုတို့အပေါ် အာဆီယံစီးပွားရေး ဝန်ကြီးများမှ ဆွေးနွေး အကြံပြုကြသည်။

ဆက်လက်၍ နေ့လည်ပိုင်းတွင် (၁၄) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့် အီးယူ ကုန်သွယ်မှု ကော်မရှင် အစည်းအဝေးကို ကျင်းပရာ အာဆီယံ-အီးယူ စီးပွားရေး ကောင်စီ၏ လုပ်ငန်းတိုးတက်မှုများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ် (၂၀၁၅-၂၀၁၆) အကောင်အထည်ဖော်မှု အခြေအနေများ အတည်ပြုခြင်း၊ အာဆီယံ ဒေသတွင်း ပေါင်းစည်းမှုအတွက် အီးယူမှ ထောက်ပံ့လျက်ရှိသည့် အစီအစဉ်များ၊ အာဆီယံ-အီးယူ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအား လေ့လာ ဆန်းစစ်မှု ပြုလုပ်ခြင်း၊ ဒိုဟာဖွံ့ဖြိုးမှု အစီအစဉ်၏ ကျန်ရှိနေသည့် ကိစ္စများနှင့် အခြားနယ်ပယ်များတွင် နည်းလမ်း သစ်များဖြင့် ညှိနှိုင်းဖော်ထုတ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် (၁၄) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ နှင့် အီးယူ ကုန်သွယ်မှုကော်မရှင်  အစည်းအဝေး၏ ပူးတွဲသတင်း ထုတ်ပြန် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။      

No comments:

Post a Comment