Home

Thursday, April 2, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း Myanmar Software Showcase 2015 ဖွင့်ပွဲတက်ရောက်


နေပြည်တော် ဧပြီ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန အမှတ်(၂)၌ကျင်းပသည့် Myanmar Software Showcase 2015 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။


ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လူငယ်လေးများ၏ တီထွင် ဖန်တီးမှုများနှင့် ICT ကုမ္ပဏီများ၏ ထုတ်ကုန် Software များကို ခင်းကျင်းပြသထားသည့် Myanmar Software Showcase 2015 သည် မြန်မာ နိုင်ငံ၏ IT Industry ဖွံ့ဖြိုးမှုကို အရှိန်အဟုန်ဖြင့် ရွေ့လျား နိုင်စေရန် စတင်တွန်းအား ပေးလိုက်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေး ကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အသင်းများ၏ စုစည်းကြိုးပမ်းမှု ပြယုဂ် လည်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံများနှင့်အမှီလိုက်နိုင်ရန် လုပ်ဆောင် ကြရာတွင် ICT ပညာကို ထိရောက်စွာ အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် တိုးတက်သည့် နိုင်ငံအားလုံးတွင် သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍက ထိပ်ဆုံးတွင်ရှိနေပြီး ITU မှထုတ်ပြန်သည့် အချက်အလက်များအရ Telecommunication နှင့် ICT Industry  ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးတိုးတက်စေရန်၊ ဂျီဒီပီ တိုးတက်စေရန် များစွာအထောက်အကူပေးနိုင်ပြီး Broadband penetration ၁၀ ရာခိုင်နှုန်း တိုးတက်မှု သည် GDP per Capital ကို ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်စေသည်ဟုလည်း သိရှိရ ပါကြောင်း။
ကမ္ဘာဘဏ်၏ တိုင်းပြည် (၁၂၀) အပေါ် သုတေသနပြုချက်များအရ Mobile penetration ၁၀ ရာခိုင်နှုန်း တိုးတက် လာတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုကို   ၀ ဒသမ ၈ တိုးတက်စေပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၀ ဒသမ ၆၀ တိုးတက်လာစေသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် ICT ကို အသုံးမချနိုင်လျှင် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှုကို မရနိုင်ကြောင်းကို လက်ခံလာကြပြီဖြစ်ပါကြောင်း။
ICT ကို အစိုးရဌာနများတွင် အသုံးချမှု၊ စီးပွားရေုးလုပ်ငန်းများတွင် အသုံးချမှုနှင့် နိုင်ငံသားများမှ အသုံးချ မှု(၃)ပိုင်း ခွဲခြားနိုင်ပါကြောင်း၊ ယင်းကဏ္ဍ(၃)ခုတွင် ICT အသုံးပြု ခြင်းအားဖြင့် ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ပါကြောင်း။
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ရရှိစေရန် အတွက် ICT မဖြစ်မနေ အသုံးပြုရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရအသုံးစရိတ်များကို ICT Industry တစ်ခု ဖွံ့ဖြိုးတိုး တက်လာခြင်း အားဖြင့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေမှာဖြစ်ပါကြောင်း။
စီးပွားရေးလုပ်ငန်းများမှ အထိုက်အလျောက် ICT အသုံးချမှုရှိနေပြီး အထူးသဖြင့် ဘဏ်လုပ်ငန်း၊ အာမခံ လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ကုန်တိုက်ကြီးများ၊ ဆေးရုံများတွင် ICT အသုံးပြုမှု ပိုမိုများပြား လာသည်ကို တွေ့ရပါကြောင်း၊ ကျန်သည့်လုပ်ငန်းများတွင်လည်း ICT အသုံးချမှု ယခုထက်ပိုမိုတိုးတက် လာစေရေး မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
နိုင်ငံသားများ၏ ICT အသုံးချမှုအပိုင်းတွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ICT အသုံးချမှု၊ ICT ပညာတတ် မြောက်မှု များကို မြှင့်တင်ဆောင်ရွက်သွားခြင်းအားဖြင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများတွင် ငွေကြေးနှင့်အချိန်ကို သက်သက် သာသာနှင့် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း။
မြို့ကြီးပြကြီးနေ ပြည်သူများနှင့်၊ ကျေးလက်နေပြည်သူများပါ အသုံးပြုနိုင်ရန် အတွက် မြန်မာစာနှင့်အ သုံးပြုနိုင်မည့် Application များကို ဦးစားပေးတီထွင် ရေးသားကြရန်လည်း လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ မြန်မာစာသုံး Application များ ရေးသားနိုင်ရန် ပြည့်စုံကောင်းမွန်သည့် မြန်မာစာ`စံ´စနစ် ဖြစ်ပေါ် လာစေ ရေး ကိုလည်း အထူးကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်ဘက်မှလည်း လိုအပ် သည့်ပံ့ ပိုးမှုများကို ကူညီသွားရမည်ဖြစ်ပါကြောင်း။
အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စရိတ်သက်သာစွာဖြင့် ဆောင်ရွက် နိုင်ရန်၊ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ရတနာပုံဆိုင်ဘာစီးတီးတစ်ခု ထူထောင်ပေးသကဲ့သို့ အိုင်တီလုပ်ငန်းအများဆုံး စုဝေးတည် ရှိနေသော ရန်ကုန်မြို့အနီးပတ်ဝန်းကျင်တွင်လည်း အခြေခံအဆောက်အအုံများ ပြည့်စုံမှုရှိနိုင်သည့်နေရာကို ရွေးချယ်၍ ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ Sillicom  Valley ဟု တင်စားခေါ်ဆိုနိုင်မည့် ဆိုင်ဘာစီးတီးတစ်ခု အကောင်အထည်ပေါ် လာရန် လိုအပ်သည့်ကူညီပံ့ပိုးမှုများကို အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တွေ့ကြုံ ရမည့်အခက်အခဲများကို IT ပညာရှင်၊ လုပ်ငန်းရှင်များနှင့်အတူ လက်တွဲပူးပေါင်းဖြေရှင်း ပေးသွားရမည်ဖြစ်ပါကြောင်း။
ယခုပြပွဲအခမ်းအနားသည် IT  Industry ၏ စည်းလုံးညီညွတ်မှု၊ မြန်မာလူငယ်လေး များ၏ တီထွင်နိုင်မှုနှင့် စွမ်းရည်ကို သက်သေထူပေးသည့် ပွဲတစ်ပွဲဖြစ်ပါကြောင်း။           လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရန် လက်ရှိ ကွန်ပျူတာတက္ကသိုလ် (၂၄)ခု၊ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်(၂)ခုနှင့် နည်းပညာတက္ကသိုလ်များမှ နှစ်စဉ်ကျောင်း သား(၂၈၀၀)ခန့်ကို မွေးထုတ်နေပြီး ရန်ကုန်တက္ကသိုလ်နှင့် ပုဂ္ဂလိက သင်တန်းကျောင်းများ မှလည်း မွေးထုတ်ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဤဘွဲ့ရ ကျောင်းဆင်းများအားလုံး IT လုပ်ငန်းခွင်သို့ ၀င်ရောက်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ၊ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများ ထူထောင်ပေး နေသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် အသင်းများ၊ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနေသည့် သိပံ္ပနှင့်နည်း ပညာဝန်ကြီး ဌာနနှင့် အခြားသော တက္ကသိုလ်များ၊ ICT အသုံးပြုသူ လုပ်ငန်းရှင်များပါဝင်သည့် အဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ Master  Plan ကို စနစ်တကျရေးဆွဲပြီး တစ်ညီတစ်ညွတ်တည်း အကောင်အထည်ဖော်ကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ကြရာတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က အဓိကနေရာမှ ပါဝင်လှုပ်ရှား ဆောင်ရွက်သွားရမည်ဖြစ်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် အိုင်စီတီ လုပ်ငန်းများ တိုးတက်လာစေရေး ဆိုင်ဘာစီးတီးတစ်ခု ပေါ်ပေါက်လာရန်၊ ပြည့်စုံသည့် မြန်မာစာ`စံ´စနစ် ပေါ်ပေါက်လာရန်၊ e-Village ပရောဂျက်ကဲ့သို့သော ကျေးလက်ဒေသမှ ပြည်သူများအိုင်စီတီအရေးပါပုံ နားလည်သဘောပေါက်လာရန်၊ စွန့်ဦးတီထွင်မြန်မာ အိုင်စီတီလူငယ်များကို ပျိုးထောင်ပေးသည့်လုပ်ငန်းများကို ယခု ထက်မက ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားပါရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကား ပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဆက်သွယ်ရေး နှင့် သတင်းအချက် အလက် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးတို့က ပြပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက Myanmar Software Showcase 2015 ပြပွဲကို မြန်မာစစ်သူကြီးဂိမ်းပုရပိုက်တွင် အမှတ်တရစာသားရေးထိုး ဖွင့်လှစ် ပေးသည်။
ယင်းနောက် Myanmar Software Showcase 2015 ပြပွဲအထိမ်းအမှတ်  အနာဂတ်လူသား သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်တက်ရောက်လာကြသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန အတွင်းခင်းကျင်းပြသထားသည့် အသင့် သုံးဆော့ဝဲလ်များ၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် သင်တန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
Myanmar Software Showcase 2015 ပြပွဲသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်ရှိ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူ ၄၀၀ ခန့် တက်ရောက် လေ့လာခဲ့ပြီး မြန်မာနိုင်ငံ ကွန်ပျုတာ အသင်းချုပ်မှ ကြီးမှူးကျင်းပသည့် Myanmar Software Showcase Forum များသို့ ပါဝင်တက်ရောက်၍ သိရှိလို သည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ ပြပွဲ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၏ အသုံးချ ကွန်ပျုတာဆော့ဝဲလ်ဆိုင်ရာ နည်းပညာပြခန်းများ၊ မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်နှင့် ဆော့ဝဲလ်နည်းပညာဆိုင်ရာ အိုင်တီပြခန်းများ၌ ကြည့်ရှုလေ့လာကြသူများဖြင့် အထူး စည်ကားလျက်ရှိသည်။ 

No comments:

Post a Comment