Home

Thursday, April 2, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံရှိ အန်းကောဝပ် ဘုရားကျောင်းအား လှည့်လည်ကြည့်ရှုလေ့လာ


ဖနွမ်းပင် ဧပြီ ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘော ဒီးယားနိုင်ငံ ၀န်ကြီးချုပ်ရုံးတည်ရှိရာ ငြိမ်းချမ်းရေးနန်းတော်သို့ သွားရောက်ကာ ၀န်ကြီးချုပ် ဆမ်ဒက် ဟွန်ဆင်နှင့် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဦးမော်သာထွေး၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘော ဒီးယားနိုင်ငံမှ ပို့ဆောင် ရေးဝန်ကြီး၊ စက်မှုဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး၊ ၀န်ကြီးချုပ်ရုံးဝန်ကြီး၊ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး၊ ၀န်ကြီးချုပ်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် နှစ်နိုင်ငံပူးတွဲကော်မရှင်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ (စီအယ်လ်အမ်ဗွီ)နှင့် ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်ခ်မက်စ်)ကဲ့သို့သော ယန္တရားများမှ တစ်ဆင့် ဆန်စပါး ကုန်သွယ်မှု ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ စသည့်ကဏ္ဍ အသီးသီး၌ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ များတွင် အပြန်အလှန် ထောက်ခံ မှုပြုရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်းသာမက လွှတ်တော်များနှင့် တပ်မတော်များကြားတွင်ပါ ပူးပေါင်း ဆောင် ရွက်မှုများ ဆက်လက် တိုးမြှင့်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးဦးဆောင်သောအဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဖနွမ်းပင် လေဆိပ်မှ ကမ္ဘောဒီးယားလေကြောင်းလိုင်းဖြင့် ဆီယမ်ရိမြို့ ဆီယမ်ရိလေဆိပ်သို့ရောက်ရှိရာ ဆီယမ် ရိပြည် နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
 မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးဦးဆောင်သော အဖွဲ့သည် အန်းကောဝပ် ဘုရားကျောင်းသို့ ရောက်ရှိပြီး လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။

အန်းကောဝပ်ဘုရားကျောင်းသည် အရှေ့တောင်အာရှဒေသ၏ ရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ အနက် အရေးပါဆုံးဒေသတစ်ခုဖြစ်ကာ အကျယ် အ၀န်းအားဖြင့် စတုရန်း ကီလိုမီတာပေါင်း ၄၀၀ ကျော် ကျယ်ပြန့်သည်။ အေဒီ ၉ ရာစုမှ ၁၅ ရာစုအတွင်း ပေါ်ပေါက်ခဲ့သည့် ခမာယဉ်ကျေးမှု၏ ထူးခြားထင်ရှားသော အမွေအနှစ်များကို တစ်စုတစ်စည်းတည်း တွေ့ရှိနိုင်သည့် နေရာလည်းဖြစ်သည်။ ခမာယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ယူနက်စကိုအဖွဲ့အနေဖြင့် ကျယ်ပြန့်သော အစီအစဉ်များချမှတ်ကာ The German Conservation Project (GACP) အပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံက ပူးပေါင်း ထိန်းသိမ်း လျက်ရှိသည်။ ထို့ပြင် ၁၉၉၅ ခုနှစ်တွင် ထူထောင်သော အန်းကော World Heritage Site ကလည်း ရန်ပုံငွေများ ထူထောင်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ တိုးမြှင့်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment